လေယာဉ်များကို ထုတ်လုပ်နိုင်ဖို့ ကုမ္ပဏီများဟာ ရှေ့ပြေးပုံစံ ဒီဇိုင်းများဖြင့် ပြိုင်ဆိုင်ရသည့်အခါ အရွေးချယ် မခံရသည့်အခါ ပြတိုက်များတွင် ဇာတ်သိမ်းသွားတာ များပါတယ်။
အထူးသဖြင့် F-22 ဖြစ်လာမည့် YF-22 နှင့် ယှဉ်ပြိုင်ခဲ့သည့် YF-23 Black Window II ဟာ လေယာဉ် ၂ စင်းသာ တည် ဆောက် စမ်းသပ်နိုင်ခဲ့ပြီး ယခုအခါ ပြတိုက်ထဲသို့ ရောက်ရှိနေပြီ ဖြစ်ပါတယ်။
ဒါပေမယ့် အချို့ လေယာဉ်များကတော့ ရှေ့ပြေးပုံစံ အဆင့် ပြိုင်ဆိုင်မှုမှာ ရှုံးနိမ့်ခဲ့ပေမယ့် ကမ္ဘာကျော် လေယာဉ်များ ဖြစ် လာပြီး နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ဖို့ ဒုတိယ အခွင့်အရေး ရရှိခဲ့တာတွေ ရှိပါတယ်။
Grumman F4F Wildcat
အလွန်အောင်မြင်မှု ရရှိခဲ့တဲ့ Grumman F4F Wildcat လေယာဉ်၏ မူလ ဗားရှင်းဟာ Brewster F2A Buffalo ကို ယှဉ်ပြိုင်ရာတွင် အနိုင်မရရှိခဲ့ဘဲ အရွေးချယ်မခံခဲ့ရပါဘူး။

ကံကောင်းချင်တော့ အမေရိကန် ရေတပ်ဟာ Wildcat ကို ဒုတိယ အခွင့်အရေး ပေးခဲ့တဲ့နောက်မှာတော့ ဂျပန်တို့၏ နာမည်ကျော် Mitsubishi A6M Zero များကို ဒုတိယကမ္ဘာစစ်အတွင်းမှာ ကောင်းကောင်း ချေမှုန်းနိုင်ခဲ့ပါတယ်။
Boeing B-17 Flying Fortress
Boeing ၏ Model 299 ဟာ ပြိုင်ဆိုင်မှုတွေ အတော်လေး ကောင်းမွန်ခဲ့ပေမယ့် ကံမကောင်းစွာဖြင့် ပျက်စီးခဲ့ပါတယ်။
B-17 ၏ ပထမဆုံး ရှေ့ပြေးပုံစံ မော်ဒယ်ကို Modell 299 လို့သိကြပြီး ၎င်းဟာ ဒုတိယမြောက် အကဲဖြတ် ပျံသန်းနေစဉ်အတွင်း ပျက်ကျခဲ့ပြီး လေယာဉ်မှူး ၂ ယောက် ဆုံးရှုံး ခဲ့ရပါတယ်။
ဒါ့ကြောင့် Modell 299 ကို အရည်အသွေးမမှီဟု သတ်မှတ်ခဲ့ပြီး ပြိုင်ဘက် Douglas ၏ လေယာဉ်ဖြစ်တဲ့ B-18 က အနိုင် ရရှိသွားပါတယ်။

ကံကောင်းထောက်မစွာဖြင့် အမေရိကန် ကြည်းတပ်အောက်ရှိ လေတပ်ဟာ B-17 ၏ စွမ်းဆောင်ရည်ကို အလွန်အမင်း သ ဘော ကျခဲ့သဖြင့် အဆိုပါ စီမံကိန်းကို ဆက်လက် ရှင်သန်စေခဲ့ပါတယ်။
ဒါ့ကြောင့် B-17 Flying Fortress များဟာ ကမ္ဘာကျော် ဂန္တဝင် ဗုံးကြဲလေယာဉ်ကြီးများ ဖြစ်လာခဲ့ပါတယ်။
McDonnell XF-88 Voodoo
F-86 ၏ ရှေ့ပြေးပုံစံ လေယာဉ်ဟာ XF-88 Voodoo တိုက်လေယာဉ်ကို ကျော်ဖြတ်အနိုင်ယူ ခဲ့ပေမယ့် F-101 Voodoo အတွက် အခြေခံကျတဲ့ လေယာဉ်အဖြစ် ဆက်လက် ရှိနေခဲ့ပါတယ်။
၁၉၄၆ ခုနှစ်မှာ ကြည်းတပ် လက်အောက်ခံ လေတပ်ဟာ တာဝေးသွားနိုင်ပြီး ဂျက်အင်ဂျင်သုံး ဗုံးကြဲလေယာဉ်များအတွက် အစောင့်အရှောက်ဖြစ်စေမည့် လေယာဉ်တစင်းကို အလိုရှိနေခဲ့တာပါ။

McDonnell မှ XF-88 ရှေ့ပြေးပုံစံ လေယာဉ်ဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပေမယ့် F-86 Sabre ၏ ရှေ့ပြေးပုံစံ လေယာဉ်ကို ရှုံးနိမ့်သွားခဲ့ပါတယ်။
ကိုရီးယား စစ်ပွဲ စစ်မြေပြင်တွင် အမေရိကန်တို့ဟာ ရန်သူ့နယ်မြေသို့ ထိုးဖောက်နိုင်မည့် တိုက်လေယာဉ် လိုအပ်နေဆဲ ဖြစ်နေတာကို သိရှိလာပါတယ်။
ဒါ့ကြောင့် McDonnell ဟာ ၎င်း၏ XF-88 ရှေ့ပြေးပုံစံကို F-101 Voodoo ရှေ့ပြေးပုံစံ အဖြစ် အဆင့်မြှင့်တင်ပြီး တည် ဆောက် ခဲ့ရာ အောင်မြင်ခဲ့ပြီး ၁၉၅၇ ခုနှစ် မှ ၁၉၈၃ ခုနှစ်အထိ အသုံးတော်ခံခဲ့ပါတယ်။
Rockwell B-1 Lancer
B-1A ကို ဖျက်သိမ်းခဲ့ပေမယ့် ၁၉၈၀ ခုနှစ်များမှာတော့ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်အဖြစ် B-1B Lancer အဖြစ် ပြန်လည်ဖြစ်ပေါ်လာခဲ့ပါတယ်။

အကြောင်းကတော့ အဲဒီ့အချိန်က အမေရိကန် သမ္မတ Jimmy Carter ဟာ မူလ B-1 အတွက် ဘတ်ဂျက် ဖြတ်တောက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ဖြစ်ပါတယ်။
ဒါပေမယ့် နောက်ပိုင်းမှာ သက်တမ်း ကြာမြင့်လာပြီဖြစ်တဲ့ B-52 ဗုံးကြဲလေယာဉ်ကြီးများ နေရာတွင် အစားထိုးဖို့ လေယာဉ်သစ် လိုအပ်လာတာကို လက်ခံလာပါတယ်။
ပြင်းထန်တဲ့ အခြေအတင် ဆွေးနွေးမှုများ အပြီး ၁၉၈၀ ခုနှစ် များမှာတော့ B-1B Lancer များကို စတင် ထုတ်လုပ်ပါတော့တယ်။
နျူးကလီးယား သဘောတူညီမှု စာချုပ်အရ B-1B Lancer များဟာ နျူးကလီးယား လက်နက်များကို တင်ဆောင် စစ်ဆင်နိုင်ခြင်း မပြုလုပ်နိုင်တော့ပေမယ့် ဘောလ်တစ် ပင်လယ် နှင့် တောင်တရုတ် ပင်လယ်ပြင်တို့ကို စောင့်ရှောက်နိုင်နေဆဲ ဖြစ်ပါတယ်။
Northrop YF-17 Cobra
အမေရိကန် လေတပ်၏ အမြင်မှာတော့ F/A-18 ဖြစ်လာမယ့် YF-17 ဟာ F-16 Fighting Falcon ကို ယှဉ်နိုင်စွမ်း မရှိဘူးလို့ မြင်ခဲ့တာပါ။

ဒါပေမယ့် အမေရိကန် ရေတပ်ကတော့ အဆိုပါ ဒီဇိုင်းမှ တခုခုကို သဘောကျခဲ့ပြီး အဓိက ကျောရိုး တိုက်လေယာဉ်အဖြစ် အသုံးပြုဖို့ ရွေးချယ်ခဲ့ပါတယ်။
ပြုပြင်မွမ်းမံမှု အချို့ ပြုလုပ် အပြီးမှာတော့ ယနေ့အချိန်အထိ အသုံးပြုနေဆဲဖြစ်သည့် ဂန္တဝင် F/A-18 Hornet ကို မွေးဖွားလာနိုင်ခဲ့ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။