လေထဲမှ ကာဗွန်ဒိုင်အောက်ဆိုက်ဖြင့် စိန်များထုတ်လုပ်နေသည့် Aether ကုမ္ပဏီအကြောင်း

Innovation Tech

စိန်ဆိုတာ ရှားပါးပြီး အဖိုးတန်တဲ့အတွက် ကြွယ်ဝတဲ့ လူတွေအတွက် ဆင်မြန်းစရာ ရတနာ တပါးပါ။

ဘော့ဆွာနာ၊ ကွန်ဂို၊ အင်ဂိုလာ နှင့် တောင်အာဖရိကတို့ဟာ အာဖရိကတိုက်တွင် စိန်အထွက်ဆုံး နိုင်ငံများဖြစ်ကြပါတယ်။

ဩစတီးယား နိုင်ငံဟာ ပန်းရောင်၊ အနီ၊ အဝါ နှင့် ခရမ်းရောင် စသည့် အရောင်မျိုးစုံ ရှိတဲ့ စိန်များ အထွက်ဆုံး နိုင်ငံဖြစ်ပါတယ်။

အဆိုပါ နိုင်ငံများထဲမှ ကမ္ဘာပေါ်တွင် စိန်အထွက်ဆုံး နိုင်ငံမှာ ရုရှားဖြစ်ပြီး ဩစတေးလျကတော့ ၁၉၉၁ ခုနှစ် မှ စိန်များကို စတင်တူးဖော်တာ ဖြစ်ပေမယ့် လက်ရှိ ကမ္ဘာပေါ်တွင် ဒုတိယ စိန်ထွက် အများဆုံး နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။

စိန်ဆိုပြီး တွေးလိုက်တာနဲ့ မျက်လုံးထဲတွင် စိန်များ ဝတ်ဆင်ထားသည့် လူများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများရှိသည့် စိန် မိုင်းတွင်းလုပ်ငန်းကို ပြေးမြင်ကြမှာပါ။

Crystal

Ryan Shearman၊ Daniel Wojno နှင့်အတူ Robert Hagemann ဆိုသူတို့ ၂၀၁၈ ခုနှစ်က ပူးပေါင်း တည်ထောင်လိုက်တဲ့ Aether Diamonds ကတော့ စိန်ထုတ်လုပ်ရေးကို တမျိုးတဖုံ ပြောင်းလဲသွားစေနိုင်ပါတယ်။

အဲဒါကတော့ ကုမ္ပဏီဟာ လေထုထဲမှ ကာဗွန်ဒိုင်အောက်ဆိုက်ဒ်များကို အသုံးပြုပြီး စိန်များကို ဖန်တီးဖို့ လုပ်ဆောင်နေလို့ ဖြစ်ပါတယ်။

အဲဒီစိန်တွေက ကောင်းပါ့မလား

ကုမ္ပဏီအဆိုအရ စိန် ၁ ကာရတ်ကို လေထုမှ ကာဗွန်ဒိုင်အောက်ဆိုက်ဒ် မက်ထရစ်တန် ၂၀ နှင့် ညီမျှပြီး အမေရိကန်ရှိ လူတယောက် ၁ နှစ် နှင့် ၃ လ လောက် ကာဗွန်ထုတ်လွှတ်မှုနှင့် ညီမျှတယ်လို့ ဆိုပါတယ်။

ယခုလို စိန်တွေကို ထုတ်လုပ်တာဟာ ကာဗွန်ဒိုင်အောက်ဆိုက်ကို လေထုထဲမှ ဖယ်ရှားနိုင်သည့်အတွက် ရာသီဥတု ပြောင်း လဲမှု တိုက်ဖျက်ရာတွင် အထောက်အကူဖြစ်စေပြီး စိန် တူးဖော်မှု လုပ်ငန်းများမှ လူ့အခွင့်အရေး ချိုးဖောက်မှုများကို လျော့ ကျစေဖို့ ကူညီပေးနိုင်မှာပါ။

လေမှ တဆင့် ကာဗွန် တိုက်ရိုက် ဖမ်းယူသည့် နည်းပညာဟာ Aether ကုမ္ပဏီ၏ ကနဦး ကတည်းက မစ်ရှင် တခု ဖြစ်ပါတယ်။

အဆိုပါ နည်းပညာအကြောင်းကို ၂၀၁၈ ခုနှစ်က ဖတ်ရှုပြီးနောက်မှာ Ryan Shearman နှင့် Daniel Wojno တို့ဟာ ကာဗွန်ဒိုင်အောက်ဆိုက်ဒ်ကို အသုံးပြုပြီး စိန်ထုတ်လုပ်နည်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

Diamonds

ကုမ္ပဏီဟာ မနှစ်ကအထိ စိန် ကာရတ်ပေါင်း ရာနှင့်ချီပြီး ထုတ်လုပ်ခဲ့ပြီး ဖြစ်ကာ ၂၀၂၁ ခုနှစ် နှစ်လယ်လောက်မှ စပြီး တင်ပို့ရောင်းချနေပြီ ဖြစ်ပါတယ်။

Aether ကုမ္ပဏီမှ ၂၀၂၂ ခုနှစ်အတွင်း စိန် ကာရတ်ပေါင်း ထောင်နှင့်ချီ ထုတ်လုပ်ဖို့ စီစဉ်ထားပါတယ်။

ယခုအခါ ကုမ္ပဏီဟာ အဆင့်မြင့် ကုမ္ပဏီ တခု ဖြစ်ကြောင်း အသိအမှတ်ပြု B Corp certification ကို ရရှိထားပြီး ဒီလို လက်မှတ်ကို ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ကုမ္ပဏီပေါင်း ၁ သိန်းလောက်လျှောက်ထားရာမှာ ၄ ထောင်လောက်သာ ရရှိခဲ့တာ ဖြစ်ပါတယ်။

စိန်တွေကို ဘယ်လို ထုတ်လုပ်သလဲ

ပထမဦးစွာ Aether ကုမ္ပစီဟာ ဆွစ်ဇာလန်တွင် ရုံးချုပ်တည်ရှိသည့် Climeworks မှ ကာဗွန်ဒိုင်အောက်ဆိုက်များကို ဝယ် ယူပါတယ်။

အဲဒီ့နောက် အမေရိကန်သို့ ပို့ဆောင်ပြီး ၎င်းအား သန့်စင်သည့် မီသိန်း သို့မဟုတ် CH4 သို့ ပြောင်းလဲ လိုက်ပါတယ်။

ထို့နောက် မီသိန်းကို စိန်ထုတ်လုပ်သည့် ဓာတ်ပေါင်းဖို ထဲသို့ တိုက်ရိုက်ထည့်သွင်းပြီး ဓာတုအငွေ့ပျံ နည်းလမ်းဖြင့် ရက် သတ္တပတ် အနည်းငယ်အတွင်း စိန်အကြမ်းထည်များကို ဖြစ်ထွန်းလာစေပါတယ်။

လေဟာနယ် နီးပါး အခြေအနေအောက်မှာ ဓာတ်ငွေ့များအား အလွန်မြင့်မားသည့် အပူချိန်ဖြင့် အပူပေး ဓာတုအခိုးအငွေ့များ စွန့်ပစ်ခြင်း လုပ်ငန်းစဉ်အား လုပ်ဆောင်စေပါတယ်။

smith

ထိုလုပ်ငန်းစဉ်ကို ကုမ္ပဏီမှ ဆိုလာနှင့် နျူကလီးယား ကဲ့သို့ ကာဗွန်ထုတ်လွှတ်မှု ကင်းစင်သည့် စွမ်းအင်ဖြင့် လုပ်ဆောင်ပါတယ်။

ရရှိလာသည့် စိန်များကို အိန္ဒိယနိုင်ငံ Surat မြို့သို့ ပို့ဆောင်ကာ အချောကိုင် သန့်စင်ပြီး နယူးရော့ခ်သို့ ပြန်လည်ပို့ဆောင်ကာ ရောင်းချတာ ဖြစ်ပါတယ်။

အနာဂါတ်တွင် Aether ၏ စိန်များဟာ သဘာဝတွင်းထွက် စိန်များကို ယှဉ်ပြိုင်နိုင်မလား ဆိုတာ စိတ်ဝင်စားစရာပါ။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 4/3/2022

Content Protection by DMCA.com

Leave a Reply

Your email address will not be published.