ဖိလစ်ပိုင်၏ တောင်တရုတ်ပင်လယ် ရေပိုင်နက်ကို ကာကွယ် ပေးမည့် BrahMos ဒုံးကျည် အကြောင်း

Knowledge Military

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့က အိန္ဒိယ Hindustan Times သတင်းမှ ဖော်ပြထားသည့် အချက်အလက်များအရ ဖိလစ်ပိုင်နိုင်ငံဟာ အိန္ဒိယမှ ဒုံးကျည်များ ဝယ်ယူဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အဆိုပါ ဒုံးကျည်များဟာ အိန္ဒိယ နှင့် ရုရှား ပူးပေါင်း ထုတ်လုပ်ထားသည့် BrahMos ခရုဇ် ဒုံးကျည် စနစ်ဖြစ်ပြီး ဖိလစ်ပိုင်ဟာ ပထမဆုံး ဝယ်ယူတဲ့ နိုင်ငံ ဖြစ်လာမှာ ဖြစ်ပါတယ်။

ဒါဟာ တောင်တရုတ် ပင်လယ်ပြင်အတွင်း တရုတ်နိုင်ငံရဲ့ ကျူးကျော် လာနိုင်မှုကို တန်ပြန်နိုင်ဖို့အတွက် ဖိလစ်ပိုင် နိုင်ငံရဲ့ ခြေလှမ်းတခု လို့ ပြောလို့ရပါတယ်။

တောင်တရုတ် ပင်လယ် အကြောင်းနှင့် ပတ်သက်ပြီး “တောင်တရုတ်ပင်လယ် ပြသနာ နှင့် သိရသလောက်” တွင် ဖတ်ရှု လေ့လာနိုင် ပါတယ်။

၎င်း၏ ဒီဇိုင်းဟာ ရုရှားလုပ် P-800 Oniks / Yakhont အသံထက်မြန် သင်္ဘောဖျက် ခရုဇ် ဒုံးကျည်၏ ဒီဇိုင်းမှ ဆင်းသက်လာတာ ဖြစ်ပါတယ်။

BrahMos ဒုံးကျည်ဟာ တာလတ်ပစ် Ramjet အင်ဂျင်ကို အသုံးပြုထားသည့် အသံထက် မြန်သည့် အိန္ဒိယ၏ အဆင့်မြင့် ဒုံးကျည် အမျိုးအစား တခုဖြစ်ပါတယ်။

ယခု ဒီဇိုင်းမှာတော့ ရေငုပ်သင်္ဘာများ၊ စစ်သင်္ဘောများ၊ လေယာဉ်များ နှင့် မြေပြင်မှ တဆင့် နေရာ မျိုးစုံမှ ပစ်ခတ်နိုင်အောင် ဒီဇိုင်းဆွဲ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

အလေးချိန် အားဖြင့် ၃ တန်လောက် ရှိကာ အလျား ၈.၄ မီတာ (၂၈ ပေ) နှင့် အချင်း ၀.၈ မီတာ (၂ ပေ) လောက်ရှိပြီး တလုံးလျှင် အမေရိကန် ဒေါ်လာ ၂.၇၅ သန်းလောက် ကုန်ကျပါတယ်။

ဒါဟာ အိန္ဒိယ၏ ကာကွယ်ရေး သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (DRDO) နှင့် ရုရှားနိုင်ငံ NPO Mashinostroeyenia (NPOM) တို့ ပူးပေါင်း ထုတ်လုပ်မှုရဲ့ ကြီးမားတဲ့ အောင်မြင်မှု ရလဒ် တခုလည်း ဖြစ်ပါတယ်။

ဒီဒုံးကျည်ရဲ့ နာမည်ကို အိန္ဒိယ မှ ဗြဟ္မပုတ္တရမြစ် (Brahmaputra) နှင့် ရုရှားနိုင်ငံမှ မော်စကဗာမြစ် (Moskva) နာမည် တို့ ကိုပေါင်းစပ်ပြီး BrahMos လို့ အမည်ပေးထားတာ ဖြစ်ပါတယ်။

လက်ရှိမှာ မြေပြင်မှ ပစ်လွှတ်နိုင်သည့် မျိုးကွဲနှင့် သင်္ဘောများမှ ပစ်လွှတ်နိုင်သည့် မျိုးကွဲများဟာ အိန္ဒိယ စစ်တပ်တွင် အသုံးပြုလျှက် ရှိနေပြီ ဖြစ်ပါတယ်။

ဝေဟင်မှ ပစ်လွှတ်နိုင်သည့် မျိုးကွဲကိုတော့ ၂၀၁၃ ခုနှစ်ကတည်းက အိန္ဒိယ လေတပ်၏ Sukhoi Su-30MKI တိုက်လေယာဉ်များတွင် တပ်ဆင် အသုံးပြုနိုင်ဖို့ စမ်းသပ် လုပ်ဆောင်နေပါတယ်။

BrahMos ကို အကွာအဝေး ကီလိုမီတာ ၂၉၀ လောက်အထိ ရောက်အောင် ပစ်လွှတ် တိုက်ခိုက်နိုင်ပြီး အမြန်နှုန်းဟာ အသံထက် ၃ ဆ ကျော်အထိ ရောက်ရှိနိုင်ပါတယ်။

လျှင်မြန်တဲ့ ဒုံးကျည်ရဲ့ အမြန်နှုန်းကြောင့် ပျံသန်းချိန်ကို များစွာ လျှော့ချနိုင်သည့်အတွက် ရန်သူမှ ကြားဖြတ်နိုင်ရန် ခက်ခဲ စေပါတယ်။

ဒီအဆင့်မြင့် ဒုံးကျည်၏ ထိပ်ဖူးတွင် နျူကလီးယား မဟုတ်သည့် သမားရိုးကျ လက်နက် အလေးချိန် ၂၀၀ မှ ၃၀၀ ကီလိုဂရမ် လောက်အထိ ထည့်သွင်းနိုင်ပါတယ်။

ဒုံးကျည်ကို ရုရှား၏ Kh-555 နှင့် Kh-101 မဟာဗျူဟာမြောက် တာဝေးပစ် ဒုံးကျည်များ၏ အဆင့်မြင့် ဂြိုဟ်တု လမ်းညွှန် စနစ်ကို ထည့် သွင်း ပေးထားပြီး GPS-GLONASS နည်းပညာကိုလည်း ထည့်သွင်းထားပါတယ်။

BrahMos-II ဟိုက်ပါဆိုးနစ် ဒုံးကျည်

လက်ရှိမှာ အိန္ဒိယဟာ အသံထက် ၈ ဆ လောက် မြန်အောင် ပစ်ခတ်နိုင်မယ့် BrahMos-II သို့မဟုတ် BrahMos Mark II ကို ထုတ်လုပ်ဖို့ ကြိုးစားနေပါတယ်။

အဆိုပါ ဟိုက်ပါဆိုးနစ် ဒုံးကျည်ဖြစ်တဲ့ BrahMos-II ကို အကွာအဝေး ကီလိုမီတာ ၁ ထောင် (၆၂၀ မိုင်) လောက်အထိ ပစ်ခတ်နိုင်ဖို့ မျှော်လင့်ထားပါတယ်။

အောက်တိုဘာလ ၂၀၁၁ ခုနှစ်မှာ ဒုံးကျည်၏ မျိုးကွဲမျိုးစုံရဲ့ ဒီဇိုင်းများကို ပြီးစီးခဲ့ပြီး ၂၀၁၂ ခုနှစ်ကစပြီး စမ်းသပ်မှုတွေ လုပ်ဆောင်နေပါတယ်။

ဒုံးကျည်တွင် အသုံးပြုထားသည့် အင်ဂျင်ဟာ ယခင် Ramjet အင်ဂျင်အစား Scramjet အင်ဂျင်ကို အသုံးပြုထားပါတယ်။

Scramjet အင်ဂျင်နှင့် ပတ်သက်ပြီး “လက်ရှိ အချိန်အထိ ဗိုလ်စွဲထားတဲ့ ကမ္ဘာ့အမြန်ဆုံး မောင်းသူမဲ့လေယာဉ် အကြောင်း” တွင် ဖော်ပြ ပေးထားပါတယ်။

၎င်းဟာ အောင်မြင်ပြီးစီးပါက ကမ္ဘာပေါ်တွင် အမြန်ဆုံး ဟိုက်ပါဆိုးနစ် ဒုံးကျည် ဖြစ်လာဖွယ် ရှိပြီး ရုရှား၏ စတုတ္ထမျိုးဆက် Lider အတန်း အစား ဖျက်သင်္ဘော ဖြစ်သည့် Project 23560 Lider တွင် အသုံးပြုသွားဖွယ် ရှိနေပါတယ်။

တောင်တရုတ်ပင်လယ် ရေပြင်ပိုင်နက်များ ပိုင်ဆိုင်ထားကြသည့် နိုင်ငံများဟာ လက်ရှိတွင် တရုတ်နိုင်ငံနှင့် ရေပိုင်နက် ဆိုင်ရာ အငြင်းပွား မှု များကြောင့် ဆက်ဆံရေး တင်းမာနေပြီး တရုတ်ကတော့ တောင်တရုတ်ပင်လယ်ပြင် တခုလုံး နီးပါးလောက် ၎င်းတို့ ပိုင်ဆိုင်ကြောင်း ပြောဆိုထားပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *