ဗြိတိသျှတို့ ပြည်မြို့က ဖြုတ်ယူသွားတဲ့ ဘုံခုနှစ်ဆင့် ပြာသာဒ်တော်ကြီး အကြောင်း

History Knowledge

မွန်ဘာသာဖြင့် ရေးထိုးထားသော ပြည်မြို့ ရွှေဆံတော်ဘုရား ကျောက်စာအရ သီရိဓမ္မာသောကမင်းကြီးသည် ရွှေမုဋ္ဌောဘွဲ့ဖြင့်စေတီတည်ခဲ့သည်။ ပြည်မြို့ မြစ်ကမ်းနဖူးတွင် ရွှေကျောင်းကြီးစေတီဘွဲ့ဖြင့် ထင်ရှားသည်။ ထို့နောက် မြတ်ချစ်ရှင်ဟု ဘွဲ့တော်ပြောင်းသည်။

သက္ကရာဇ် ၈၉၄ ခုနှစ်တွင် ပြည်ဘုရင် နရပတိမင်းကြီးကမြတ်ချစ်ရှင် စေတီတော်ကြီး၏ တောင်ဘက်တွင် ကြီးကျယ်ခမ်းနားလှသော ဘုရားတန်ဆောင်းရွှေကျောင်းကြီးပြာသာဒ်တော်ကို ဆောက်လုပ်လှူဒါန်းခဲ့သည်။

ခရစ်နှစ် ၁၈၂၅ ခုနှစ်တွင် ပထမ မြန်မာ-အင်္ဂလိပ် စစ်ပွဲဖြစ်ပွားခဲ့သည်။ရွှေကျောင်းကြီးစေတီတော်နှင့် တန်ဆောင်းပြသာဒ်တော်ကြီး ပျက်စီးသွားသည်။ ပြည်ဘုရင် သတိုးမင်းဖျားက ပဉ္စမအကြိမ် ပြုပြင်သည်။ ဘုရားအာရုံခံ တန်‌ဆောင်း ဘုံခုနှစ်ဆင့် ပြာသာဒ်တော်ကြီးအဖြစ် တည်ဆောက်ခဲ့သည်။

ဧဒင်ဉယျာဉ်တွင် တည်ဆောက်ထားသည့် ၁၈၆၀ ခုနှစ်က ပုံ

ရွှေပိန်းချ တိုင်လုံးကြီးပေါင်း နှစ်ဆယ်ခန့်၊ မြန်မာမှု အနုလက်ရာ စုလစ်မွန်းချွန် ကနုတ်ပန်းအလှများဖြင့် ခမ်းနားကြီးကျယ်သည်။ ရွှေကျောင်းကြီး၏ ကောင်ဘက်နှင့် မြောက်ဘက်တွင် မနုဿီဟ ခြင်္သေ့ရုပ် လေးရုပ် ပါရှိသည်။

အဆိုပါ မြန်မာ့ရှေးဟောင်း အနုပညာလက်ရာမွန် ရွှေကျောင်းကြီးဘုရား ပြာသာဒ်တော်ကြီးသည် ယခုအခါ ပြည်မြို့တွင်မရှိတော့ပေ။ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ ဧဒင်ဥယျာဉ်ထဲ ရောက်ရှိနေသည်။

ပြည်မြို့တွင် တည်ရှိခဲ့သည့်အတိုင်း ၁၈၅၆ ခုနှစ်၊ နိုဝင်ဘာလတွင် ပြန်လည်တည်ဆောက်ထားသည်။ပြည်မြို့တွင် တည်ရှိခဲ့သည့်အတိုင်း ပြန်လည်တည်ဆောက်ထားသည်။ ပြသာဒ်တော်သည် ဧဒင်ဥယျာဉ်မြောက်ဘက်ပိုင်းရှိ ရေပတ်ပတ်လည်ဝိုင်းကာ ကျွန်းသဖွယ်ရှိနေသော နေရာတွင်ရှိနေသည်။

ဒုတိယ မြန်မာ-အင်္ဂလိပ် စစ်ပွဲအပြီးတွင် ဗြိတိသျှတို့က ပြည်မြို့မှ ဖျက်ယူသွားကြခြင်းဖြစ်သည်။ ပြည်မြို့သို့လာရောက်လည်ပတ်ရင်း ပြသာဒ်တော်ကို တွေ့ရှိသွားခဲ့သည့် အိန္ဒိယနိုင်ငံဆိုင်ရာ ဘုရင်ခံ လော့ဒ်ဒါလ်ဟိုဇီက အိန္ဒိယသို့ ယူဆောင်သွားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ဧဒင်ဉယျာဉ်တွင် တည်ဆောက်ထားသည့် ၁၉၀၈ ခုနှစ်က ပုံ

ထို့နောက် အရှေ့အိန္ဒိယကုမ္ပဏီပိုင် Shway Gong ဟူသော သင်္ဘောဖြင့် ကာလကတ္တားသို့ သယ်ဆောင်သွားတော့သည်။ သူ၏ရည်ရွယ်ချက်မှာ မြန်မာ့ဗိသုကာ နမူနာအဖြစ် အိန္ဒိယ ဥယျာဉ်အတွင်း ပြန်လည်တည်ဆောက်ပြသထားလိုခြင်းဖြစ်သည်။

ယူဆောင်သွားသော ပြသာဒ်တော်ကို အစပထမတွင် ဝီလျံခံတပ်၌ ထိန်းသိမ်းထားခဲ့ပြီး မှ ဧဒင်ဥယျာဉ်သို့ ပြန်လည်ရွှေ့ခဲ့ခြင်းဖြစ်သည်။ ပြသာဒ်တော်ကြီး ပြန်လည်တည်ဆောက်ရာတွင် မြန်မာ့ ဗိသုကာ လက်မှုပညာရှင် ၁ ဒါဇင် ထက်မနည်းပါဝင်ခဲ့ပြီး အချိန် ၃ လ ကြာ တည်ဆောက်ခဲ့ရကာ တည်ဆောက်ခမှာ အဲဒီအချိန်က ရူပီးငွေ၆၀၀၀ ဖြစ်သည်။

ဗြိတိသျှနယ်ချဲ့တို့သည် သူတို့ယူဆောင်သွားသည့်အကြောင်းကို ” မြန်မာ့အနုပညာ ဗိသုကာလက်ရာကို ပြည်မြို့မှ ၁၈၅၄ ခုနှစ်တွင် ဖျက်ယူလာ၍ ဤနေရာ၌ ၁၈၅၆ နိုဝင်ဘာလတွင် ပြန်လည်တည်ဆောက်ခဲ့သည်” ဟုကျောက်ဖြူပြားပေါ်တွင် ကဗ္ပည်းထိုး ဝန်ခံထားသည်

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *