လပေါ်မှ အောက်စီဂျင် ထုတ်နိုင်ဖို့ ဥရောပ အာကာသ အေဂျင်စီမှ ဆောင်ရွက်နေတဲ့ အကြောင်း

Science Tech

မကြာသေးမီကပဲ လမျက်နှာပြင်အောက်တွင် အောက်စီဂျင် အများအပြား ရှိနေကြောင်း တွေ့ရှိခဲ့ပြီး ဖြစ်ပါတယ်။

အဆိုပါ အောက်စီဂျင်များဟာ လူ ၈ ဘီလီယံ နှစ်ပေါင်း တသိန်းလောက်အထိ ရှင်သန်နိုင်လောက်တဲ့ ပမာဏအထိ ရှိတယ်လို့ သုတေသီတဦးဖြစ်တဲ့ John Grant က ပြောခဲ့ပါတယ်။

အဲဒီ့အတွက် တစ်ခုတည်းသော ပြဿနာကတော့ အဆိုပါ ကျောက်လွှာတွေက အောက်စီဂျင်တွေကို ထုတ်ယူပြီး သုံးစွဲနိုင်ဖို့ ဖြစ်ပါတယ်။

ဥရောပ အာကာသ အေဂျင်စီဟာ ဒီ အောက်စီဂျင်တွေကို ထုတ်ယူသုံးစွဲနိုင်ဖို့အတွက် လုပ်ဆောင်နေပြီပဲ ဖြစ်ပါတယ်။

အဲဒါကတော့ လ၏ မျက်နှာပြင်အောက်မှာ အောက်စီဂျင်များကို ထုတ်ယူနိုင်မယ့် စက်တမျိုးကို ဖန်တီးနိုင်မယ့် အဖွဲ့တဖွဲ့အား ရွေးချယ်လိုက်တာပါ။

ESA/ATG-Medialab

အဆိုပါ အဖွဲ့ဟာ ဗြိတိန်နိုင်ငံ Thales Alenia Space ကုမ္ပဏီ မှ အဖွဲ့ဖြစ်ပြီး ၎င်းတို့ဟာ ပြိုင်ဘက် ၃ ဖွဲ့ကို ဖြတ်ကျော်ပြီး အရွေးခံခဲ့ရတာ ဖြစ်ပါတယ်။

NASA ဟာလည်း အလားတူ ဂြိုဟ်မျက်နှာပြင်မှ အောက်စီဂျင် ထုတ်ယူနိုင်သည့် လုပ်ဆောင်မှုမျိုးကို အင်္ဂါဂြိုဟ်သွားယာဉ် Perseverance ပေါ်တွင် ပါဝင်သည့် MOXIE စက်ဖြင့် ကမ္ဘာ့ ပထမဆုံး အနေဖြင့် လုပ်ဆောင်ခဲ့ပြီး ဖြစ်ပါတယ်။

လမျက်နှာပြင်မှ အောက်စီဂျင် ထုတ်ယူခြင်း

Thales Alenia Space ၏ အဖွဲ့ဟာ လပေါ်သို့ မလွှတ်တင်မီ ပထမဆုံးအနေဖြင့် စက်အသေးစား တလုံးကို တည်ဆောက်မှာ ဖြစ်ပါတယ်။

အဆိုပါ ဒီဇိုင်းဟာ လမျက်နှာပြင်မှ အောက်စီဂျင် ၅၀ ဂရမ်မှ ၁၀၀ ဂရမ်လောက်အထိ ထုတ်ယူ ပေးနိုင်မှာ ဖြစ်ပါတယ်။

အာကာသယာဉ်မှူး တယောက်ဟာ အာကာသအတွင်း ၁၀ မိနစ်ခန့် အသက်ရှူဖို့ အောက်စီဂျင် ၅ ဂရမ်လောက် လိုအပ်ပါတယ်။

စက်ကို သေးငယ်သမျှ သေးအောင် တည်ဆောက်မှာ ဖြစ်ပြီး ဥရောပ အာကာသအေဂျင်စီပိုင် European Large Logistics Lander, EL3 လဆင်းယာဉ်နှင့် သယ်ယူနိုင်လောက်အောင် သေးငယ်ရမှာပါ။

ယခု စီမံကိန်း အောင်မြင်ပါက အာကာသ မစ်ရှင်များအတွက် ခေတ်တခတ် ပြောင်းစေမည့် အောင်မြင်မှု ဖြစ်လာမှာ ဖြစ်ပြီး အနာဂါတ် အာကာသခရီးစဉ်များ အတွက် လကို ခရီးတထောက်အဖြစ် အသုံးပြုလာနိုင်မှာ ဖြစ်ပါတယ်။

အပြည့်အဝ အရွယ်အစား တည်ဆောက်ခြင်း

စမ်းသပ်မှုများဟာ စီစဉ်ထားသည့် အတိုင်း ဖြစ်မြောက်လာပါက မူလက သတ်မှတ်ထားသည့် အရွယ်အစားအတိုင်း အဆို ပါ စက်ကို တည်ဆောက်သွားမှာ ဖြစ်ပါတယ်။

ဥရောပ အာကာသ အေဂျင်စီ၏ အဖွဲ့ခေါင်းဆောင်တယောက်ဖြစ်တဲ့ Giorgio Magistrati ကတော့ Thales ရဲ့ ဒီစက်ဟာ လာမယ့် ဆယ်စုနှစ်အတွင်း လမှာတည်ဆောက်မယ့် အခြေစိုက်စခန်းအတွက် အရေးပါတဲ့စက်ဖြစ်လာဖို့ လမ်းစတခု ဖြစ်တယ်လို့ ပြောပါတယ်။

အဆိုပါ စက်၏ အယူအဆ ဒီဇိုင်းဟာလည်း အောင်မြင်နိုင်ဖို့အတွက် သက်သေပြပြီး ဖြစ်တဲ့အတွက် ကောင်းမွန်တဲ့ လမ်း ကြောင်း ပေါ်မှာ ရောက်ရှိနေပါတယ်။

ဒီ အောက်စီဂျင် ထုတ်လုပ်သည့်စက်ကို ၂၀၃၀ ခုနှစ်များ အစောပိုင်းလောက်မှာ လဆင်းယာဉ်ဖြင့် လပေါ်သို့ ပို့ဆောင်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *