ငါးပူတင်း အဆိပ်ကို အသုံးပြုပြီး ဇိမ်ယူတတ်သည့် လင်းပိုင် များ အကြောင်း

Knowledge Nature

ရေနေ သတ္တဝါများထဲတွင် လင်းပိုင် များဟာ အသိဥာဏ်အရှိဆုံး မျိုးစိတ်များထဲမှ တခုအဖြစ် ယူဆလို့ရပါတယ်။

အပန်းဖြေ ဇိမ်ယူမှု အလေ့အထဟာ လူသားတွေအတွက်သာ ကန့်သတ်ထားတာ မဟုတ်ဘဲ လင်းပိုင်များဟာလည်း လူသားများကဲ့သို့ ဇိမ်ခံသည့် အလေ့အကျင့် ရှိတာကို သိရှိခဲ့ရပါတယ်။

ကျွမ်းကျင်သူများဟာ လင်းပိုင်များ အနေဖြင့် ယစ်မူးသည့် အရသာရရှိအောင် ၎င်းတို့၏ ကျွမ်းကျင်မှုကို အသုံးချပြီး ရှာဖွေနိုင်ကြတယ်လို့ ယုံကြည်နေကြပါတယ်။

အကြောင်းကတော့ ရေနေ သတ္တဝါများကို ရိုက်ကူးခဲ့တဲ့ ဗီဒီယို မှတ်တမ်းတခုမှာ လင်းပိုင်ငယ်များဟာ အဆိပ်အတောက်လွှတ်နေတဲ့ ငါးပူ တင်း တမျိုးကို ဂရုတစိုက် လိုသလို အသုံးပြုနေတယ်ဆိုတာကို တွေ့ခဲ့ရလို့ဖြစ်ပါတယ်။

အဲဒီ့ ရုပ်သံ မှတ်တမ်း အစီအစဉ်ဟာ BBC ၏ တောရိုင်း တိရစ္ဆာန် ရုပ်သံမှတ်တမ်း ဆုရ ထုတ်လုပ်သူ John Downer မှ စီစဉ်သည့် Dolphins – Spy in the Pod လို့ အမည်ရတဲ့ ၂၀၁၄ ခုနှစ်က အစီအစဉ် ဖြစ်ပါတယ်။

ငါးပူတင်းမှ အဆိပ်များထွက်လာစေရန် လုပ်ဆောင်နေပုံ Photo: Courtesy Of BBC and John Downer Productions

အဆိုပါ ရုပ်သံ အစီအစဉ်အတွင်းမှာ လင်းပိုင်များဟာ ငါးပူတင်းကို အသုံးပြုပြီး ပျော်ပါး နေကြတာကို ဖော်ပြခဲ့ကြပါတယ်။

ကင်မရာတွင် ဖမ်းမိသည့် မြင်ကွင်းအရ လင်းပိုင်များထဲမှ အတော်များများဟာ ငါးပူတင်းကို ညင်ညင်သာသာ နှင့် ကစားနေကြတာ ဖြစ်ပါတယ်။

၎င်းတို့ဟာ မိနစ် ၂၀ မှ ၃၀ ကြား ခြားပြီး ငါးပူတင်းကို တကောင်ကနေ တကောင် ပစ်ပေးရတာကို နှစ်ခြိုက်ပုံရပြီး မလွတ်သွားဖို့ကို သတိ ထားခဲ့ကြပါတယ်။

လင်းပိုင်များဟာ ငါးပူတင်းမှ ထုတ်လွှတ်တဲ့ ဓာတု အဆိပ်ကို အသုံးပြုပြီး အလွန် နှစ်လိုဖွယ် ကောင်းတဲ့ အရသာကို ခံစားကာ အလွန် “ကောင်း” တဲ့ အနေအထားကို ရောက်ရှိနေခဲ့ပါတယ်။

ထိုကဲ့သို့ လင်းပိုင်များဟာ ညှို့ယူ ဖမ်းစား ခံထားရသကဲ့သို့ ဇိမ်ယူ နေသည့် ရုပ်သံမှတ်တမ်းကို ရိုက်ကူးနိုင်ခဲ့တယ်လို့ Daily News သတင်းဌာနမှ ဖော်ပြခဲ့ပါတယ်။

ဓာတုအဆိပ် ပမာဏဟာ များပြားပါက အသက်အန္တရာယ် ထိခိုက်နေစေပေမယ့် လင်းပိုင်များဟာ ဒီလို အရသာ ရရှိနိုင်ဖို့ ဘယ်လောက် ပ မာဏလိုအပ်မယ်ဆိုတာကို သိရှိပုံ ရနေပါတယ်။

ငါးပူတင်းအား ဝါးအပြီး ဇိမ်ယူ နေသည့် လင်းပိုင်များ Photo: Courtesy Of BBC and John Downer Productions

လင်းပိုင်ငယ်လေးများဟာ ဒါကို အရသာ ရှိမှန်းသိတဲ့အတွက် ရည်ရွယ်ချက်ရှိရှိနဲ့ စမ်းသပ်ခဲ့တာ ဖြစ်တယ်လို့ သတ္တဗေဒပညာရှင် နှင့် အစီ အစဉ် တွဲဖက် ထုတ်လုပ်သူ Rob Pilley တို့က Sunday Times သတင်းဌာနသို့ ပြောပြခဲ့ပါတယ်။

“ငါးပူတင်းကို ညင်ညင်သာသာ ဝါးပြီးတခြား တကောင်ဆီသို့ ပေးပြီးနောက် အထူးခြားဆုံး အပြုအမူကို စတင်ကာ ရေ မျက်နှာပြင်မှာ သူတို့နှာခေါင်းကို တွဲပြီး ချိတ်ဆွဲထားတဲ့ ပုံစံ ပြုလုပ်ကြပါတယ်” လို့ Rob က ရှင်းပြခဲ့ပါတယ်။

ဒီလို မြင်ကွင်းမျိုးကို နာရီပေါင်းများစွာ ရိုက်ကူးနိုင်ဖို့ နှင့် သဘာဝအတိုင်း လေ့လာနိုင်ဖို့ ရိုက်ကူးသူများဟာ ပင်လယ်လိပ် အတုများ၊ ငါး နှင့် ပြည်ကြီးငါး အတုများနှင့် လင်းပိုင်အတုများထဲတွင် ကင်မရာများ ထည့်သွင်း ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 15/10/2022

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *