၂၀၁၈ ခုနှစ် ဧပြီလမှာ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် Narendra Modi ဟာ နိုင်ငံအတွင်း ရွာ ၆ သိန်းကျော် အတွက် ၁၀၀ ရာခိုင် နှုန်း လျှပ်စစ်မီး ရရှိနေပြီလို့ ပြောဆိုခဲ့ပါတယ်။
ကြေညာပြီး မကြာခင် ပြည်ထောင်စု ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၏ အတွင်းပိုင်း အစီရင်ခံစာများအရ ရွာ ၅ ထောင်လောက်ဟာ မီးမရရှိသေးဘူးဆိုတာ သိရှိရပါတယ်။
အခြား ရင်းမြစ်များ အရ အိန္ဒိယနိုင်ငံမှာ လျှပ်စစ်မီး မရရှိသေးသည့် အိမ်ခြေပေါင်း ၂၃ သန်းလောက်တောင် ရှိနေတာကို တွေ့ရပါတယ်။
ဒီလို လျှပ်စစ်မီးမရသေးသည့် ရွာအရေအတွက် များစွာအတွက် လျှပ်စစ်မီး ပံ့ပိုးပေးစေနိုင်ရန် ၂၂ နှစ်အရွယ် Ashutosh Vashishta လို့ အမည်ရတဲ့ ကျောင်းသားတယောက်က ၎င်း၏ တီထွင်ဖန်တီးမှု တခုကို ပြသခဲ့ပါတယ်။
Ashutosh Vashishta ဟာ Haryana တွင် ရှိတဲ့ National Institute of Design တွင် စက်မှုလုပ်ငန်းနှင့် UX ဒီဇိုင်းဆိုင်ရာ ပညာရပ်များကို လေ့လာနေတဲ့ နောက်ဆုံးနှစ် ကျောင်းသား တယောက်ပါ။
ငယ်စဉ်ကတည်းက အားကစားနှင့် ဒီဇိုင်းကို ဝါသနာထုံပြီး ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်တွေကို ဒီဇိုင်းအားကိုးဖြင့် လူတိုင်း သုံးနိုင်သည့် အခြေအနေ ဖြစ်အောင် အလွယ်တကူ ဖြေရှင်းတတ်သူလည်း ဖြစ်ပါတယ်။

Image: Courtesy of Ashutosh Vashishtha
သူဟာ မီးမရရှိသေးသည့် သူ၏ အဖိုးရဲ့ ရွာကို မကြာခဏ အလည်အပတ် သွားရောက်လေ့ ရှိရာမှ ဒီလိုဖန်တီးဖို့ အတွက် အကြံဥာဏ် ရရှိခဲ့တာ ဖြစ်ပါတယ်။
အထူးသဖြင့် သူဖန်တီးလိုက်တဲ့ စားပွဲခုံဟာ မီးမရရှိသည့် နေရာများတွင် စာပေ သင်ကြား လေ့လာနိုင်အောင် ရည်ရွယ်ထားပါတယ်။
Ashutosh ဟာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ အတွင်းမှာ ခုံအတွက် 3D ဒီဇိုင်းတခုကို ရေးဆွဲခဲ့ပြီး ထိုအကြောင်းဟာ လူမှုကွန်ယက်တွင် အတော်လေး ရေပန်းစားခဲ့ကာ ဒီနှစ်မှာတော့ အဆိုပါ စားပွဲခုံရဲ့ ရှေ့ပြေးပုံစံကို ဖန်တီးနိုင်လိုက်ပြီ ဖြစ်ပါတယ်။
ထိုရှေ့ပြေးပုံစံကို Ujala (ဟင်ဒီ ဘာသာစကားအရ အလင်းလို့ အဓိပ္ပါယ်ရ) လို့ အမည်ပေးထားပါတယ်။
၂၀၂၀ ခုနှစ် ဇွန်လမှာ ထိုစားပွဲခုံရဲ့ ရှေ့ပြေးပုံစံကို အလွန်ရင်းနှီးသည့် သူငယ်ချင်း တယောက်ဖြစ်သည့် စက်မှု အင်ဂျင်နီယာ ကျောင်းသား တယောက်နှင့် အတူ စတင် ဒီဇိုင်းဆွဲခဲ့တာပါ။
သူဟာ လျှပ်စစ် ထုတ်လုပ်နိုင်သည့် အစိတ်အပိုင်းများ ဝယ်ယူဖို့အတွက် ၁,၅၀၀ ရူပီးလောက် အသုံးပြုခဲ့ပါတယ်။
စားပွဲခုံ၏ အောက်တွင် ခြေနင်းတခု တပ်ဆင်ထားပြီး အဆက်မပြတ် လှုပ်ရှားမှုဖြင့် လျှပ်စစ်ဓာတ်အားကို ရရှိစေကာ ဘတ္ထရီအတွင်းမှာ သိုလှောင်ပြီး မီးချောင်းကို စွမ်းအင်ပေးမှာ ဖြစ်ပါတယ်။

Image: Courtesy of Ashutosh Vashishtha
သစ်သားဖြင့် ပြုလုပ်ထားသည့် ခြေနင်း၏ ဒီဇိုင်းကို ဖန်တီးဖို့အတွက် အချိန် ၂ ရက်ခန့် ကြာမြင့်ခဲ့ပြီး သူယခင်က ကျောင်းတက်ခဲ့သည့် ဒေလီရှိ Darbari Lal DAV Model School မှ စာသင်ခုံကို အသုံးပြုပြီး စမ်းသပ်ပြသခဲ့တာပါ။
စမ်းသပ်မှုဟာ အောင်မြင်ခဲ့ပြီး တ မိနစ်လောက် ခြေနင်းကို နင်းပေးတာနဲ့ ၁၀ မိနစ်မှ ၁၅ မိနစ်လောက် အထိ မီးအလင်း ရောင်ကို ရရှိနိုင်စေတယ်လို့ သိရပါတယ်။
သူဟာ လက်ရှိမှာ စားပွဲခုံပင် မရှိနိုင်သည့် ကျေးလက် ဒေသများအတွက် အဆင်ပြေစေမည့် မီးအလင်းစနစ်အတွက် ဆောင် ရွက်နေပါတယ်။
ကျေးလက်ဒေသများတွင် များသောအားဖြင့် ကြမ်းပြင်တွင်သာ ထိုင်ကြပြီး စာပေ သင်ကြားနေရတာ ဖြစ်ပါတယ်။
လက်ရှိသူဟာ ကျေးလက်နေ ကျောင်းသူ ကျောင်းသားများ အတွက် စာသင်စားပွဲများအား ပတ်လည် အဝိုင်းပုံစံ ထားရှိမည့် စနစ် တခု၏ 3D ဒီဇိုင်းကို ဖန်တီးနေပါတယ်။
ထိုစားပွဲများကို ခြေနင်းနှင့် LED မီးသီးများကို တပ်ဆင်ပေးထားမှာ ဖြစ်ပြီး ၁၈ ဒီဂရီလောက် စောင်းထားမှာ ဖြစ်တဲ့အတွက် အလယ်တွင် စာသင်သည့် ဆရာအတွက် နေရာလပ် ရရှိစေမှာပါ။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။
First Published 19/8/2022