ဂျက်တိုက်လေယာဉ်ပေါ်က ခုန်ချခဲ့မိတဲ့ ပင်စင်စား တဦး အကြောင်း

Knowledge Military

ဒီအကြောင်းက တကယ့်ကို ငိုရမလို ရယ်ရမလို ဖြစ်ရပ်ပါ။

ဖြစ်စဉ်ကတော့ အသက် ၆၄ နှစ် အရွယ်ရှိတဲ့ ပြင်သစ် ပင်စင်စားတယောက်ကို ဂျက်တိုက်လေယာဉ်ပေါ်မှာ လိုက်ပါခွင့်ပြုပြီး ၎င်း၏ အနား ယူမှုအတွက် ဂုဏ်ပြုပေးခဲ့တာကနေ အစပြုခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အဆိုပါ ပုဂ္ဂိုဟ်ဟာ တိုက်လေယာဉ်ပေါ်မှာ လိုက်ပါနေရင်း ကြောက်လန့်လာတဲ့အတွက် ပျံသန်းနေစဉ်အတွင်း ခုန်ထွက်တဲ့ ခလုပ်ကို ဆွဲပြီး လေယာဉ်ပေါ်မှ ခုန်ချဲ့ပါတယ်။

ကံကောင်းတာကတော့ လေယာဉ်မှ ခုန်ထွက်တဲ့ ejection-seat ခုံတွင် လေထီးပါဝင်တာ ဖြစ်တဲ့အတွက် အကြမ်းဖျင်း ပေ ၂,၅၀၀ လောက် အမြင့်မှာ လေထီးပွင့်ပြီး ဘေးအန္တရာယ် ကင်းစွာနဲ့ မြေပြင်ပေါ် ပြန်လည် ရောက်ရှိခဲ့ပါတယ်။

အသေးစိတ်

ဒီ မတော်တဆမှုဟာ ၂၀၁၉ ခုနှစ် မတ်လ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အမည် မဖော်ပြခဲ့တဲ့ ပင်စင်စား တယောက်ဟာ အနားယူမှုကို ဂုဏ်ပြုဖို့အတွက် ပြင်သစ် အရှေ့ပိုင်း Saint-Dizier 113 လေတပ် အခြေစိုက်စခန်းရှိ ၂ ယောက်စီး ကမ္ဘာကျော် ပြင်သစ် လေတပ်၏ တိုက်လေယာဉ် Rafale-B ပေါ်မှာ လိုက်ပါခွင့်ပြုခြင်း ခံခဲ့ရပါတယ်။

သတင်းအရ ၎င်းဟာ ပျံသန်းဖို့ စိတ်အား ထက်သန်ပုံ မရဘဲ ၎င်း၏ လုပ်ဖော်ကိုင်ဖက်များက ငွေပမာဏ အများအပြား ပေးခဲ့တဲ့အတွက် တိုက်လေယာဉ်ထဲကို တုံ့ဆိုင်း တုံ့ဆိုင်းဖြင့် ဝင်ရောက်သွားခဲ့တာလို့ ဆိုပါတယ်။

သူဟာ မကြာခင်မှာဘဲ လေယာဉ်ရဲ့ လေယာဉ်မှူးခန်းကနေ ခုန်ထွက်ဖြစ်သွားမယ် ဆိုတာကိုတောင် သိပုံမရခဲ့ပါဘူး။

သူ့ရဲ့ နှလုံးခုန်နှုန်းကို တိုင်းတာနိုင်တဲ့ နာရီဟာ လေယာဉ် မပျံသန်းမီ အချိန်မှာ တမိနစ်လျှင် ၁၃၆ မှ ၁၄၂ လောက်အထိ ရောက်ရှိခဲ့ကြောင်း စုံစမ်းစစ်ဆေးသူများက ထောက်ပြခဲ့ပါတယ်။

အမြင့်ပေ ၂,၅၀၀ လောက်အရောက်မှာ လေယာဉ်မှူးဟာ လေယာဉ်ကို စတင် မြင့်တက်အောင် အရှိန်မြှင့်လိုက်တဲ့အခါမှာ လိုက်ပါသူဟာ အကြောက်လွန်ပြီး ကိုင်မိကိုင်ရာ ဆွဲမိဆွဲရာကို ဆွဲချလိုက်ပါတယ်။

ကံဆိုးတာကတော့ သူဟာ လေယာဉ်က ခုန်ထွက်တဲ့ ခလုပ်ကို မသိဘဲ ယောင်ယမ်းပြီး ဆွဲမိသွားတာ ဖြစ်ပြီး စက္ကန့်ပိုင်း အကြာမှာပဲ တိုက် လေယာဉ်အပြင်ကို တွန်းထုတ် ခံလိုက်ရကာ လေထီးပွင့်သွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီ့အချိန်မှာ Rafale B တိုက်လေယာဉ်ဟာ အမြန်နှုန်း တနာရီလျှင် ၁,၄၀၀ ကီလိုမီတာ (တနာရီ ၈၇၀ မိုင်) နှုန်းလောက်နဲ့ မောင်းနှင်နေတာ ဖြစ်ပါတယ်။

Rafale B တိုက်လေယာဉ်များ

ယခု ဖြစ်စဉ်မှာ လုပ်ရိုးလုပ်စဉ် အတိုင်း စနစ်တကျ စမ်းသပ်မှုတွေ လုပ်ခဲ့တာ မဟုတ်တဲ့အတွက် အလွန်ကို အန္တရာယ်များတဲ့ ဖြစ်စဉ် တရပ်ဖြစ်ပါတယ်။

တိုက်လေယာဉ်ပေါ်မှာ လိုက်ပါ မစီးနင်ခင်မှာ အနည်းဆုံး ၁၀ ရက်လောက် ကြိုတင် ဆေးစစ်ထားရန် လိုအပ်ပြီး မြေဆွဲအားနှင့် ဆိုင်သည့် negative G force ကို ခံနိုင်ရည် ရှိမရှိကို စမ်းသပ်ရတာ ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီ့တုန်းက လိုက်ပါမည့်သူဟာ negative G force မခံစားစေရပါဘူး ဆိုတဲ့ သဘောတူညီမှု နှင့်အတူ ဆေးဘက်ဆိုင်ရာ စစ် ဆေး စမ်းသပ်မှုကို အဲဒီ့ တရက်ထဲမှာပဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် လေယာဉ်မှူးကိုလည်း အဲဒီ့ သဘောတူညီမှုကို ကြိုတင် ပြောပြထားခြင်း မရှိခဲ့တဲ့အတွက် အဆိုပါ ပုဂ္ဂိုဟ်ဟာ G force ကို -0.6G လောက် ခံစားရပြီးနောက် အကြောက်လွန်ကာ လုပ်မိ လုပ်ရာ လုပ်ခဲ့တာ ဖြစ်တဲ့အကြောင်း ဖော်ပြ ပေးလိုက်ရပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.