ခြင်ကောင်ရေ ၂.၄ ဘီလီယံလောက် လွှတ်ပြီး ခြင်နှိမ်နင်းမည့် စီမံကိန်းသစ် အကြောင်း

News Science

ကမ္ဘာ အနှံ့အပြား နေရာ တော်တော်များများမှာ ခြင်တွေကို တွေ့ရှိရပြီး ယခု အချိန်အထိ မျိုးစိတ်ပေါင်း ၃,၅၀၀ ကျော်ကို တွေ့ရှိထားပါတယ်။

ခြင်များဟာ ကမ္ဘာပေါ်မှာ လွန်ခဲ့တဲ့ နှစ် သန်းပေါင်း ၁၀၀ ကျော်ကတည်းက ရှိနေတာပါ။

ခြင်မျိုးစိတ် ထောင်ပေါင်းများစွာ ရှိပေမယ့် အဲဒီ့အထဲက မျိုးစိတ် ၂၀၀ လောက်ကသာ လူကို တိုက်ခိုက်ပြီး Anopheles၊ Culex နှင့် Aedes ၃ မျိုးကသာ ငှက်ဖျားနှင့် သွေးလွန်တုတ်ကွေးကဲ့သို့ ရောဂါများကို သယ်ဆောင်တတ်တယ်လို့ National Geographic က ဖော်ပြထားပါတယ်။

လူတွေဟာ ခြင်တွေကို ရောဂါဘယထက် စိတ်အနှောင့်အယှက်ပေးခြင်း နှင့် ယားယံစေခြင်းတို့ကြောင့် ပိုပြီး မနှစ်မြို့ကြတာပါ။

ခြင်ကြောင့်ဖြစ်တဲ့ ရောဂါများကို သုတေသများက တားဆီးနိုင်ဖို့ ဆောင်ရွက်နေခဲ့တာ အတော်လေး ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

အမေရိကန် အခြေစိုက် ဗြိတိန်ပိုင် ကုမ္ပဏီတခုဖြစ်တဲ့ OXitec ဟာ ခြင်များမှ ပျံ့နှံ့နိုင်သည့် ရောဂါဘယများကို တားဆီးဖို့ ကြိုးစားနေတဲ့ ကုမ္ပဏီများထဲမှ တခုပါ။

ကုမ္ပဏီဟာ OX5034 လို့ အမည်ပေးထားတဲ့ မျိုးရိုးဗီဇအားဖြင့် ပြုပြင်ထားတဲ့ ခြင်များကို ဖန်တီးနေပြီး ခြင်မများကို သား လောင်းအဆင့် မကျော်ခင် ရှင်းလင်းပစ်နိုင်မှာပါ။

ခြင်အမများဟာ လူတွေကို ကိုက်ကာ ရောဂါဘယများကို ဖြန့်ဝေတတ်သည့် အဓိကအရာဖြစ်ပြီး အထီးများကတော့ ဝတ် ရည်ကိုသာ စုပ်ယူစားသုံးတတ်တဲ့အတွက် အန္တရာယ် မရှိပါဘူး။

စီမံကိန်း

ကုမ္ပဏီဟာ အဆိုပါ မျိုးရိုးဗီဇ ပြုပြင်ထားသည့် ခြင်များကို လွှတ်ဖို့ရာအတွက် အမေရိကန် ပတ်ဝန်းကျင်ကာကွယ်ရေး အေဂျင်စီ EPA ကို ခွင့်ပြုချက်တောင်းခံခဲ့ပါတယ်။

အခုတော့ EPA မှ ကုမ္ပဏီ၏ အဆိုပြုချက်ကို ခွင့်ပြုလိုက်ပြီဖြစ်ပြီး ဖလော်ရီဒါ ပြည်နယ်နှင့် ကယ်လီဖိုးနီးယား ပြည်နယ် နှစ်ခုမှာ အဆိုပါခြင်းများကို လွှတ်ပေးသွားမှာ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်ကြား ကာလအတွင်း အဆိုပါ မျိုးရိုးဗီဇ ပြုပြင်ထားသည့် ခြင် အရေအတွက် ၂.၄ ဘီလီယံလောက် အထိ လွှတ်ပေးနိုင်မယ်လို့ ကုမ္ပဏီက မျှော်လင့်ထားပါတယ်။

အဆိုပါ ခြင်မျိုးများမှာ Aedes aegypti မျိုးစိတ် ခြင်ထီးများဖြစ်ပြီး အမများနှင့် မျိုးပွားပါက ခြင်မများကို ဇီဝိန်‌ချုပ်စေမှာ ဖြစ်ပါတယ်။

သုတေသီများဟာ ဒီနည်းလမ်းဖြင့် ခြင်မှတဆင့် ဖြစ်တတ်သည့် ရောဂါများကို ကာကွယ်နိုင်ဖို့ မျှော်လင့်ထားကြပါတယ်။

စိုးရိမ်မှုများ

ခြင်ကောင်ရေ သန်းထောင်ချီပြီး လွှတ်မည့် ကိစ္စဟာ တကယ်တော့ အမှားမခံတဲ့ ကိစ္စတခု ဖြစ်ပါတယ်။

သုတေသီများက ကုမ္ပဏီမှ လွှတ်ပေးမည့် မျိုးရိုးဗီဇ ပြောင်းလဲထားသည့် ခြင်ထီးများဟာ မြုံနေတဲ့ ခြင်တွေမဟုတ်ဘူးဆိုတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် အဆိုပါ ခြင်များဟာ အခန့်မသင့်ပါက ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ပိုမို ဖြစ်စေနိုင်တယ် လို့ ကယ်လီဖိုးနီးယား ပြည်နယ်တွင် နေထိုင်သူ Friends of Earth အစားအသောက်နှင့် နည်းပညာဆိုင်ရာ စီမံကိန်း မန်နေဂျာ Dana Perls က ပြောပါတယ်။

ကယ်လီဖိုးနီးယား ပြည်နယ်ရှိ နိုင်ငံတကာ နည်းပညာ အကဲဖြတ်ရေး နှင့် အစားအသောက်ဘေးကင်းရေး စင်တာ၏ မူဝါဒရေးရာ ညွှန်ကြားရေးမှုးဖြစ်တဲ့ Jaydee Hanson ကတော့

ကယ်လီဖိုးနီးယား ပြည်နယ်မှာ ခြင်မှဖြစ်ပွားတဲ့ ရောဂါတွေ မရှိတဲ့အတွက် ဒီစမ်းသပ်ချက်ဟာ မလိုအပ်ဘဲ အန္တရာယ်များကြောင်း ပြောပါတယ်။

အဓိကအားဖြင့် ၎င်းတို့ဟာ ခြင်သန်းပေါင်းများစွာ လွှတ်ပြီးနောက်ပိုင်းမှာ အကျိုးဆက်တွေကို မထိန်းချုပ်နိုင်မှာ စိုးရိမ်ကြတာဖြစ်ပြီး ကုမ္ပဏီ၏ အဆိုအတိုင်း တကယ် အလုပ်ဖြစ်မဖြစ်ကတော့ စောင့်ကြည်ရမှာပါ။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *