အပျော်ရွှင်ဆုံး တိရစ္ဆာန်လို့ သတ်မှတ်ခံထားရတဲ့ Quokka လေးတွေ အကြောင်း

Article Nature

ကမ္ဘာပေါ်မှာ တိရိစ္ဆာန်မျိုးစိတ်များစွာ ကွဲပြားမှုရှိပါတယ်။

လူသားများက ၎င်းတို့ရဲ့ အရွယ်အစား၊ အလေးချိန်၊ အရပ်၊ အမြန်နှုန်းနှင့် အခြားလက္ခဏာများအလိုက် အမည်ပြောင်များ ပေးထားကြပါတယ်။

သို့သော် တိရိစ္ဆာန်တစ်ကောင်ကို ခံစားချက်တစ်ခုနှင့် ပတ်သက်သည့် နာမည်ကို တစ်ခါမှ မပေးခဲ့ပါဘူး။

ဒီတစ်ခါမှာတော့ သြစတြေးလျကျွန်းတွေမှာ အပျော်ဆုံး တိရစ္ဆာန်ဖြစ်တဲ့ ကော့ကာ (Qokka) လေးတွေ အကြောင်း ဖော်ပြလိုက်ပါတယ်။

Quokka လေးတွေရဲ့ စရိုက်လက္ခဏာများ

၂၀၁၃ ခုနှစ်မှာ Quokka လေးတွေကို ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံး တိရစ္ဆာန်အဖြစ် သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။

၎င်းတို့ရဲ့ အပြုံးကြောင့် အဆိုပါ တိရစ္ဆာန်လေးတွေဟာ လာရောက်လည်ပတ်သော ခရီးသွားများ ရိုက်ကူးထားသည့် ထောင် ပေါင်းများစွာသော ဓာတ်ပုံများရဲ့ အဓိကဇာတ်ကောင် ဖြစ်လာခဲ့ပါတယ်။

၎င်းကို သိပ္ပံအမည် အနေနဲ့ quakka သို့မဟုတ် setonix brachyurus ဟု သိကြပြီး ဩစတေးလျ အနောက်တောင်ပိုင်း Perth ဒေသတွင် နေထိုင်ကြပါတယ်။

Illustration

၎င်းတို့ သဘာဝ အလျောက် နေထိုင်ရာ Rottnest ကျွန်းကို ကမ္ဘာလှည့် ခရီးသွားများ လာရောက် လည်ပတ်ပြီး ချစ်စရာကောင်းသော ဆယ်လ်ဖီများ ရိုက်ယူကြပါတယ်။

ကျွန်းကို ပထမဆုံးလာရောက်လည်ပတ်သူတွေက ကြွက်အကြီးကြီးလို့ မြင်တွေ့ကြတဲ့အတွက်ကြောင့် ကျွန်းရဲ့နာမည်ကို “ကြွက်သိုက်” လို့ တင်စားခေါ်ဝေါ်ကြပါတယ်။

ဒါပေမယ့် စုံစမ်းစစ်ဆေးမှုတွေ အများအပြားလုပ်ပြီးနောက်မှာတော့ ၎င်းဟာ သားပိုက်ကောင် မျိုးနွယ်ဝင် marsupial ခေါ် ဝမ်းဗိုက်တွင် အိတ်ပါသည့် မျိုးစိတ် တခု ဖြစ်ကြောင်း တွေ့ရှိခဲ့ရပါတယ်။

အဓိက ကွာခြားချက်မှာ ကြောင်အရွယ်အစားရှိကြတာပဲ ဖြစ်ပါတယ်။

၎င်းတို့က အရှည် ၄၀ မှ ၅၅ စင်တီမီတာကြားရှိ​ကြပြီး ခဲညိုရောင်အမွေး၊ နားရွက်နှင့် အမြီးသေးသေးလေးတွေ ရှိပါတယ်။

၎င်းတို့က သစ်တောများ သို့မဟုတ် တောတောင်များကဲ့သို့ သဘာဝမြစ်လက်တက်များအနီး စိုစွတ်သောနေရာများနှင့် ပူနွေးသောနေရာများကို နှစ်သက်ကြပါတယ်။

ဒီချစ်စရာကောင်းတဲ့ အကောင်လေးတွေက အသီးအရွက်များနှင့် ဘယ်ရီသီးများကို အဓိကအခြေခံစားသုံးကြပြီး အစာရှာဖို့ သစ်ပင်တက်နိုင်စွမ်းရှိကြပါတယ်။

ဒီမျိုးစိတ်တွေရဲ့ ဆွဲဆောင်မှုနောက်တစ်ခုကတော့ သူတို့စားသောက်ပုံပါပဲ။ သူတို့က အစာကို မဝါးကြပါဘူး။ အဲဒီအစား၊ သူတို့က မျိုချပြီး ပြန်စွန့်ထုတ်ကြတာ ဖြစ်ပါတယ်။

Quokka လေးတွေနှင့် အကောင်းဆုံး ဓာတ်ပုံ ရိုက်ချင်တယ်ဆိုရင် စိတ်ရှည်ဖို့လည်း လိုပါတယ်။

လက်ရှိ ကျွန်းပေါ်ရှိ quokkas အရေအတွက်ဟာ ၈၀၀၀ နှင့် ၁၂၀၀၀ အကြားရှိပါတယ်။ ၎င်းတို့က အရေအတွက် အနည်း ငယ်သာရှိပြီး ကိုယ်ဝန်ကာလ တစ်လကြာပါတယ်။

Illustration

နောက်ပြီး မျိုးစိတ်များ လျှင်မြန်စွာ ကြီးထွားဖို့ အခွင့်အလမ်း နည်းပါးပါတယ်။

သားပိုက်ကောင်များကဲ့သို့ပင်၊ quokkas အမ လေးတွေဟာ ၎င်းတို့ရဲ့သားငယ်များကို ခြောက်လကြာ ထိန်းကျောင်းနိုင်သည့် အိတ်တစ်လုံးရှိပါတယ်။

Marsupials အနေဖြင့်၊ quokka မိခင်များဟာ သားငယ်များကို သီးခြားလွတ်လပ်မှုမဖြစ်လာမီ ၁၁ လကြာ အိတ်ထဲတွင် ပြုစုပျိုးထောင်ပေးပါတယ်။

အများအားဖြင့် ငါးနှစ်သာ အသက်ရှင်ကြသော်လည်း အကောင်းဆုံးအခြေအနေများဖြင့် အသက်ဆယ်နှစ်သို့ ရောက်ရှိနိုင်သည့် အခြေအနေများလည်း ရှိပါတယ်။

အဆိုပါ အကောင်လေးတွေဟာ အစာရှာဖို့နဲ့ သားကောင်တွေ လက်ကနေ လွတ်မြောက်ဖို့ မြက်တွေကြားထဲမှာ ဥမင် လိုဏ် ခေါင်းတွေ ဆောက်ကြပါတယ်။

Illustration

၎င်းတို့က ညအချိန် ကျက်စားတက်တာကြောင့် စိတ်ရှည်သည်းခံပြီး နေ့ခင်းဘက်ပေါ်လာဖို့ စောင့်ဖို့ လိုပါတယ်။

Quokka လေးတွေ Social Media ပေါ်မှာ အလွန် ရေပန်းစားရတဲ့ အကြောင်းရင်း

တော်တော်များများက ဒီသြစတြေးလျ တိရစ္ဆာန်လေးတွေနဲ့ တွေ့ချင်ရတဲ့ အကြောင်းရင်းက သူ့ရဲ့ ဖော်ရွေတဲ့ သဘာဝကြောင့်ဖြစ်ပါတယ်။

ကြောက်လန့်ပြီး လူတွေနဲ့ ဝေးရာကို ပြေးမယ့်အစား သူတို့ဟာ စူးစမ်းချင်စိတ် ပြင်းပြကြပါတယ်။

သူတို့ရဲ့ စပ်စုတတ်ပြီး ပေါင်းသင်း ဆက်ဆံတတ်တဲ့ စရိုက်ကြောင့် လူတွေဆီ ချဉ်းကပ်နိုင်ပြီး ခရီးသွားတွေနဲ့ တွေ့ဆုံနိုင်စေပါတယ်။

၎င်းတို့မှာ သားရဲကောင်များ များများစားစားမရှိတဲ့အတွက်ကြောင့် လူသားများနှင့် သာယာဖော်ရွေစွာ နေထိုင်ကြတာ ဖြစ်ပါတယ်။

သူတို့ကို ချစ်စရာကောင်းတဲ့ အသွင်အပြင်နဲ့ လူသားတွေကို တွေ့ဆုံဖို့ စိတ်အားထက်သန်စေတဲ့အရာက သူတို့ရဲ့ အပြုံးပါ။

ဒီတိရစ္ဆာန်ငယ်လေးတွေရဲ့မျက်နှာပေါ်ရှိ အပြုံးတစ်ခုနဲ့တင် ပျော်ရွှင်မှုနှင့် စိတ်ချမ်းသာမှုကို ပေးစွမ်းနိုင်ပါတယ်။

