စစ်ဘက်ဆိုင်ရာ ဂြိုဟ်တုဆက်သွယ်ရေးကို တခေတ်ပြောင်းမည့် လေဆာဆက်သွယ်ရေး နည်းပညာ

Knowledge Military

စစ်ဘက်ဆိုင်ရာ ဂြိုဟ်တုများဟာ လက်ရှိ အခြေအနေအထိ ရေဒီယိုလှိုင်း ဆက်သွယ်မှုကို အဓိကထား သုံးစွဲနေတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ကတော့ စစ်ဘက်ဆိုင်ရာ ဂြိုဟ်တုနှစ်လုံးဟာ လေဆာကို အသုံးပြုပြီး ဆက်သွယ်မှု ပြုလုပ်ခြင်းကို စမ်းသပ် သရုပ်ပြနိုင်ခဲ့ပါတယ်။

ဒီလို အောင်မြင်ခဲ့တာကို အဆိုပါ နည်းပညာ ဖန်တီးထားတဲ့ ကုမ္ပဏီက ၂၀၂၂ ခုနှစ် မေလ ၁၇ ရက်နေ့မှာ ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။

အာကာသ နည်းပညာများဟာ တိုးတက်လာပြီး အရပ်ဘက်သုံး ဂြိုဟ်တုများစွာဟာ ကမ္ဘာ့ပတ်လမ်းထဲကို ရောက်ရှိနေသည့်တိုင် ဆက်သွယ်ရေး စနစ်ကတော့ ဆယ်စုနှစ် ၆ ခုလောက် ကြာတဲ့အထိ ပြောင်းလဲလာခြင်း မရှိပါဘူး။

ဆက်သွယ်ရေးဆိုင်ရာ အမြန်နှုန်းတွေတော့ တိုးတက်လာပေမယ့် ဂြိုဟ်တုတွေ တလုံးနှင့် တလုံးကို ဆက်သွယ်ဖို့ကိုတော့ မြေပြင် အခြေစိုက်စခန်းကတဆင့် ဆက်သွယ်နေရတာပါ။

ဆိုလိုတာကတော့ မြေပြင် အခြေစိုက်စခန်းကို ကြားခံအဖြစ် အသုံးပြုပြီးမှသာ ဂြိုဟ်တု တလုံးနှင့် တလုံး ဆက်သွယ်နိုင်တာပါ။

မိုင်အနည်းငယ်သာ ဝေးတဲ့ ဂြိုဟ်တု ၂ လုံးဟာ တလုံးနှင့် တလုံး ဆက်သွယ်နိုင်ဖို့ မြေပြင် အခြေစိုက် စခန်းအပေါ် မူတည်နေရတယ်ဆိုတာ ဖြစ်သင့်တဲ့ အရာတော့ မဟုတ်ပါဘူး။

ဗာဂျီးနီးယားပြည်နယ် အခြေစိုက် CACI international ဟာ ဒီလို အခက်အခဲကို ဖြေရှင်းပြီး ဂြိုဟ်တု တလုံးနှင့် တလုံး ကြားခံမလိုဘဲ ဆက်သွယ်နိုင်သည့် inter-satellite link တခုကို အောင်မြင်စွာ သရုပ်ပြနိုင်ခဲ့ပါပြီ။

လေဆာနှင့် ဆက်သွယ်ခြင်း

ကုမ္ပဏီအဆိုအရ ၎င်း၏ နည်းပညာဟာ ရှုပ်ထွေးမှု နည်းပြီး အရွယ်အစားနှင့် အလေးချိန် သေးငယ်ကာ စွမ်းအင် လိုအပ်မှု နည်းပါးတယ်လို့ ပြောပါတယ်။

ဒါ့ကြောင့် ဂြိုဟ်တုမှ ဂြိုဟ်တု သို့မဟုတ် ဂြိုဟ်တုမှ ကမ္ဘာသို့ ချိတ်ဆက်မှုများကို ကုန်ကျစရိတ်သက်သာစွာဖြင့် လုပ်ဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။

အဆင့်မြင့်ကာကွယ်ရေး သုတေသန စီမံကိန်း အေဂျင်စီ DARPA နှင့် အာကာသ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ SDA တို့ နှင့် ပူးပေါင်းကာ CACI ဟာ ဂြိုဟ်တု ၂ လုံးကို လွှတ်တင်ခဲ့ပါတယ်။

