လနှင့် ၈၁ မိုင် အကွာမှ ဖြတ်သန်းပြီး ဓာတ်ပုံများ ပေးပို့ခဲ့တဲ့ Orion နှင့် Artemis I မစ်ရှင် အကြောင်း

Article Science

NASA ဟာ ပြီးခဲ့သည့် တနင်္လာနေ့ နိုဝင်ဘာလ ၂၁ ရက်နေ့ အစောပိုင်းလောက်မှာ ၎င်း၏ ပထမဆုံး လူလိုက်ပါနိုင်သည့် လမစ်ရှင် အတွက် အရေးကြီးသည့် မှတ်တိုင်တခုကို ပြီးစီးခဲ့ပါတယ်။

Artemis မစ်ရှင်စီရီး၏ တစိတ်တပိုင်းဖြစ်တဲ့ Artemis 1 မစ်ရှင်မှ Orion capsule အာကာသ ယာဉ်ငယ်ဟာ ၎င်း၏ ၂၅ ရက်တာ အာကာသခရီးအတွင်း လနှင့် အနီးဆုံးသုံး ချဉ်းကပ်နိုင်ခဲ့ပါတယ်။

ဒါဟာ NASA ၏ Apollo မစ်ရှင်အပြီး နှစ် ၅၀ အကြာမှာ ပထမဆုံး အနေဖြင့် အာကာသယာဉ် တစင်း လအနီးသို့ ပြန်လည် ရောက်ရှိ လာတာ ဖြစ်ပြီး ဒေါ်လာ ၄.၁ ဘီလီယံ ကုန်ကျခဲ့သည့် စမ်းသပ်မှု၏ အောင်မြင်မှုတခု ဖြစ်ပါတယ်။

ယခု လွှတ်တင်ခဲ့သည့် Orion အာကာသယာဉ်တွင် လူလိုက်ပါခြင်း မရှိသေးဘဲ Orion Crew Survival System လို့ခေါ်တဲ့ အဝါရောင် အာကာသဝတ်စုံကို ဝတ်ဆင်ထားတဲ့ လူပုံစံ အရုပ်ကိုသာ ထည့်သွင်း ထားတာပါ။

Artemis I မစ်ရှင် လမ်းကြောင်း သရုပ်ပြပုံ Image: Courtesy of NASA

Orion ဟာ ပြီးခဲ့သည့် တနင်္လာနေ့က လမျက်နှာပြင်နှင့် အနီးကပ်ဆုံး အနေအထား ဖြစ်သည့် ၁၃၀ ကီလိုမီတာ (၈၁ မိုင်) လောက် အကွာမှ ကပ်ပြီး ဖြတ်သန်းခဲ့တာပါ။

တက္ကဆက်ပြည်နယ် Houston ရှိ ပျံသန်းရေး ထိန်းချုပ်မှု စင်တာနှင့် Orion နာရီဝက်ကြာအောင် ဆက်သွယ်ရေး ပြတ်တောက်ခဲ့ပါသေးတယ်။

အဲဒီ့နောက် ကမ္ဘာမြေမှ ကီလိုမီတာ ၃၇၀,၀၀၀ (၂၃၀,၀၀၀ မိုင်) လောက် အကွာ လ၏ နောက်ကွယ်မှ ထွက်ပေါ်လာသည့် အခါမှာ ကောင်းစွာ အင်ဂျင်ကောင်းစွာ အလုပ်လုပ်နေတာကို သိရှိခဲ့ရပါတယ်။

အာကာသယာဉ်ငယ်၏ ကင်မရာမှ တဆင့် အမှောင်ထုအတွင်းမှ ကမ္ဘာ၏ ဓာတ်ပုံကို ပေးပို့ ပေးခဲ့ပါတယ်။

Orion မှ ရိုက်ကူးထားသည့် ကမ္ဘာ၏ ဓာတ်ပုံ Image: Courtesy of NASA

“အခုတော့ ကျွန်တော်တို့ နေထိုင်တဲ့ ဂြိုဟ်ကို အပြာဖျော့ဖျော့ အရောင်ရှိတဲ့ အစက်ကလေး အဖြစ် လူပေါင်း ရှစ်ဘီလီယံခန့်က မြင်တွေ့နိုင်ပါပြီ” လို့ မစ်ရှင်မှ Sandra Jones က ဆိုပါတယ်။

ပြန်လည် အဆက်အသွယ် ရရှိလာတာကြောင့် အာကာသယာဉ်ကို တနာရီ ကီလိုမီတာ ၈ ထောင် (မိုင်‌ ၅ထောင်) နှုန်းအထိ အရှိန်မြှင့် နိုင်ခဲ့တယ်လို့ NASA က ဆိုပါတယ်။

တနာရီထက် နည်းတဲ့ အချိန်အတွင်း Orion ဟာ ၁၉၆၉ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့က အမေရိကန် အာကာသယာဉ်မှူး နှစ်ယောက်ဖြစ်သည့် Neil Armstrong နှင့် Buzz Aldrin တို့ ဆင်းသက်ခဲ့သည့် လပေါ်ရှိ အခြေစိုက်စခန်း အပေါ်မှ ဖြတ်သန်းသွားခဲ့ပါတယ်။

Orion ဟာ ကမ္ဘာသို့ ပြန်မလာခင် လ၏ ပတ်လမ်း အတွင်းမှာ တပတ်နီးပါး ကြာအောင် ရှိနေမှာ ဖြစ်ပါတယ်။

လ၏ အနီးကပ်ပုံကို ကမ္ဘာနှင့် အတူ တွေ့ရစဉ် Image: Courtesy of NASA

အဲဒီ့နောက်မှာတော့ ကမ္ဘာသို့ ပြန်လာကာ ပစိဖိတ် သမုဒ္ဒရာ အတွင်းသို့ ပြုတ်ကျလာမှာ ဖြစ်ပါတယ်။

လက်ရှိတွင် လဆင်းယာဉ်ကို သယ်ဆောင်မသွားသေးဘဲ ၂၀၂၅ ခုနှစ် SpaceX ၏ Starship ဒုံးပျံနှင့် လွှတ်တင်မှသာ အာ ကာသ ယာဉ်မှူးများနှင့် အတူ လဆင်းယာဉ်ကို သယ်ဆောင်လာမှာ ဖြစ်ပါတယ်။

ထိုအချိန် မတိုင်ခင် ၂၀၂၄ ခုနှစ်မှာ Artemis II မစ်ရှင် အဖြစ် အာကာသ ယာဉ်မှူးများကို လ၏ ပတ်လမ်း အတွင်းသို့ ပို့ ဆောင်ပေးဦးမှာ ဖြစ်ပါတယ်။

လမျက်နီးနှာပြင်ကို အနီးကပ် ရိုက်ကူးခဲ့သည့်ပုံ Image: Courtesy of NASA


NASA ၏ တာဝန်ရှိသူများကတော့ ယခု ပထမဆုံး မစ်ရှင်၏ တိုးတက်မှု အတွက် ဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com