ဆယ်စုနှစ်ကျော်ကြာ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များကို ဆောင်ရွက်ပြီးနောက်မှာ ခရမ်းရောင် ခရမ်းချဉ်သီးကို အမေရိကန် စိုက်ပျိုးရေးဌာန USDA မှ စိုက်ပျိုးရန် သင့်တော်သည်ဟု မှတ်ချက်ပြုခဲ့ပါတယ်။
အဆိုပါက ယခင်က ရှိပြီးသား မျိုးကွဲများထက် antioxidants ၁၀ ဆ ပိုမို ဖြစ်ပေါ်စေရန် မျိုးရိုးဗီဇ ပြုပြင်ထားတာ ဖြစ်ပါတယ်။
၂၀၀၈ ခုနှစ်က Nature Biotechnology ဂျာနယ်တွင် ဖော်ပြခဲ့သည့် လေ့လာမှုတွင် Anthocyanins လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း အမြောက်အများကို ထုတ်လုပ်နိုင်ဖို့ မျိုးရိုးဗီဇ ပြုပြင်ထားသည့် ခရမ်းချဉ်သီး အမျိုးအစားကို ဖော်ပြခဲ့ပါတယ်။
Anthocyanins ဟာ ဘလူးဘယ်ရီသီးနှင့် အနီရောင် ဂေါဖီထုပ်ကဲ့သို့သော အစားအစာများတွင် သဘာဝအတိုင်း တွေ့နိုင်သည့် ပစ္စည်း ဖြစ်ပါတယ်။
၎င်းဟာ အစားအစာများ၏ ခရမ်းရောင်ခြည် ပစ္စည်းအတွက် အလုပ်လုပ်ပြီး နှလုံးရောဂါနှင့် ဆီးချို ဖြစ်နိုင်ချေကို လျှော့ချခြင်း အပါအဝင် ကျန်းမာရေး အကျိုးကျေးဇူး များစွာကို ရရှိစေနိုင်ပါတယ်။
ခရမ်းရောင် အခွံပါသည့် ခရမ်းချဉ်သီး အမျိုးအစား အချို့တွင် anthocyanins ပါဝင်သည့် ပမာဏ နည်းပါးသော်လည်း ၎င်းတို့ကို မျိုးရိုးဗီဇ ပြုပြင်မှု အနည်းငယ်ဖြင့် တိုးလာအောင် လုပ်နိုင်မလား ဆိုတာ သုတေသီတွေက သိချင်နေခဲ့ပါတယ်။
ဒါ့ကြောင့် အခြား အပင်တပင်ဖြစ်သည့် snapdragon ခေါ် ကျားပါးစပ်ပင်မှ မျိုးရိုးဗီဇ ၂ ခုကို ထုတ်ယူပြီး ခရမ်းရောင် ခ ရမ်း ချဉ်သီးပင်သို့ ပေါင်းထည့်ခဲ့ပါတယ်။
အဲဒီ့နောက်မှာတော့ မျိုးရိုးဗီဇများဟာ အပင်၏ anthocyanins ထုတ်ပေး နိုင်စွမ်းကို တိုးမြှင့်ပေးပြီး ခရမ်းရောင် ကြွယ်ဝသည့် အသားနှင့် ထူးခြားသော ခရမ်းချဉ်သီးကို ဖန်တီးနိုင်ခဲ့ပါတယ်။
၂၀၀၈ ခုနှစ်က လေ့လာမှု အတွင်း ကြွက်များနှင့် စမ်းသပ်ခဲ့ရာ ၎င်းတို့ကို ၃၀ ရာခိုင်နှုန်းလောက် အထိ ပိုမို အသက် ရှည်စေကြောင်း တွေ့ ရှိခဲ့ရပါတယ်။

Image: Courtesy of Norfolk Plant Sciences
စည်းမျဉ်းစည်းကမ်း အရ လုပ်ငန်းစဉ်များကို အချိန်အတော်ကြာ စူးစမ်း လေ့လာပြီး နောက်မှာတော့ ခရမ်းရောင် ခရမ်းချဉ် သီးဟာ USDA ၏ တိရစ္ဆာန်နှင့် အပင် ကျန်းမာရေး စစ်ဆေးမှု ဝန်ဆောင်မှု (APHIS) မှ အတည်ပြုချက်ကို ရရှိခဲ့ပြီး ယခုအခါ ဈေးကွက်သို့ ရောက်ရှိဖို့ ခြေတလှမ်း ပိုမို နီးစပ်လာပါပြီ။
ထိုခွင့်ပြုချက်ဟာ မျိုးရိုးဗီဇ ပြုပြင်ထားသည့် အပင်ကို မည်သည့် နေရာတွင် မဆို စိုက်ပျိုးနိုင်တော့မယ်လို့ အဓိပ္ပါယ် ရပါတယ်။
ဒါ့ကြောင့် ခရမ်းရောင် ခရမ်းချဉ်ပင်များဟာ အခြား ခွင့်ပြုထားသည့် သီးနှံများကဲ့သို့ အမေရိကန်နိုင်ငံရှိ မည်သည့် နေရာတွင် မဆို ဘေးကင်းစွာ စိုက်ပျိုးနိုင်တော့မှာပါ။
လွန်ခဲ့သည့် နှစ်အနည်းငယ် အတွင်း အဆင့်မြှင့်တင်ထားသည့် ခရမ်းချဉ်သီး အသုံးပြုမှု အတွက် အသုံးချနေရာ အများ အ ပြားကိုလည်း ရှာဖွေ တွေ့ရှိထားပါတယ်။
သိပ္ပံပညာရှင်များဟာ ကင်ဆာ သို့မဟုတ် နှလုံး သွေးကြောဆိုင်ရာ ပြဿနာများအတွက် လက်တွေ့ အခြေအနေတွင် စမ်း သပ်နိုင်ဖို့ anthocyanin ကြွယ်ဝသည့် ခရမ်းချဉ်သီး ဖျော်ရည်များကို ထုတ်လုပ်နိုင်ဖို့ အာရုံစိုက်နေကြပါတယ်။
သို့ပေမဲ့ ထိုကဲ့သို့ ထုတ်ကုန်များဟာ ဈေးကွက်သို့ မရောက်ရှိမီ စမ်းသပ်မှုများနှင့် စည်းမျဉ်းဆိုင်ရာ အတားအဆီးများစွာကို ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။
ပထမဆုံး အနေဖြင့် Martin နှင့် Jones တို့ဟာ ခရမ်းရောင် ခရမ်းချဉ်သီး အစေ့များကို အိမ်တွင် တပိုင်တနိုင် စိုက်ပျိုးသူ များအတွက် ရောင်းချပေးမယ်လို့ သိရပါတယ်။
အမေရိကန်၏ ခွင့်ပြုချက်ဟာ မျိုးရိုးဗီဇ ပြုပြင်ထားသည့် ထုတ်ကုန်ကို ကမ္ဘာ့ ပထမဆုံး စိုက်ပျိုးခွင့်ပြုသည့် ခွင့်ပြုချက်တခု ဖြစ်လာပါတယ်။
အဆိုပါ ခရမ်းရောင် ခရမ်းချဉ်သီးများကို ဗြိတိန်မှာ မကြာခင် လွတ်လွတ် လပ်လပ် စိုက်ပျိုးဖို့ ခွင့်ပြု နိုင်လိမ့်မယ်လို့ မျှော် လင့်ရပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။
First Published 13/9/2022