ပလတ်စတစ် အမှိုက်များမှ အဆောက်အဦးများ အတွက် ဘလောက်တုံးများ ထုတ်လုပ်နေသည့် အကြောင်း

Innovation Tech

ပတ်ဝန်းကျင် ကာကွယ်ရေး အေဂျင်စီ EPA ၏ အဆိုအရ အမေရိကန်တွင် ၂၀၁၇ ခုနှစ်မှာ အစိုင်အခဲ အမှိုက်တန်ချိန်ပေါင်း ၂၆၇.၈ သန်းလောက်အထိ ရှိခဲ့ပြီး ၎င်းတို့ထဲက ၉၄.၂ သန်းကိုသာ ပြန်လည် အသုံးပြုဖို့ လုပ်ဆောင်နိုင်ခဲ့ပါတယ်။

အဲဒီ့အထဲမှာ ပလတ်စတစ် အမှိုက်များထဲမှ ၈ ရာခိုင်နှုန်းသာ ပြန်လည် အသုံးပြုသည့်အထဲတွင် ပါဝင်ခဲ့တာမလို့ ပလတ်စတစ် ပြဿနာဟာ အတော်လေး ကြီးမားပါတယ်။

အမေရိကန်က အမှိုက်တွေ အကြောင်း ပြောရတာ အကြောင်းရှိပါတယ်။

အမေရိကန်ဟာ ပလတ်စတစ်၊ စက္ကူ၊ သတ္တု စသည့် အမှိုက် တန်ချိန် ၁၆ သန်း လောက်ကို မကြာသေးမီကပဲ တရုတ်ကို တင်ပို့ခဲ့ပါတယ်။

Image: Courtesy of ByFusion

အဲဒီ့ အမှိုက်သရိုက်တွေကို တရုတ်မှ အချို့ကို လောင်စာအဖြစ် အသုံးပြုကာ အဆိပ်အတောက်ဖြစ်စေတဲ့ ပတ်ဝန်းကျင်ကို ဖြစ်ပေါ်စေခဲ့ပြီး သုံးမရတဲ့ အမှိုက်တွေကိုတော့ မြို့နဲ့ ဝေးရာ နေရာ၊ ပင်လယ် စသည့် နေရာများသို့ ထပ်မံ စွန့်ပစ်ကာ ရေများကို ညစ်ညမ်းစေခြင်းနှင့် သီးနှံများကို ပျက်စီးစေခြင်း အပြင် လူ့ကျန်းမာရေးကိုပါ ထိခိုက်စေခဲ့ပါတယ်။

၂၀၁၈ ခုနှစ်မှာတော့ တရုတ်ဟာ သန့်စင်မှု စံနှုန်းများနှင့် မကိုက်ညီသည့် ပလတ်စတစ်နှင့် အခြား ပစ္စည်းအများစု တင်သွင်းခြင်းကို တင်းကြပ်စွာ တားမြစ်လိုက်ပါတယ်။

တရုတ် ဈေးကွက် မရှိတဲ့ အခါမှာ ပြန်လည် အသုံးချသည့် လုပ်ငန်းများအတွက် အခြေခံ အဆောက်အအုံ မပြည်စုံသည့် အမေရိကန်ဟာ အဆင်မပြေမှုတွေ ကြုံတွေလာပါတယ်။

အခက်အခဲကြားက ByFusion

ByFusion ဟာ လော့အိန်ဂျယ်လိစ်မှ ကုမ္ပဏီတခုဖြစ်ပြီး ဒီ ပြဿနာတွေကို ကောင်းမွန်တဲ့ အခွင့်အလမ်းများ အနေဖြင့် အသုံးချလိုတဲ့ ဆန္ဒရှိနေပါတယ်။

Image: Courtesy of ByFusion

ကုမ္ပဏီဟာ Blocker လို့ခေါ်တဲ့ ဘလောက်တုံး ပြုလုပ်တဲ့ ကြီးမားတဲ့ စက်ကြီးများကို တည်ဆောက်ပြီး ပလတ်စတစ် အမှိုက်များကို ဖျစ်ညှစ်ကာ အဆောက်အအုံ ဆောက်လုပ်လို့ရမယ့် ByBlock လို့ခေါ်တဲ့ ဘလောက်တုံးများကို ဖန်တီးနေပါတယ်။

အလျား ၁၆ လက်မှ အနံ ၈ လက်မ နှင့် အမြင့် ၈ လက်မ ရှိတဲ့ ByBlock ဘလောက်တုံးများကို အချင်းချင်း ချိတ်ဆက်နိုင်သည့် ပုံစံ ၃ မျိုးဖြင့် ထုတ်လုပ်နေတာ ဖြစ်ပါတယ်။

Fast Company စီးပွားရေး မဂ္ဂဇင်း၏ အဆိုအရ ByBlock ဘလောက်တုံးများဟာ သာမန် အပေါက်ပါ ဘိလပ်မြေ ဘလောက်တုန်းများထက် ပိုမို ပေါ့ပါးပြီး ၁၀ ပေါင်လောက်သာ ရှိတယ်လို့ သိရပါတယ်။

ဈေးပေါပြီး အကြမ်းခံသည့်အတွက် ဒီ ပလတ်စတစ်တုံးတွေကို ကမ္ဘာအနှံ့က ကြိုက်နှစ်သက်ကြမှာဖြစ်ပြီး ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ဖွယ်ရှိပါတယ်။

Image: Courtesy of ByFusion

“သင့်အနေနဲ့ နေ့လည်စာစားပြီး လက်ကျန် ပလတ်တစ်ကို လွှင့်ပစ်၊ ဘလောက်တုံးလုပ်ပြီး နံရံမှာ ကပ်ထားလို့ ရနေပါပြီ” လို့ ByFusion ကို တည်ထောင်သူ Heidi Kujawa က ၂၀၁၇ ခုနှစ်လောက်ကတည်းက ပြောဖူးပါတယ်။

ByBlock ၏ တခုထဲသော အားနည်းချက်မှာ နေရောင်ခြည်ဓာတ်ကို မခံနိုင်တာ ဖြစ်ပေမယ့် ဒါဟာ ဖြေရှင်းရ လွယ်ကူပြီး မျက်နှာပြင်တွင် ဆေးသုတ်လိမ်းခြင်းနှင့် အခြားသော ရာသီဥတုဒဏ် ခံနိုင်သည့် အရာများ အသုံးပြုခြင်းများဖြင့် ရှောင်လွှဲနိုင်ပါတယ်။

ယခုတော့ ByBlock ကို အသုံးပြုထားသည့် အဆောက်အအုံငယ် တခုကို အမေရိကန် အနောက်မြောက်ပိုင်း တောင်ထူထပ်သည့် အိုင်ဒါဟို ပြည်နယ် ဘွိုင်စီ မြို့ရှိ ဒေသခံ ပန်းခြံတခုမှာ တည်ဆောက်ထားပါတယ်။

လုပ်ငန်းတွေ စတင်လည်ပတ်ချိန်မှစပြီး ByFusion ဟာ ပလတ်စတစ် တန်ချိန် ၁၀၀ ကျော်ကို ပြန်လည် အသုံးပြုခဲ့ပြီး ဖြစ်ကာ ၂၀၃၀ ခုနှစ်မှာတော့ တန်ချိန် သန်း ၁၀၀ အထိ ချဲ့ထွင်ဖို့ ရည်မှန်းချက် ထားရှိပါတယ်။

Image: Courtesy of ByFusion

လက်ရှိမှာတော့ တနှစ်လျှင် တန်ချိန် ၄၅၀ လောက်သာ ထုတ်လုပ်နိုင်သည့် ယူနစ် တခုသာ ရှိနေသေးပြီး နောက်ပိုင်းမှာ နိုင်ငံ၏ ကျန်ရှိသည့် နေရာများတွင် တိုးချဲ့သွားမှာ ဖြစ်ပါတယ်။

ကုမ္ပဏီဟာ Blocker စက်များကို မြို့တိုင်းမှာ ထားရှိနိုင်ဖို့ စီစဉ်နေပေမယ့် လက်ရှိတွင် စက်တလုံးကို ဒေါ်လာ ၁.၃ သန်းလောက် ကုန်ကျနေသည့်အတွက် အနည်းငယ်တော့ နှောင့်နှေးနေဦးမှာ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *