The Economist သတင်းဌာန၏ ဖော်ပြမှုအရ နယူးယော့ခ် အခြေစိုက် ကုမ္ပဏီတခုဖြစ်တဲ့ Pliant Energy Systems ဟာ ကင်းမွန်နဲ့ ဆင်တူတဲ့ ရေအောက်သွား စနစ်တခုကို တည်ဆောက်နေကြောင်း သိရှိရပါတယ်။
Velox လို့ခေါ်တဲ့ ကုမ္ပဏီ၏ biomimetic machine ဖြစ်တဲ့ ဇီဝသက်ရှိများ၏ ပုံစံကို အတုယူထားသည့် အဲဒီ့ စက်ဟာ ရေနေ သတ္တဝါများ၏ ရေယက်စနစ်ကို အသုံးပြုထားတာက ယခင် သမားရိုးကျ ပန်ကာတပ် စနစ်များထက် ပိုပြီး ထိရောက်မှု ရှိတယ် ဆိုတဲ့ နိယာမအပေါ် အခြေ ခံထားပါတယ်။

ငါးတွေ၏ ရေယက်ပုံစံ နှင့် သင်္ဘောများမှ ပန်ကာများ ကွာခြားပုံ
သင်္ဘောများတွင် အသုံးပြုတဲ့ ရေယက် ပန်ကာများနှင့် ငါးများ၏ ရေယက်ပုံစံ ကွာခြားမှုကတော့ မလိုအပ်ဘဲ ပိုမို တွန်းကန်မှုတွေ ပြုလုပ်တဲ့အချိန်မှာ ပင်လယ်ကြမ်းပြင်နှင့် ထိမိပြီး ပျက်စီးနိုင်ခြေ နည်းပါးပါတယ်။
ငါးများ၏ ရေယက်များဟာ လိုက်လျောညီထွေရှိကာ ပင်လယ်အတွင်းရှိ အခြားအရာဝတ္ထု တခုခုနှင့် ထိတွေ့မိပါက ပျက်စီးနိုင်ခြေနည်းပါးပါတယ်။

Pliant Energy Systems ၏ တည်ထောင်သူနှင့် အဏ္ဏဝါဇီဝဗေဒ ပညာရှင်ဟောင်း တယောက်ဖြစ်တဲ့ Benjamin Pietro Filardo ဟာ The Economist နှင့် အင်တာဗျူးတခုမှာ ပျော့ပျောင်းသည့် ရေနေသတ္တဝါ ရေယက်ကဲ့သို့ ပစ္စည်းများကို အသုံးပြုပြီး မောင်းနှင်နိုင်တဲ့ ရေငုပ်ယာဉ်ငယ်ကို ဒီဇိုင်းထုတ်ခဲ့ပုံအား ရှင်းပြခဲ့ပါတယ်။
၎င်း၏ အဆိုအရ Velox ဟာ သမားရိုးကျ လှေငယ်များကို တွန်ကန်အားပေးနေတဲ့ ရေယက်ပန်ကာများထက် ခန့်မှန်း ၃ ဆလောက် တွန်း အား ပိုပေးနိုင်တယ်လို့ သိရပါတယ်။
ဒီယာဉ်မှာ အသုံးပြုထားတဲ့ စနစ်ဟာ ရေအောက်မှာ သွားလာနိုင်ရုံသာမက မြေပြင်မှဦပါ ရေယက်များကို စက်ရုပ်လက်များသဖွယ် အသုံး ပြုပြီး သွားလာနိုင်တယ်လို့ ဆိုပါတယ်။

ပင်လယ်ထဲမှာ မကြာခင် စမ်းသပ်တော့မယ့် ကင်းမွန်ပုံစံ တွန်းကန်စနစ်
Filardo ၎င်း၏ ဒီဇိုင်းသစ်ကို အမေရိကန် ရေတပ်သုတေသနရုံးကို ပြသခဲ့ပြီး ၎င်းတို့နှင့် အတူ Velox ထက် ပိုမို မြန်ဆန်ကာ ပိုမို ပေါ့ပါးမယ့် C-Ray လို့ခေါ်တဲ့ ယာဉ်အသစ်ကို ထပ်မံ ဖန်တီးရာမှာ ဦးဆောင်ပေးနေပါတယ်။
Velox ဟာ ကြိုးဖြင့် ချိတ်ဆက်ပြီး ထိန်းချုပ် မောင်းနှင်ရတာ ဖြစ်ပေမယ့် အခု အသစ်ထွက်ရှိလာမယ့် C-Ray ကတော့ ကြိုးမဲ့စနစ်ဖြင့် ထိန်းချုပ်မောင်းနှင်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီ့နောက် အဆိုပါ ရေငုပ်ယာဉ်များကို အစုလိုက် အပြုံလိုက် အသုံးပြုကာ ရေအောက် ကင်းလှည့်ခြင်း၊ မိုင်းများဖယ်ရှားခြင်း၊ ရေနက်ပိုင်း ရှာဖွေရေးများ နှင့် စောင့်ကြည့်ခြင်း လုပ်ငန်းများတွင် အသုံးပြုမှာ ဖြစ်ပါတယ်။
ယခုနှစ် ဇန်နဝါရီလတုန်းကလည်း ဟားဗတ်ဒ် တက္ကသိုလ်ရှိ သိပ္ပံပညာရှင်များဟာ ပင်လယ်ထဲမှာ စောင့်ကြည့်နိုင်မည့် အလိုအလျှောက်စနစ်ဖြင့် သွားလာနိုင်သည့် စက်ရုပ်ငါး အစုအဝေးကြီးကို ဖန်တီးနေတယ် လို့ ကြေငြာခဲ့ပါသေးတယ်။

ရေတပ် စစ်ဆင်ရေးများအတွက်တော့ Velox ရဲ့ ဆူညံသံ နည်းတဲ့ တွန်ကန်စနစ်ကြောင့် ရန်သူ့ ရေယာဉ်များအနီး ချဉ်းကပ်ရာမှာ အလွယ် တကူ သိရှိနိုင်ချေ နည်းပါးတဲ့ အားသာချက်ကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။
Filardo ၏ အဆိုအရ ဒီစနစ်ဟာ ရေယက်စနစ်ကို အသုံးပြုတဲ့ အလွန်ကြီးမားတဲ့ ပင်လယ်သတ္တဝါမျိုးဖြစ်တဲ့ ဝေလငါးပြာအရွယ်လောက်ရှိတဲ့ တွန်းကန်စနစ်လောက်အထိ အရွယ်အစား ကြီးမားလာနိုင်သည့် အလားအလာ ရှိကြောင်း သိရှိရပါတယ်။
အံ့အားသင့်စရာတခုက Filardo ဟာ တအိအိလှုပ်လို့ရတဲ့ ဒီရေယက်စနစ်ကို ပင်လယ်၊ သမုဒ္ဒရာ ရေစီးကြောင်းများကို အသုံးပြုပြီး အားပြန်သွင်းနိုင်ရန် လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။
စမ်းသပ်မှုများစွာ လိုအပ်နေသေးပေမယ့် Filardo ၏ ကင်းမွန်ကို အခြေခံထားတဲ့ ရေယက်စနစ်ဟာ အလားအလာတွေ အများကြီး ရှိနေပါတယ်။

လက်ရှိ လုပ်ဆောင်နေသည်များ အောင်မြင်သွားပါက ပင်လယ် သမုဒ္ဒရာအတွင်းမှာ တိတ်ဆိတ်စွာ ငုပ်လျှိုးနေတဲ့ စက်ရုပ်ရေနေ သတ္တဝါကြီးများ ဒါမှမဟုတ် စစ်ဘက်ဆိုင်ရာ ရေယာဉ်များကို ရေအောက်မှာ မြင်လာရဖွယ်ရှိနေပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။