ပလတ်စတစ်မှ လောင်စာသို့ ပြောင်းလဲ မောင်းနှင်ဖို့ ကြိုးစားနေတဲ့ သမုဒ္ဒရာရှင်းလင်းရေးသင်္ဘောများ အကြောင်း

Innovation Tech

သမုဒ္ဒရာထဲ ရောက်ရှိနေတဲ့ ပလတ်စတစ်ပမာဏဟာ မြင့်မားနေတဲ့အတွက် သန့်ရှင်းရေးလုပ်ဖို့ တည်ဆောက်ထားတဲ့ သင်္ဘောတွေဟာ အဆိုပါ အမှိုက်သရိုက် ပလတ်စတစ်တွေကို သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေ အသုံးပြုဖို့အတွက် လောင်စာဆီအဖြစ် ပြောင်းလဲနိုင်ရင် အဆင်ပြေမှာ အမှန်ပါပဲ။

လေ့လာမှုအသစ်တစ်ခုအရ အမှိုက်တွေကို “အပြာရောင်ဒီဇယ်” အဖြစ်သို့ ပြောင်းလဲနိုင်ဖို့ ဓာတ်ပေါင်းဖိုတွေ တင်ဆောင်လာတဲ့ သင်္ဘောတွေဟာ ကမ်းခြေကို ပြန်ဖို့ လိုအပ်မှုတွေ နှင့် ရုပ်ကြွင်းလောင်စာ လောင်ကျွမ်းမှုတွေကို လျှော့ချနိုင်တယ် ဟုဆိုပါတယ်။

Great Pacific Garbage Patch တွင် တွေ့ရတဲ့ ပလတ်စတစ်အမှိုက်တွေကို စုဆောင်းဖို့ ဒီဇိုင်းထုတ်ထားတဲ့ အမှိုက်စုဆောင်းစနစ်တွေဟာ Ocean Cleanup Project ရဲ့ ကြိုးပမ်းအားထုတ်မှုများကြောင့် ပိုမိုကောင်းမွန်လာပါတယ်။

၎င်းတို့ဟာ အစတုန်းက သမုဒ္ဒရာရေစီးကြောင်းတွေ အကူအညီနဲ့ အမှိုက်တွေကို ဖယ်ရှားရှင်းလင်းပေးဖို့ ရေပေါ်စနစ် အသုံးပြုမယ်ဟု စိတ်ကူးထားသော်လည်း နောက်ဆုံးဗားရှင်းအနေနဲ့ သမုဒ္ဒရာကိုဖြတ်၍ အတားအဆီးအမှိုက်သရိုက်​တွေ​ကို ဆွဲတင်ဖို့အတွက် ရုပ်ကြွင်းလောင်စာ စွမ်းအင်သုံး သင်္ဘောများကို အသုံးပြုတယ်ဟု သိရပါတယ်။

ထို့နောက် စုဆောင်းထားတဲ့ အမှိုက်​တွေကို မိုင်တစ်ထောင်ကျော်ဝေးတဲ့ ကမ်းစပ်ဆီသို့ ပြန်လည်ပို့ဆောင်နိုင်ဖို့လည်း လိုအပ်ပြီး လည်ပတ်မှုအတွက် ကာဗွန်ခြေရာကို ပိုမိုများပြားစေပါတယ်။

ပလတ်စတစ်အမှိုက်ကို အသုံးဝင်တဲ့ လောင်စာအဖြစ်သို့ ပြောင်းလဲနိုင်တယ်ဟူတဲ့ အယူအဆကောင်းတွေကို သိပ္ပံပညာရှင်တွေက အချိန်အတော်ကြာအောင် စူးစမ်းရှာဖွေနေကြပါတယ်။

အဆိုပါ သုတေသနအတွက် အကြီးစားစက်ရုံများရှိ ပလတ်စတစ်များကို ဒီဇယ်ကဲ့သို့ လောင်စာအဖြစ် ဖြိုခွဲနိုင်မည့် နည်းပညာများကိုအသုံးပြုပြီး သင်္ဘောထဲသို့ မိုဘိုင်းဓာတ်ပေါင်းဖိုနှင့် ပေါင်းစည်းနိုင်အောင် တည်ဆောက်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။

ဒီအကြောင်းအရာနှင့်ပတ်သက်တဲ့ နောက်ဆုံးလေ့လာမှုကို ဟားဗတ်တက္ကသိုလ်၊ Worcester Polytechnic Institute နှင့် Woods Hole Oceanographic Institution တို့မှ သိပ္ပံ ပညာရှင်တွေက Hydrothermal liquefaction ဟု ခေါ်သော နည်းပညာ ကို အဓိကထား လုပ် ဆောင်တယ် ဟု ရေးသားထားပါတယ်။

၎င်းတွင် ပလတ်စတစ်ကို အပူချိန် 300 မှ 550°C (572 မှ 1,022°F) အထိ အပူပေးကာ ပင်လယ်ရေမျက်နှာပြင်တွင် တွေ့ရှိရတဲ့ ဖိအား အဆ 250 မှ 300 အထိ သက်ရောက်စေပါတယ်။

ပလတ်စတစ်မှ ရရှိလာတဲ့ `အပြာရောင်ဒီဇယ်´ လောင်စာဆီဟာ စွမ်းအင် သိပ်သည်းဆ ရှိတယ်ဟု ဆိုကာ ပင်လယ်ဒီဇယ် နဲ့ဆင်တူတယ် ဟုဆိုပါတယ်။

ပလတ်စတစ်အမှိုက်များကို လောင်စာအဖြစ်သို့ပြောင်းလဲခြင်းရဲ့ဖြစ်နိုင်ချေကို စူးစမ်းလေ့လာဖို့ သိပ္ပံပညာရှင်တွေ အသုံးပြုတဲ့ မော်ဒယ်ဟာ Great Pacific Garbage Patch တစ်လျှောက် ၂၅ ကီလိုမီတာ (၁၅ မိုင်) အကွာအဝေးတွင် ကျယ်ကျယ်ပြန့်ပြန့် နေရာယူထားပါတယ်။

ပလတ်စတစ်အမှိုက်သရိုက်တွေကို အကောင်းဆုံးစုဆောင်းနိုင်ဖို့ ထိရောက်မှုရှိအောင် ပြုလုပ်ပေးမည်ဖြစ်ပြီး တစ်နှစ်အတွင်း သင်္ဘောတစ်စင်းတည်းနဲ့ စတင် ဝန်ဆောင်မှုပေးမည်ဖြစ်ကာ အများဆုံးအရေအတွက်ကို တပ်ဆင်ခွင့်ပြုမည်ဟု ဆိုပါတယ်။

သင်္ဘောများ အရှိန်အဟုန်ဖြင့် ဖြတ်သန်းသွားသောအခါတွင် စုစည်းထားတဲ့ ပလတ်စတစ်တွေကို ခွဲခြမ်းစိတ်ဖြာဖို့ အပြာရောင်ဒီဇယ် သို့ မပြောင်းမီ ဆားနဲ့ တခြား အညစ်အကြေးတွေကို ဖယ်ထုတ်မည့် နေရာဖြစ်တဲ့ သင်္ဘောပေါ်ရှိ ပြုပြင်ရေး စနစ်သို့ သယ်ယူ ပို့ဆောင်ရေးကိရိယာတွေနဲ့ အလိုအလျောက် ပို့ဆောင်ပေးရပါတယ်။

ဒီနည်းလမ်းက အလုပ်သမားတွေကိုယ်တိုင် အမှိုက်ကောက်ယူခြင်းအပါအဝင် တခြားအမှိုက်စုဆောင်းနည်းတွေနဲ့ ပတ်သတ်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ ဒုတိယအားသာချက်ပဲ ဖြစ်ပါတယ်။

အဆိုပါ စနစ်ရဲ့ လောင်စာဆီထုတ်လုပ်မှုဟာ ရေအောက်ရှိတဲ့ ပလတ်စတစ်ပါဝင်မှုအပေါ် မူတည်ပါတယ်။

သိပ္ပံပညာရှင်တွေက တွက်ချက်ကြည့်ရာ သမုဒ္ဒရာထဲမှာရှိတဲ့ ပလတ်စတစ်ပမာဏဟာ hydrothermal liquefaction ဖြစ်စဥ်နဲ့ အဆိုပါသင်္ဘောကိုယ်တိုင် အသုံးပြုဖို့ စွမ်းအင်အလုံအလောက်ထုတ်ပေးနိုင်ရုံသာမက ၈၀ ရာခိုင်နှုန်းကျော် စွမ်းအင်သိုလှောင်နိုင်ကာ ကမ်းစပ်ကို​ပြန်လည်ရောက်ရှိဖို့ လျှပ်စစ်စွမ်းအင်ကိုအသုံးပြုနိုင်တယ်ဟုလည်း ဆိုပါတယ်။

လက်တွေ့က တွေးခေါ်နေတာထက် ထိရောက်မှုရှိပြီး သုတေသီတွေက ဒါဟာ ကျွန်ုပ်တို့သမုဒ္ဒရာအတွက် ကြီးမားတဲ့ ပလတ်စတစ်ပြသာနာကို ဖြေရှင်းပေးနိုင်မည် ဟု ကောက်ချက်ချကြပါတယ်။

Great Pacific Garbage Patch ပတ်၀န်းကျင်မှာရှိတဲ့ အမှိုက်သရိုက် ပလတ်စတစ်တွေကို ကျွန်ုပ်တို့နားလည်ထားသမျှ နည်းလမ်းမျိုးစုံနဲ့ ဖြည့်ဆည်းရှင်းလင်းပေးဖို့ လိုအပ်တယ်ဟုလည်း မှတ်ချက်ပြုကြပါတယ်။

အပြာရောင်ဒီဇယ်ကို မီးရှို့ပါက ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်နိုင်တယ်ဟု တွက်ချက်ထားပြီး ဒါဟာ ၁၀ နှစ်တာ ကာလ အတွင်း ကမ္ဘာ့ကာဗွန်ဘတ်ဂျက်ပမာဏရဲ့ ၀.၀၂ ရာခိုင်နှုန်းသာ ရှိလိမ့်မည်ဟု တွက်ချက်ထားကြပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.