ဆံပင်များကို အသုံးပြုကာ အပင်စိုက်ပျိုးသည့် နည်းလမ်း စင်္ကာပူတွင် သုတေသန ပြုလုပ်

Innovation Science

မလိုလားအပ်သည့် စွန့်ပစ် ပစ္စည်း အမွှေးအမျှင်များကို မြေဆီလွှာ အစားထိုး ဇီဝ အမှိုက်များအဖြစ် အစားထိုးမည့် နည်းလမ်းအား သုတေသီများက ရှာဖွေ တွေ့ရှိခဲ့ပါတယ်။

စင်္ကာပူနိုင်ငံ Nanyang နည်းပညာ တက္ကသိုလ်မှ ပါမောက္ခ Ng Kee Woei နှင့် Professor Hu Xiao တို့အပြင် Harvard တက္ကသိုလ်မှ သုတေသီများ ပါဝင်သည့် အဖွဲ့ဟာ ဆံပင်မှ ထုတ်ယူထားသည့် Keratin ကို အသုံးပြုကာ မြို့ပြ စိုက်ပျိုးရေးတွင် အသုံးချဖို့ လေ့လာခဲ့ပါတယ်။

လူ့ဆံပင် ၁ ဂရမ်ဟာ ၁.၅ စင်တီမီတာမှ ပတ်လည်နှင့် ၃ စင်တီမီတာ အထူရှိတဲ့ ရေခဲတုံးလောက် အရွယ် အတုံးငယ် တခုကို ဖန်တီးနိုင်ပါတယ်။

Keratin ဆိုသည်မှာ ဆံပင်၊ အရေပြားနှင့် လက်သည်း ခြေသည်းများ အပြင် သိုးမွှေးနှင့် ငှက်မွှေးများတွင် ပါဝင်သည့် ပရိုတင်းတမျိုး ဖြစ်ပါတယ်။

NTU ၏ Materials Science and Engineering ကျောင်းမှ သုတေသနအဖွဲ့၏ ပါမောက္ခ Ng က မွေးမြူရေး လုပ်ငန်းများတွင် သိုးမွှေး၊ ဦးချို၊ ခွာများနှင့် အမွှေးအမျှင်များပေါများတဲ့ အတွက် ဇီဝစွန့်ပစ် ပစ္စည်းများအဖြစ် keratin အများအပြားကို ထုတ်လုပ်နိုင်ကြောင်း ထောက်ပြခဲ့ပါတယ်။

“keratin ကို လယ်ယာစွန့်ပစ် ပစ္စည်း အမျိုးအစား များစွာကနေ ထုတ်ယူနိုင်တဲ့ အတွက် ၎င်းကို အခြေခံတဲ့ ဟိုက်ဒရိုပိုနစ် အလွှာကို တီထွင် ထုတ်လုပ်ခြင်းဟာ ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးရဲ့ တစိတ်တပိုင်း အနေဖြင့်

လယ်ယာစွန့်ပစ် ပစ္စည်းတွေကို ပြန်လည် အသုံးပြုဖို့ အရေးကြီးတဲ့ ဗျူဟာ တခု ဖြစ်နိုင်ပါတယ်” လို့ ၎င်းက ပြောပါတယ်။

hydroponics နည်းဖြင့် စိုက်ပျိုးထားပုံ

hydroponics နည်းလမ်းဟာ သီးနှံများကို မြေမပါဘဲ စိုက်ပျိုးသည့် နည်းလမ်းဖြစ်ပြီး အဲဒီ့အစား ရေနှင့် အာဟာရအတွက် အထောက်အကူပြု ဖွဲ့စည်းပုံနှင့် ရေသိုလှောင်စနစ် အတွက် အလွှာတခုကို အသုံးပြုပါတယ်။

လက်ရှိ အသုံးပြုနေသည့် hydroponics အလွှာများဟာ အပင်ကို အမြစ်တွယ်စေရန်နှင့် မြေအောက်ရှိ အပင်သို့ စီးဆင်းနေသည့် အာဟာရဓာတ်များ ပေးပို့သည့် ရေကို စုပ်ယူရန် အတွက်သာ ဆောင်ရွက်ပါတယ်။

Rockwool၊ polyurethane နှင့် phenolic foams ကဲ့သို့သော ဇီဝနည်းဖြင့် မပျက်စီးနိုင်သော ပစ္စည်းများဖြင့် ပြုလုပ်ထားသည့် အဆိုပါ ကြီးထွားမှု ကြားခံများသည် အသုံးပြုပြီးနောက် စွန့်ပစ်လိုက်သောအခါ စွန့်ပစ် ပစ္စည်းများကို ပိုမို ဖန်တီး စေ ပါတယ်။

ဆန့်ကျင်ဘက် အနေဖြင့် NTU မှ သုတေသီများ ဖန်တီးသော keratin-cellulose အလွှာတွင် အပင်ကြီးထွားမှု အတွက် ၎င်း ၏ ကိုယ်ပိုင် အာဟာရ အရင်းအမြစ်များ ပါ၀င်ပြီး ၎င်းတို့ကို ထိန်းချုပ်ထားသော အခြေအနေအောက်တွင် ရှိနေစေပါတယ်။

ကြားခံအလွှာကို သစ်သား ပျော့ဖတ်မှ ထုတ်နှုတ်ထားသည့် cellulose အမျှင်များဖြင့် ပြုလုပ်ထားပြီး အသုံးပြုပြီးနောက် စွန့်ပစ် ပစ္စည်းများ မကျန်ဘဲ တာရှည်ခံအောင် ပြုလုပ်ထားတာပါ။

Image: Courtesy of Nanyang Technological University

အစေ့အဆန်၊ သီးနှံ အထွက်နှုန်းနှင့် အပင်တစ်ခုလုံး၏ ကျန်းမာရေးကို မြှင့်တင်ရာတွင် ကူညီပေးနိုင်ရန် အတွက် keratin-cellulose အလွှာကိုလည်း အပင် တပင်ချင်းစီ၏ သီးခြား အာဟာရ လိုအပ်ချက်များနှင့် အံဝင်ခွင်ကျ ဖြစ်စေအောင် ဖန်တီးထားပါတယ်။

သုတေသီများဟာ အပင်ကြီးထွားမှု အတွက် အာဟာရ အရင်းအမြစ်ဖြစ်သည့် အမိုင်နို အက်ဆစ် ပါရှိသော keratin ပါဝင်သောကြောင့် ရရှိနိုင်သော ဇီဝအညစ်အကြေး အားလုံးများထဲမှ လူ့ဆံပင်ကို အသုံးပြုရန် ရွေးချယ်ခဲ့ကြပါတယ်။

အမိုင်နိုအက်ဆစ်ဟာ အခြား အာဟာရ အမျိုးအစားများကို စုစည်းစေပြီး အာဟာရနှင့် ရေများကို အချိန်မီ ထုတ်လွှတ်ရန် အရေးကြီးသည့် ထိန်းချုပ်မှု အခြေအနေကို ဖန်တီးဖို့ ကူညီပေးပါတယ်။

ထို့နောက် keratin အား ဆဲလ်လူလို့စ် ဖိုင်ဘာနှင့် ပေါင်းစပ်စေပြီး အလွှာကို ခိုင်ခံ့စေကာ ရေဓာတ် ကြွယ်ဝမှု စွမ်းရည်ကို တိုးတက်စေပါသည်။

လက်ရှိ keratin အခြေခံ အလွှာ၏ အားနည်းချက်ကတော့ လက်ရှိ လုပ်ငန်းသုံး foam များထက် နှစ်ဆမှ သုံးဆ အထိ ပိုမို ကုန်ကျနေခြင်း ဖြစ်ပါတယ်။

အဖွဲ့ဟာ ယခုအချိန်အထိ စီးပွားဖြစ် အနေဖြင့် ထုတ်လုပ်ဖို့ အစီအစဉ် မရှိသေးပေမယ့် လာမယ့် သုံးနှစ် အတွင်းမှာတော့ ဈေးကွက်အတွင်း ရောက်လာနိုင်မယ်လို့ ပြောပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *