ဗြိတိန်၏ F-35 တိုက်လေယာဉ် နှင့် ပြဿနာ အထွေထွေ

Article Military

လက်ရှိတွင် ဗြိတိန်ဟာ ၎င်း၏ လေယာဉ်တင် သင်္ဘောကြီး ၂ စင်းနှင့် တွဲဖက် တာဝန် ထမ်းဆောင်နိုင်ဖို့ F-35B များကို အမေရိကန်ထံမှ ဝယ်ယူထားပါတယ်။

ကမ္ဘာ့ အဆင့်အမြင့်ဆုံး တိုက်လေယာဉ်များလို့ သတ်မှတ်ခံထားရတဲ့ F-35 များ၏ မျိုးကွဲ F-35B အတွက် တစင်းလျှင် အမေရိကန် ဒေါ်လာ သန်း ၁၀၀ လောက် ကုန်ကျထားပါတယ်။

လက်ရှိတွင် ၂၆ စင်း တာဝန် ထမ်းဆောင်နေပြီး တစင်းကို လေ့ကျင့်နေစဉ် ဆုံးရှုံးခဲ့ကာ ၂၀၂၃ ခုနှစ်မှာတော့ နောက်ထပ် ၇ စင်း ထပ်မံ ရရှိမယ်လို့ သိရပါတယ်။

ဗြိတိန်ဟာ ၂၀၂၅ ခု နှစ်ကုန်လောက်မှာ F-35B အစင်းရေ ၄၇ စင်း အထိ လက်ခံရရှိဖို့ ရှိနေပါတယ်။

F-35 ဟာ မူလက ရည်ရွယ်ထားသည့် ပေါ့ပေါ့ပါးပါးနှင့် ဈေးနှုန်း သက်သာမည်ဆိုသည့် ရည်မှန်းချက်မှနေပြီး ကမ္ဘာ့ ကုန်ကျ စရိတ်အကြီးမားဆုံး လေယာဉ် စီမံကိန်းတခု ဖြစ်လာခဲ့တာပါ။

လေယာဉ် စီမံကိန်း အတွက် နောက်ဆုံး အခြေအနေအထိ စုစုပေါင်း ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၄၀၆ ဘီလီယံလောက် အထိ ရှိပါတယ်။

ဗြိတိန်ဟာ ၂၀၂၅ ခုနှစ်တွင် အမေရိကန် လေယာဉ်ထုတ်လုပ်သည့် ကုမ္ပဏီကြီးဖြစ်တဲ့ Lockheed Martin ဆီမှ ပေါင် ၉.၁ ဘီလီယံ တန်ကြေးရှိ F-35 အစင်းရေ ၄၈ စင်းအထိ ဝယ်ယူဖို့ အစီအစဉ် စတင်နေပြီ ဖြစ်ပါတယ်။

ဗြိတိန်၏ F-35 တစင်းအတွက် အမှန်တကယ် ကုန်ကျစရိတ်မှာ ဆော့ဖ်ဝဲလ် အဆင့်မြှင့်မှုများနှင့် အပိုပစ္စည်းများ အပါ အ ဝင် ပေါင် သန်း ၁၅၀ လောက် ရှိပါတယ်။

F-35B

လေယာဉ်တွင် အသုံးပြုနေသည့် ဆော့ဖ်ဝဲလ်ဟာ ဆိုက်ဘာ တိုက်ခိုက်ခံရနိုင်မှု အားနည်းချက် ရှိမရှိဆိုတာကို စိုးရိမ်မှုတွေရှိနေပြီး ဒီဆော့ဖ်ဝဲလ်ကို ဗြိတိန်အနေဖြင့် လွတ်လပ်စွာ စမ်းသပ် ပိုင်ခွင့် မရှိပါဘူး။

တော်ဝင် ရေတပ်၏ အဓိက လေယာဉ်တင် သင်္ဘော HMS Queen Elizabeth ရဲ့ အားနည်းတဲ့ broadband စနစ်ကြောင့်လည်း F-35 တိုက် လေယာဉ်များ၏ စွမ်းဆောင်ရည်ကို အဟန့်အတား ဖြစ်နေပါတယ်။

ပြီးခဲ့သည့် နှစ်အတွင်း ယူရို သန်း ၄၀၀ လောက်လိုအပ်တဲ့ လေယာဉ် လည်ပတ်မှုအတွက် မရှိမဖြစ်လိုအပ်သည့် ကွန်ပျူတာ ကွန်ယက်ပိုင်းဆိုင်ရာ ငွေကြေးလိုအပ်မှုကို တာဝန်ရှိ ဌာနမှ မကူညီပေးနိုင်ပါဘူး။

ဗြိတိန်တွင် ဒီဘတ်ဂျက်ကိစ္စနှင့် ပတ်သက်ပြီး ကာကွယ်ရေး ဝန်ကြီးဌာနှင့် ပါလီမန်တို့ကြား အဆင်မပြေမှုတွေ ရှိနေပါတယ်။

နည်းပညာမြင့် စနစ်သစ်များကြောင့် လိုအပ်ချက်များစွာရှိခဲ့

F-35 တွင် အဆင့်အမြင့်ဆုံး နည်းပညာများကို ထည့်သွင်း တည်ဆောက်ခဲ့တာ ဖြစ်တဲ့အတွက် ယခင်က မကြုံဖူးတဲ့ အမှားအယွင်း ပေါင်းများစွာ ကြုံတွေ့ ခဲ့ရပါတယ်။

၂၀၂၀ ခုနှစ်မှာ ပင်တဂွန်စစ်ဌာနချုပ်မှ F-35 ဂျက်တိုက်လေယာဉ်၏ တိုက်ခိုက်ရေး စနစ်မှ မတူညီတဲ့ ချွတ်ယွင်းမှုပေါင်း ၂၇၆ ခုအထိ ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။

အဲဒီ့အထဲတွင် “Virtual Reality” ခေါင်းဆောင်းနှင့် ပတ်သက်သည့် ပြသနာများနှင့် ၂၅ မီလီမီတာ စက်အမြောက်၏ တုန်ခါမှု များပြားခြင်း ပြသနာများ ပါဝင်ပါတယ်။

ဒေါင်လိုက် အမြှီးတွင် တပ်ဆင်ထားသည့် ပစ္စည်းများ အပူလွန်ကဲခြင်း နှင့် မီးလောင်လွယ်ခြင်းများကိုလည်း တွေ့ရှိ ပြင် ဆင် ခဲ့ကြရပါသေးတယ်။

အမေရိကန် လေတပ်တွင်လည်း အောက်စီဂျင် ပံ့ပိုးမှု ပြသနာဖြစ်မှုကြောင့် ဒါဇင်နဲ့ ချီတဲ့ F-35 လေယာဉ်တွေ ယာယီ ပျံ သန်းမှု ရပ်ဆိုင်းခဲ့ရဖူးပြီး

ဗြိတိန်လေတပ်မှာလည်း ကွန်ပျူတာ စနစ်မှာ အမှားများတွေ့ရှိခဲ့သဖြင့် အမေရိကန် မရင်းတပ်ဖွဲ့ရှိ ဗြိတန်က ဝယ်ယူထားသည့် မော်ဒယ်တူ F-35B များကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ရ ဖူးပါတယ်။

ဒါဟာ လက်ရှိ ဗြိတိန်တော်ဝင် လေတပ်ရဲ့ ကြုံတွေနေတဲ့ အခက်အခဲ အချို့ ဖြစ်ပေမယ့် အနာဂါတ်မှာတော့ ကောင်းမွန် သွား ဖွယ်ရှိနေပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com