Illustration

အဆိုပါ တိရစ္ဆာ​န်လေးတွေရဲ့ ​ကျဉ်းမြောင်းသော နှာတံ၊ ကြီးမားသော ပါးပြင်များနှင့် သာသာယာယာနေတတ်သော သဘော သဘာဝတွေကြောင့် လူတွေကို ချစ်ခင် ပြုံးပျော်စေတာ ဖြစ်ပြီး ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံး တိရစ္ဆာန် ဘွဲ့အမည်ပေးထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် quakka လေးတွေက ပျော်ရွှင်ခြင်းလား ဝမ်းနည်းခြင်းလား မသိနိုင်​ကြပါဘူး။ ၎င်းတို့က ချစ်စရာ ကောင်းတဲ့ အ သွင်အပြင်ရှိသော်လည်း ၎င်းဟာ ဇီဝဗေဒဆိုင်ရာ ဆင့်ကဲဖြစ်စဉ် တစ်ခုမျှသာ ဖြစ်ပြီး စိတ်ခံစားမှုနှင့် မသက်ဆိုင်ပါဘူး။

Quokka သို့မဟုတ် Selfie ချစ်သူ

၎င်းတို့က တိရိစ္ဆာန်လောကထဲမှာ selfie ရိုက်ခြင်းကို နှစ်သက်ပုံရပါတယ်။ ၎င်းတို့က Instagram မှာ အတော်လေး ရေပန်း စားနေပြီး quokkaselfie hashtag ပါရှိပါတယ်။

လက်ရှိ ၎င်းတို့ရဲ့ ချစ်စရာကောင်းတဲ့ ပုံစံနဲ့ ပတ်သတ်ပြီး ပို့စ်ပေါင်း သောင်းချီ ရှိပါတယ်။

ဩစတေးလျမင်းသား Hugh Jackman က ဓာတ်ပုံရိုက်ပြီး သူ့ရဲ့ လူမှုကွန်ယက်မှာ တင်လိုက်ပြီးနောက် ၂၀၁၅ ခုနှစ်မှာ အ ဆို ပါ ဓာတ်ပုံဟာ ပျံ့နှံ့သွားခဲ့ပြီး တွေ့လိုသူ အများအပြားရဲ့ စူးစမ်းလိုစိတ်ကို နှိုးဆွခဲ့တာ ဖြစ်ပါတယ်။

Image: Courtesy of thoughtnova

မျိုးသုဉ်းရန်အန္တရာယ်ရှိနေတဲ့ Quokkas လေးများ

ဒီတိရိစ္ဆာန်ရဲ့ ပတ်ဝန်းကျင်မှာ အရာ အားလုံးက ပျော်ရွှင်စရာ မဟုတ်ပါဘူး။ ၎င်းမျိုးစိတ်တွေဟာ မျိုးသုဉ်းဖို့ ​အန္တရာယ်နှင့် ရင်ဆိုင်နေရပြီး ထိန်းသိမ်း စောင့်ရှောက်ရေးမှာလည်း ပိုမို ခက်ခဲလာပါတယ်။

အကြောင်းရင်းများမှာ မြေခွေးနှင့် ဒင်ဂိုများကဲ့သို့ ၎င်းတို့ရဲ့ နေထိုင်ရာနေရာတွေမှာ သားကောင်များ၊ သစ်တောပြုန်းတီးမှုနှင့် အဆောက်အအုံများ ဆောက်လုပ်ဖို့ မြေကြီးများကို ပြင်ဆင်မှုများ ပြုလုပ်လာခြင်းကြောင့် ဖြစ်ပါတယ်။

၎င်းတို့ဟာ ထိခိုက်လွယ်သော မျိုးစိတ်များအဖြစ် နိုင်ငံတကာ သဘာဝထိန်းသိမ်းရေးသမဂ္ဂ (IUCN) ရဲ့ အနီရောင်စာရင်းမှာ ပါဝင်နေပါတယ်။

လူများနှင့် ထိတွေ့ဆက်ဆံမှု ပိုမိုများပြားလာတဲ့အတွက်ကြောင့် မျိုးစိတ်များကို ထိန်းသိမ်းဖို့အတွက် သြစတြေးလျအစိုးရက အဆိုပါ တိရစ္ဆာန်များကို ဖမ်းမိခြင်းအား သြစတြေးလျဒေါ်လာ ၃၀၀ မှ ၂,၀၀၀ အထိ ဒဏ်ငွေချမှတ်ခြင်းဖြင့် တားမြစ်ထားပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com