နျူကလီးယား စွန့်ပစ်ပစ္စည်းများကို နှစ် ၁ သိန်းလောက် သိမ်းဆည်း ထားနိုင်မယ့် ဆွီဒင်၏ စီမံကိန်း အကြောင်း

Innovation Tech

နျူကလီးယား စွမ်းအင်ဟာ အသုံးပြုသူ လူများ၏ နေ့စဉ်ဘဝ အတွက် သန့်ရှင်းသည့် လျှပ်စစ်ဓာတ်အားကို လုံလောက်စွာဖြင့် ထုတ်လုပ်ပေးနိုင်ပါတယ်။

ဒါ့အပြင် နျူကလီးယား စွမ်းအင်ဟာ ရုပ်ကြွင်းလောင်စာများ (ရေနံ၊ ကျောက်မီးသွေး နှင့် သဘာဝဓာတ်ငွေ့ကဲ့သို့ လောင်စာများ) ကို အစားထိုးဖို့အတွက် လက်ရှိမှာ မရှိမဖြစ် လိုအပ်နေတဲ့ စွမ်းအင်တခုပါ။

နျူကလီးယား စွန့်ပစ်ပစ္စည်းများဟာ ကိုင်တွယ်ရ ခက်ခဲခြင်းဟာ နျူးကလီးယား စွမ်းအင်ကို လူကြိုက်များသင့်သလောက် မများရတဲ့ အကြောင်းအရင်း တခုဖြစ်ပါတယ်။

နိုင်ငံတကာ အဏုမြူ စွမ်းအင် အေဂျင်စီ (Atomic Energy Agency) ၏ အဆိုအရ ကမ္ဘာ့တဝှမ်းမှာ ယာယီ သိုလှောင်ပြီး သုံးစွဲနေသည့် နျူကလီးယား လောင်စာ တန်ချိန် ၃၇၀,၀၀၀ လောက် ရှိတယ်လို့ ခန့်မှန်းရပါတယ်။

အခုတော့ နျူကလီးယားလောင်စာနှင့် စွန့်ပစ်ပစ္စည်းများကို စီမံခန့်ခွဲမှု ပြုလုပ်သည့် SKB ကုမ္ပဏီမှ သိုလှောင်မှုစနစ်တခု တည်ဆောက်ဖို့ ဆွီဒင် အစိုးရမှ ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။

အဆိုပါ သိုလှောင်စနစ်ဟာ နျူကလီးယား လောင်စာများကို လာမယ့် နှစ်ပေါင်း ၁ သိန်းလောက်အထိ ဘေးကင်းစွာ သို လှောင်ထားနိုင်မှာ ဖြစ်ပါတယ်။

“ဒါဟာ သမိုင်းဝင် ဆုံးဖြတ်ချက် တခု ဖြစ်ပြီး SKB ဟာ ကျွန်တော်တို့ မျိုးဆက်မှ နျူကလီးယား စွန့်ပစ် ပစ္စည်း တွေကို ရှင်းလင်းပေးသွားမှာပါ။”

“အခုတော့ ကျွန်တော်တို့ဟာ ဆွီဒင်နိုင်ငံရဲ့ အကြီးဆုံး သဘာဝ ပတ်ဝန်းကျင် ကာကွယ်ရေး စီမံကိန်းကို အကောင်အထည် ဖော် ရန် မျှော်လင့်နေပါတယ်” လို့ SKB ၏ CEO ဖြစ်တဲ့ John Dasht က ကြေငြာချက်တွင် ထုတ်ပြန်ခဲ့ပါတယ်။

SKB ကုမ္ပဏီဟာ ဒီလိုရည်မှန်းချက်ကြီးမားတဲ့ စီမံကိန်းကြီးအတွက် နှစ်ပေါင်း ၄၀ ကြာအောင် ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

ဒီစီမံကိန်းအတွက် ကမ္ဘာအနှံ့ရှိ တက္ကသိုလ်များမှ ကျွမ်းကျင်သူများ၊ သုတေသန အင်စတီကျုများနှင့် အဆင့်မြင့် ပညာရေး အဖွဲ့အစည်းများမှ ကျွမ်းကျင်သူများက ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။

ဒါ့အပြင် ဒီလုပ်ငန်းစဉ်များကို ဆွီဒင် ဓာတ်ရောင်ခြည် ဘေးကင်းရေး အာဏာပိုင် အဖွဲ့ Swedish Radiation Safety Authority နှင့် မြေယာနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးရုံးတို့က ဂရုတစိုက် ပြန်လည် သုံးသပ်ပေးထားပါတယ်။

စီမံကိန်း သရုပ်ပြ Image: Courtesy of SKB

နောက်ထပ် ကောင်းတဲ့အချက်က နျူကလီးယား စွန့်ပစ် ပစ္စည်းများ ဘေးကင်းလုံခြုံရေး စီမံကိန်းမှ အလုပ်အကိုင်များစွာ ဖန်တီးပေးမှာပါ။

၎င်းဟာ ခန့်မှန်းခြေအားဖြင့် အလုပ်အကိုင်ပေါင်း ၁,၅၀၀ လောက်အထိ ဖန်တီးပေးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

အခုတော့ SKB ဧာ မြေယာနှင့် သဘာဝ ပတ်ဝန်းကျင်ရုံးအတွက် လိုင်စင်ကိစ္စကို အပြီးသတ်ရန်နှင့် ဆွီဒင် ဓာတ်ရောင်ခြည်ဘေးကင်းရေး အာဏာပိုင်အဖွဲ့မှ ခွင့်ပြုချက် ရရှိရန် စောင့်ဆိုင်းနေပါတယ်။

အဆိုပါ အဆင့်များအားလုံး ပြီးစီးသွားပါက စက်ရုံတည်ဆောက်ရန် အချိန် ၁၀ နှစ်လောက် ကြာမြင့်မှာ ဖြစ်ပါတယ်။

ဆွီဒင်ဟာ ၁၉၈၀ ခုနှစ်က နျူကလီးယား စွမ်းအင် အသုံးပြုမှ ရပ်တန့်ရန် မဲခွဲ ဆုံးဖြတ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ၎င်းတို့၏ စွမ်းအင်အပေါ် အမြင်များ ပြောင်းလဲလာခဲ့တာပါ။

ဒီလို ကြိုးပမ်းမှုကို ယခုအခါမှာ နိုင်ငံ၏ ရုပ်ကြွင်း လောင်စာ အပေါ် မှီခို အားထားနေရမှုကို အဆုံးသတ် စေဖို့ မရှိမဖြစ် ခြေလှမ်းအဖြစ် ရှုမြင် ထားကြပြီး နိုင်ငံသားများက ပိုမို ကြိုဆိုလျက် ရှိပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.