ပလတ်စတစ်မှ အစားအစာအဖြစ် ပြောင်းလဲနိုင်မည့် နည်းပညာ

Innovation Tech

တန်ချိန် သန်းပေါင်းများစွာသော တိုးပွားလာသည့် ပလတ်စတစ် အမှိုက်များကြောင့် ကမ္ဘာကြီးနှင့် မှီတင်း နေထိုင်ကြသည့် သက်ရှိ များအပေါ် သက်ရောက်မှုတွေ ရှိနေပါပြီ။

သုတေသီများဟာ ဒီလို ကြီးထွားလာတဲ့ ပြဿနာအတွက် တီထွင်ဖန်တီးမှုများမှ တဆင့် ဖြေရှင်းနည်းများကို ရှာဖွေဖို့ နေ့စဉ်ကြိုးစားနေ ကြပါတယ်။

အဲဒီ့အထဲမှ တွေ့ရှိမှု တခုကတော့ ပလတ်စတစ်များကို ဘက်တီးရီးယားများကို အသုံးပြုကာ အစားအသောက် အရသာတွေ ပြုလုပ်တဲ့ vanillin အဖြစ် ပြောင်းလဲနိုင်တာပါ။

အမေရိကန် သုတေသီ နှစ်ယောက်ဟာ အဆိုပါ တွေ့ရှိမှုကြောင့် 2021 Future Insight ဆုကို ရရှိခဲ့ပါတယ်။

Urbana-Champaign တက္ကသိုလ်မှ ဇီဝအင်ဂျင်နီယာ ပါမောက္ခ Ting Lu နှင့် Michigan နည်းပညာ တက္ကသိုလ်မှ ဇီဝဗေဒသိပ္ပံ တွဲဖက် ပါမောက္ခ Stephen Techtmann တို့ဟာ ပလတ်စတစ်မှ ပရိုတင်း သုတေသနအတွက် ယူရို ၁ သန်း ဆုရခဲ့တာပါ။

Illustration

စီမံကိန်းကို ကနဦးမှာ အဆင့်မြင့် ကာကွယ်ရေး သုတေသန စီမံကိန်း အေဂျင်စီ Defense Advanced Research Projects Agency (DARPA)က ၄ နှစ်အတွင်း ၇.၂ သန်းလောက် ထောက်ပံ့ပေးကာ ပူးပေါင်း ဆောင်ရွက်မှာဖြစ်ပါတယ်။

စီမံကိန်းတွင် ဓာတုနည်းလမ်းဖြင့် မြင့်မားသည့် အပူရှိန် (pyrolysis) ဖြင့် ပလတ်စတစ်ကို ဖြိုခွဲပြီး ပရိုတင်း အမှုန့် နှင့် ချော ဆီ အဖြစ် ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။

နည်းပညာဟာ ဓာတုအဏုဇီဝဗေဒကို အခြေခံပြီး မျိုးရိုးဗီဇ ပြုပြင်ထားသည့် အဏုဇီဝသက်ရှိများကို အသုံးပြုကာ ပလတ်စတစ်များကို ဖြိုခွဲပြီး ပရိုတင်းအဖြစ်သို့ ပြောင်းလဲပေးမှာပါ။

ပလတ်စတစ် အမှိုက်များကို ပထမဆုံးအနေဖြင့် ဓာတ်ပေါင်းဖိုများ အတွင်းသို့ ထည့်ကာ အပူဖြင့် ဖြိုခွဲပါတယ်။

ပထမအဆင့် ပြီးဆုံးပါက ရလာသည့် ပလတ်စတစ်များကို ဘက်တီးရီးယားများက ဆက်လက် စားသုံးပြီး ကြီးထွားစေပါတယ်။

Illustration

အဲဒီ့နောက်မှာတော့ ဆဲလ်များကို အခြောက်ခံကာ အမှုန့်အဖြစ် နောက်ပိုင်းမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Merck Group ၏ အဆိုအရ ရရှိလာသည့် အစားအစာတွင် လိုအပ်သည့် အာဟာရများ ပါဝင်ပြီး အဆိပ်အတောက် ကင်းစင်ကာ ကျန်းမာရေး အကျိုးကျေးဇူးမှာ ပေးနိုင်တယ်လို့ သိရပါတယ်။

Future Insights ဆု အစီအစဉ်၏ တစိတ်တဒေသ အနေဖြင့် အဖွဲ့ဟာ အစားအစာအဖြစ်သို့ ပြောင်းလဲရာတွင် ဇီဝဖြစ်စဉ် သီးသန့်ဖြစ် ရအောင် လုပ်ဆောင်နိုင်ဖို့ ကြိုးစားနေပါတယ်။

အဆိုပါ လုပ်ငန်းစဉ်တွင် ပလတ်စတစ်များ၏ ပိုလီမာများကို ဖြိုခွဲဖို့အတွက် အင်ဇိုင်းများကို အသုံးပြုပြီး ဘက်တီးရီးယားများလည်း ပါဝင်မှာပါ။

Image: Courtesy of Michigan Technological University

ဒါ့အပြင် သုတေသန အဖွဲ့ဟာ အကျိုးရှိသည့် probiotic များကို တိုးမြှင့်ရန်အတွက် ပေါင်းစပ် ဇီဝဗေဒ နည်းလမ်းများကို အသုံးပြုမှာ ဖြစ်ပါတယ်။

ကမ္ဘာကြီးကို ဆိုးကျိုးများ ဖြစ်စေသည့် ပလတ်စတစ်များအား ဖြိုခွဲပြီး အစားအစာအဖြစ် ပြောင်းလဲနိုင်သည့် နည်းပညာဟာ ကမ္ဘာကြီးရဲ့ အနာဂါတ်ကို လှပလာအောင် ဖန်တီးပေးနိုင်မလား စောင့်ကြည့်ရမှာပါ။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 13/3/2022

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *