NASA မှ အင်္ဂါဂြိုဟ်ပေါ်သို့ စေလွှတ်ထားတဲ့ Perseverance ဂြိုဟ်ပေါ်သွားယာဉ်ပေါ်မှာ ပေါင်မုန့် မီးကင်စက်လောက်သာ ရှိတဲ့ ပစ္စည်းဆန်းတခုကို ဂြိုဟ်ပေါ်သို့ မစေလွှတ်ခင် ထည့်သွင်းထားခဲ့ပါတယ်။
အဲဒီ့ပစ္စည်းကတော့ MOXIE လို့ ခေါ်သည့် စက်တလုံးဖြစ်ပြီး ထိုစက်ငယ်လေးဟာ အင်္ဂါဂြိုဟ်ပေါ်မှာ အောက်ဆီဂျင်တွေ ထုတ်လုပ်ဖို့ တာဝန်ကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
အရှည်အားဖြင့် Mars Oxygen In-Situ Resource Utilization Experiment (MOXIE) လို့ခေါ်တဲ့ ဒီစက်ကို ၂၀၂၁ ခုနှစ်အတွင်းမှာ ၇ ကြိမ်လောက် သုတေသီများက စမ်းသပ်ခဲ့ပါတယ်။
ထိုသို့ စမ်းသပ်ခဲ့ရာတွင် ညအချိန် နှင့် နေ့အချိန် များအပြင် အင်္ဂါဂြိုဟ်ပေါ် ရာသီဥတု အမျိုးမျိုး မှာလည်း စမ်းသပ်ခဲ့တယ်လို့ Science advances ဂျာနယ်တွင် ဖော်ပြခဲ့သည့် စာတမ်း အရ သိရပါတယ်။

MOXIE အောက်ဆီဂျင်ထုတ်စက် Image: Courtesy of NASA/JPL-Caltech
MOXIE ဟာ အောက်ဆီဂျင်ကို တနာရီလျှင် ၆ ဂရမ်လောက် အထိ ထုတ်ပေးနိုင်ပြီး ကမ္ဘာပေါ်က အပင်ငယ် တပင်၏ အောက်ဆီဂျင် ထုတ်နိုင်စွမ်းနှင့် ညီမျှပါတယ်။
ထိုစက်ငယ်၏ အဓိက ပန်းတိုင်ကတော့ စက်ဟာ ကြမ်းတမ်းသည့် ရာသီဥတု နှင့် နယ်မြေမှာ စိတ်ချရမှု အမြင့်မားဆုံးနှင့် အဆက်မပြတ် အလုပ်လုပ်နိုင်စွမ်း ရှိတာကို သက်သေပြနိုင်ဖို့ ဖြစ်ပါတယ်။
ယခု နည်းပညာဟာ အင်္ဂါဂြိုဟ်ပေါ်သို့ သွားရောက်ကြမည့် လူသားများ အတွက် အသက်ရှူနိုင်ဖို့ တနေ့မှာ ကူညီပေးလာနိုင်မှာ ဖြစ်ပါတယ်။
နောက်ထပ် မျိုးဆက်သစ် စက်မှာတော့ ပိုပြီး ပမာဏများတဲ့ အောက်ဆီဂျင်ကို ထုတ်လုပ်နိုင်အောင် လုပ်ဆောင်နေပါတယ်။
အဆိုပါ အောက်ဆီဂျင်ကို ကမ္ဘာသို့ လူသားများ ပြန်လာရာတွင် အသုံးပြုမည့် ဒုံးပျံများ၏ လောင်စာ အတွက် အသုံးပြုနိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။

Perseverance ဂြိုဟ်ပေါ်သွားယာဉ်တွင် တပ်ဆင်ထားသည့် ကိရိယာများ Image: Courtesy of NASA
MOXIE ဘယ်လို အလုပ်လုပ်
ကာဗွန်ဒိုင်အောက်ဆိုက် ၉၆ ရာခိုင်နှုန်းနှင့် ဖွဲ့စည်းထားတဲ့ အင်္ဂါဂြိုဟ်၏ လေထုမှ ကာဗွန်ဒိုင်အောက်ဆိုက်တွေကို MOXIE စက်ငယ်မှ လောင်စာဆဲလ်မှ တဆင့် ၁,၄၇၀ ဒီဂရီ ဖာရင်ဟိုက်အထိ အပူပေးပါတယ်။
အဲဒီ့နောက် MOXIE ဟာ အောက်ဆီဂျင် အက်တမ်များကို ဖယ်ထုတ်ရန်အတွက် မော်လီကျူးများကို လျှပ်စစ်ဖြင့် စုပ်ထုတ်လိုက်ပါတယ်။
နောက်ဆုံးမှာတော့ အောက်ဆီဂျင်အက်တမ်များဟာ တခုနှင့် တခု ပေါင်းစည်းပြီး အောက်ဆီဂျင် ဓာတ်ငွေ့ကို ရရှိလာတာ ဖြစ်ပါတယ်။
MOXIE မစ်ရှင်၏ အဓိက ကြီးကြပ်စုံစမ်းရေးမှူး ဖြစ်သည့် Michael Hecht ကတော့ အင်္ဂါဂြိုဟ်ရဲ့ လေထုဟာ အလွန်ပါးလွှာပြီး ကမ္ဘာ့ မျက်နှာပြင် အထက် ပေ ၁ သိန်းလောက်မှာ ရှိနေသလိုပါပဲ လို့ ပြောပါတယ်။
Hecht ကတော့ MOXIE စက်ငယ်ဟာ အောက်ဆီဂျင် တနာရီကို ၆ ဂရမ်သာ ထုတ်လုပ်ဖို့ ဒီဇိုင်းဆွဲထားပေမယ့် အတိုချုံးလေ့လာမှုမှာ အောက်ဆီဂျင် ၁၀.၄ ဂရမ်အထိ ထုတ်လုပ်နိုင်သည့် စံချိန်ကို တင်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

NASA ၏ အနာဂါတ် အင်္ဂါဂြိုဟ်ပေါ် လူသားများ စေလွှတ်သည့် သရုပ်ပြပုံ Image: Courtesy of NASA
Perseverance ဂြိုဟ်ပေါ်သွားယာဉ်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ အင်္ဂါဂြိုဟ်ပေါ်သို့ ရောက်ရှိခဲ့တာ ဖြစ်ပြီး ဂြိုဟ်ပေါ်ရှိ မျက်နှာမြင်၊ ကျောက်ခဲ နမူနာများနှင့် selfies များ ရိုက်ကူးပြီး ဖြစ်ပါတယ်။
MOXIE ဟာ ပထမဆုံးအနေဖြင့် ၂၀၂၁ ခုနှစ် ဧပြီလ မှ အင်္ဂါဂြိုဟ်လေထုကို အသုံးပြုပြီး အောက်ဆီဂျင်ထုတ်နိုင်ကြောင်း ပထမဆုံး သက်သေပြနိုင်ခဲ့ပါတယ်။
လက်ရှိ သုတေသီများဟာ MOXIE ၏ ပေါင်မုန့်မီးကင်စက် အရွယ်အစားထက် အဆ ၁၀၀ လောက် ပိုကြီးပြီး သစ်ပင် ရာဂဏန်းလောက်နှင့် ညီမျှမည့် အောက်ဆီဂျင်ထုတ်စက်ကို ဖန်တီးဖို့ စဉ်းစားနေကြပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။
First Published 2/11/2022