အဆိုပါ ၂၀၂၁ ခုနှစ် ဇွန်လက လွှတ်တင်ခဲ့တဲ့ Able နှင့် Baker လို့ အမည်ပေးထားတဲ့ ထိုဂြိုဟ်တုများတွင် optical terminal များ တပ်ဆင်ထားပါတယ်။

ဒီလိုလွှတ်တင်မှုဟာ လေတပ်သုတေသန ဓာတ်ခွဲခန်း၏ အာကာသယာဉ်များဆိုင်ရာ ညွှန်ကြားမှု ဦးစီးဌာန (AFRL SV) နှင့် ပူးပေါင်းဆောင်ရွက်နေသည့် Mandrake II စီမံကိန်း၏ တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။

Mandrake II စီမံကိန်းဟာ ဂြိုဟ်တုများ၏ optical terminal များတွင် အသုံးပြုမည့် ညွှန်ပြမှု၊ လက်ခံမှု နှင့် ခြေရာကောက်သည့် ပရိုဂရမ်များကို အကဲဖြတ်ဖို့ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် ဧပြီလ ၁၄ ရက်နေ့မှာတော့ ဂြိုဟ်တု နှစ်စင်းဟာ ၎င်းတို့၏ optical terminal များကို အသုံးပြုပြီး မိုင် ၆၀ အ ကွာ ကနေ အပြန်အလှန် မိနစ် ၄၀ လောက် ဆက်သွယ်မှု ပြုလုပ်ခဲ့ပါတယ်။

စမ်းသပ်မှုတွင် အနီအောက်ရောင်ခြည် လေဆာကို အသုံးပြုပြီး 200GB လောက်ရှိတဲ့ အချက်အလက်တွေကို encode လုပ်ပြီး ပေးပို့ခဲ့ကာ အောင်မြင်မှု ရရှိခဲ့ပါတယ်။

ကာကွယ်ရေးတွင် အသုံးချနိုင်မှုများ

လေဆာ ဆက်သွယ်ရေးဟာ ရေဒီယိုလှိုင်းများနှင့် နှိုင်းယှဉ်ပါက ပိုမို မြန်ဆန်ပြီး လုံခြုံတယ်လို့ ယူဆပေမယ့် ဒီလိုနည်းပညာဖြင့် အရပ်ဘက်မှာ ဆောင်ရွက်ပေးနိုင်ဦးမှာ မဟုတ်ပါဘူး။

နည်းပညာကို ကာကွယ်ရေး ရည်ရွယ်ချက်များအတွက် စမ်းသပ်နေဆဲဖြစ်ပြီး Mandrake II စီမံကိန်းဟာ DARPA မှ လုပ် ဆောင်နေသည့် ပိုကြီးသည့် Blackjack စီမံကိန်း၏ တစိတ်တပိုင်းဖြစ်နေလို့ပါ။

Blackjack စီမံကိန်းတွင် လေဆာ ဆက်သွယ်ရေး လုပ်ဆောင်နိုင်သည့် ဂြိုဟ်တု အလုံး ၂၀ ပါဝင်ပြီး ကမ္ဘာ့ ပတ်လမ်းနိမ့် အ တွင်းမှာ ထားရှိမှာ ဖြစ်ပါတယ်။

ထိုကွန်ယက်ကို အမေရိကန် အစိုးရက ထိန်းချုပ်မှာဖြစ်ပြီး အမေရိကန် စစ်တပ်နှင့် အခြေစိုက်စခန်းများ၊ အာရုံခံ ကိရိယာများနှင့် ကမ္ဘာအနှံ့ရှိ လက်နက်များနှင့် ချိတ်ဆက်ထားမှာပါ။

အာကာသ ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ အေဂျင်စီဟာ ၂၀၂၂ ခုနှစ်အတွင်း ဂြိုဟ်တု အလုံး ၂၀ လွှတ်တင်မည့် အပြင် ၂၀၂၄ ခုနှစ်မှာ စုစုပေါင်း ဂြိုဟ်တု ၁၂၆ လုံးအထိ ဒီကွန်ယက်မှာ ရှိလာမှာ ဖြစ်ပါတယ်။

အဆိုပါ ဂြိုဟ်တုများကို Lockheed Martin၊ Northrop Grumman နှင့် York Space ကုမ္ပဏီများက တည်ဆောက်ပေးမှာဖြစ်ပြီး ၎င်းတို့အကြားမှာ လေဆာဆက်သွယ်ရေး စနစ်များ ထည့်သွင်းထားမှာပါ။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *