Queen Elizabeth လေယာဉ်တင်သင်္ဘောများကို Electromagnetic Catapult များ တပ်ဆင်မည်

Military News

ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနမှ Queen Elizabeth အတန်းအစား လေယာဉ်တင် သင်္ဘောများကို လာမယ့် နှစ်များမှာ အီလက်ထရို မဂ္ဂနက်တစ် လေယာဉ်လွှတ်တင် စနစ် တပ်ဆင်သွားမယ်လို့ အတည်ပြုထားပါတယ်။

ဒါဟာ လုံးဝ သတင်း အသစ်တခုတော့ မဟုတ်ပါဘူး။ ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနဟာ လေယာဉ်လွှတ်တင် စနစ်နှင့် ပတ်သက်ပြီး သတင်းအချက်အလက်များ ရှာဖွေနေသည်မှာ အချိန် အတော်ကြာကတည်းက ဖြစ်ပါတယ်။

သတင်းအသစ်ကတော့ အဲဒီ့ စနစ်ကို လက်ရှိ Queen Elizabeth အတန်းအစား လေယာဉ်တင် သင်္ဘောတွေမှာ တပ်ဆင်ဖို့ ဆိုတာပဲ ဖြစ်ပါတယ်။

ဒါဟာ ကာကွယ်ရေး ဝန်ကြီးဌာန၏ မောင်းသူမဲ့ လေယာဉ်ကြီးများကို လေယာဉ်တင်သင်္ဘောပေါ်မှ စေလွှတ်နိုင်စေမည့် စီမံကိန်းထဲက တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။

Queen Elizabeth အတန်းအစား လေယာဉ်တင်သင်္ဘောပေါ်မှ F-35B ၂ စင်း

၂၀၂၁ ခုနှစ် မတ်လ လောက်ကတည်းက ကာကွယ်ရေး ဝန်ကြီးဌာနဟာ ၎င်းတို့၏ သင်္ဘောတစီးစီးတွင် ၃ နှစ်မှ ၅ နှစ်အတွင်း တပ်ဆင်ဖို့ သင့်တော်သည့် လေယာဉ်ပေါင်းစုံအတွက် လေယာဉ်လွှတ်တင်စနစ်နှင့် ဖမ်းယူစနစ်များကို လေ့လာနေခဲ့တာ ဖြစ်ပါတယ်။

ဒီလို အချက်အလက်တွေ တောင်းဆိုမှုဟာ မောင်းသူပါ နှင့် မောင်းသူမပါ လေယာဉ်များအသုံးပြုမည့် ရေတပ်၏ အနာဂါတ် ရေကြောင်း လေကြောင်း တပ်ဖွဲ့၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုဖို့ လို့ ဆိုပါတယ်။

ဝန်ကြီးဌာနဟာ အီလက်ထရို မဂ္ဂနက်တစ် လေယာဉ် လွှတ်တင်စနစ်၊ ဝါယာဖြင့် ပြန်လည် ဖမ်းယူစနစ် နှင့် ပတ်သတ်သည်များကိုပါ အကဲ ဖြတ်ဖို့ ရှာဖွေနေတာ ဖြစ်ပါတယ်။

ဒါဟာ လက်ရှိ လေယာဉ်တင် သင်္ဘောများကို F-35C များတင်ဆောင်နိုင်သည့် CATOBAR (“Catapult Assisted Take-Off But Arrested Recovery”) အသုံးပြုသည့် လေယာဉ်တင် သင်္ဘောမျိုးအဖြစ် ပြောင်းလဲတာနဲ့ ဆက်စပ်နေပါတယ်။

ဒါပေမယ့် ဒီလို လေယာဉ်ပစ်လွှတ်စနစ်တွေ တပ်ဆင်ချင်တာဟာ လက်ရှိ လေယာဉ်တင်သင်္ဘောများတွင် အသုံးပြုနေသည့် F-35B များကို စွန်လွှတ်မည့် အနေအထားတော့ မဟုတ်ပါဘူး။

အကြောင်းကတော့ ဗြိတိန်ဟာ အနာဂါတ်တွင် “Vixen” ကဲ့သို့ ဒရုန်းများနှင့် တိုက်လေယာဉ်များကို တွဲဖက် အသုံးပြုနိုင်ဖို့ ရည်ရွယ်ချက် ရှိနေပါတယ်။

ဒါအပြင် အဆိုပါ ဒရုန်းများကို ကင်းထောက်ခြင်း၊ ဝေဟင်မှ ဝေဟင် လောင်စာဆီဖြည့်တင်းခြင်း အပါအဝင် အခြား ရည်ရွယ်ချက် မျိုးစုံဖြင့် အသုံးပြုဖွယ်ရှိပါတယ်။

သတိပြုရမှာက ဒီ ဒရုန်းဟာ လက်ရှိ တိုက်လေယာဉ်များအတွက်သာဖြစ်ပြီး အနာဂါတ် တိုက်လေယာဉ် Tempest အတွက် မဟုတ်ပါဘူး။

ဗြိတိန်၏ အနာဂါတ် တိုက်လေယာဉ် စီမံကိန်းအကြောင်းကို “ဗြိတိန်၏ အနာဂါတ် တိုက်လေယာဉ် Tempest FCAS ထုတ်လုပ်ဖို့ နောက်တဆင့်ရောက်လာ တွင် ဖတ်ရှုနိုင်ပါတယ်။

ဗြိတိန် တော်ဝင်ရေတပ်ဟာ မောင်းသူမဲ့လေယာဉ်များကို မိတ်ဆက်နိုင်ဖို့ ကြိုးစားနေပြီး ရေတပ် သင်္ဘောအုပ်စုများတွင် မတူညီသည့် လေယာဉ်အမျိုးအစားများကို အသုံးပြုနိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *