ပြီးပြည့်စုံတဲ့ တောင်းပန်မှု တခုတွင် ပါဝင်ရမည့် အချက် ၆ ချက် သုတေသီများတွေ့ရှိ

Lifestyle Nature

ပြီးပြည့်စုံတဲ့ တောင်းပန်မှု သို့မဟုတ် အမှားကို ဝန်ခံမှု တခု ပြုလုပ်ရတာ လွယ်တော့ မလွယ်ပါဘူး။

ကျွန်တော်တို့အတွက် ကိုယ်မှားတာ ဝန်ခံဖို့အတွက်တောင်မှ အတော်ကို ခက်ခဲနေပြီး ဖြစ်လို့ တောင်းပန်တဲ့အခါ ရည်ရည်မွန်မွန်နဲ့ စိတ်ရင်း အစစ်အမှန်အတိုင်း တောင်းပန်တာ ကောင်းပါတယ်။

ကံကောင်းထောက်မစွာနဲ့ပဲ အမေရိကန် အိုဟိုင်ယိုး ပြည်နယ်တက္ကသိုလ်မှ သုတေသီတစုဟာ ပြီးပြည့်စုံစွာ တောင်းပန်ဖို့အတွက် လိုအပ်တာတွေကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။

ညှိနှိုင်းခြင်းနှင့် ပဋိပက္ခ ဆိုင်ရာ စီမံခန့်ခွဲခြင်း ဂျာနယ်တွင် ပုံနှိပ် ထုတ်ဝေခဲ့သည့် လေ့လာမှု တခုအရ သင့်၏ တောင်းပန်မှုဟာ အားကောင်းတဲ့ ပြန်လည် ပေါင်းစည်းမှုကို ဖြစ်စေနိုင်ပေမယ့် တောင်းပန်းမှုတိုင်းဟာတော့ ရလဒ် မတူနိုင်ဘူး လို့ သိရပါတယ်။

ဒါ့ကြောင့် ထိရောက်တဲ့ တောင်းပန်မှု ဖြစ်အောင်လို့ သုတေသီများဟာ အဓိက ပါဝင်ရမည့် အချက် ၆ ချက်ကို ဖော်ထုတ်ခဲ့ပါတယ်။

အဲဒါတွေကတော့ နောင်တရတဲ့ အပြုအမူကိုဖော်ပြခြင်း၊ မှားသွားကြောင်း ရှင်းပြချက်၊ တာဝန်ယူမှု အတွက်တုံ့ပြန်မှု၊ နောင်တရကြောင်း ကြေငြာခြင်း၊ ပြုပြင်ဖို့အတွက် ကမ်းလှမ်းခြင်း နှင့် ခွင့်လွှတ်မှုကို တောင်းခံခြင်းတို့ ပါဝင်ပါတယ်။

အထက်ပါ အချက်တွေ အားလုံး တောင်းပန်မှုတွင် ပါဝင်ပါက လူများဟာ စဉ်းစားဆင်ခြင်ပြီး ရိုးသားသည့်ပုံပေါက်တဲ့ တောင်းပန်မှုတခုကို ပြုလုပ်နိုင်ပါတယ်။

သုတေသီများဟာ စေတနာ့ ဝန်ထမ်း ၇၅၅ ယောက်ကို ယခင် အလုပ်က အမှား ပြုလုပ်ခဲ့တာကို ဝန်ခံဖို့ အလားအလာ ရှိတဲ့ ဝန်ထမ်းတယောက်နှင့် အတူ စိတ်ကူးယဉ် စီးပွားရေးအခြေအနေ တခုမှာ အလုပ်အင်တာဗျူး လုပ်နေသလို ပြသခဲ့ပါတယ်။

အဲဒီ့ ဝန်ထမ်းဟာ သူ ပြုလုပ်ခဲ့သည့် ယခင် အလုပ်ရှိ အမှားများအတွက် တောင်းပန်မှု ပြုလုပ်ပြခဲ့ပါတယ်။

ထို့နောက် စေတနာ့ ဝန်ထမ်းများဟာလည်း ဒီလိုပုံစံမျိုး အမှားအတွက် တောင်းပန်မှု အမျိုးမျိုးကို ပြုလုပ်ပြီး သူတို့၏ အင်အားကို အကဲ ဖြတ် စေခဲ့ပါတယ်။

အချို့ သူများဟာ တောင်းပန်ရာတွင် ပါဝင်ရမည့် ၆ ချက်လုံး ပါဝင်အောင် တောင်းပန်ခဲ့ကြပြီး အချို့ကတော့ ၁ ခု သို့မဟုတ် အချို့သာ ပါဝင်ခဲ့ပါတယ်။

အဲဒီ့အထဲမှ တောင်းပန်ခြင်း၏ အဓိကပါဝင် ပစ္စည်းများထဲမှ ၂ ခုဟာ ပိုပြီး ထိရောက်နေတာကို တွေ့ရပါတယ်။

အဲဒီ့ ၂ ချက်ကတော့ အမှားပြုလုပ်မိခြင်းကို ဝန်ခံခြင်း နှင့် အဲဒီ့ အမှားကို ပြန်လည် ပြုပြင်ဖို့ ကမ်းလှမ်းတာပဲ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ထိရောက်မှု အနည်းဆုံးမှာ ခွင့်လွှတ်မှုကို တောင်းဆိုသူများ ဖြစ်တယ် ဆိုတာကို တွေ့ရပါတယ်။

“တောင်းပန်မှုနှင့် ပတ်သက်ပြီး စိုးရိမ်စရာတခုကတော့ စကားပြောတာ အပေါစား ဆန်နေတာပါပဲ” လို့ သုတေသီ Roy Lewicki က ရှင်းပြပါတယ်။

“ဒါပေမယ့် ငါမှားတာကို ပြင်မယ်လို့ ပြောခြင်းဖြင့် သင်ဟာ အမှားအယွင်းကို ပြန်ပြင်ဖို့ ကတိပြုတာဖြစ်ပါတယ်။”

“တောင်းပန်ခြင်းဟာ တကယ်ကို အလုပ်ဖြစ်ပါတယ်။ ဒါပေမယ့် သင်ဟာ အဓိက အချက် ၆ ခုကိုတော့ အတက်နိုင်ဆုံး ပါဝင်အောင် သေ ချာလုပ်ရမှာ ဖြစ်တယ်” လို့ Roy က ပြောပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.