Sikosky ဟာ Lockheed Martin ကုမ္ပဏီ၏ အမေရိကန် အခြေစိုက် လေကြောင်းနှင့် အာကာသ၊ လက်နက်၊ ကာကွယ် ရေး၊ အချက်အလက် လုံခြုံရေး နှင့် နည်းပညာ ကော်ပိုရေးရှင်းတခု ဖြစ်ပါတယ်။
မကြာသေးမီက ကုမ္ပဏီဟာ ၎င်းတို့၏ Raider X ရဟတ်ယာဉ်သစ်၏ ရှေ့ပြေးပုံစံကို Hellfire ဒုံးကျည်များနှင့် ၂၀ မီလီ မီ တာ စက်အမြောက်တပ်ဆင်ပြီး ပြသခဲ့ပါတယ်။
ဒီရဟတ်ယာဉ်ဟာ အမေရိကန် ကြည်းတပ်အတွက် အနာဂါတ် တိုက်ခိုက်ရေး ကင်းထောက် ရဟတ်ယာဉ် Future Attack Reconnaissance Aircraft (FARA) အတွက် Sikorsky ၏ ကြိုးပမ်းမှုတခု ဖြစ်ပါတယ်။

လက်ရှိ Sikorsky မှာ Raider X ရဟတ်ယာဉ်အတွက် လိုအပ်သည့် အစိတ်အပိုင်း ၉၈ ရာခိုင်နှုန်းကို ထုတ်လုပ်နိုင်နေပြီ ဖြစ်ပြီး လေယာဉ်တစင်းလုံးအတွက် အကြမ်းဖျင်း ၉၀ ရာခိုင်နှုန်းလောက် တည်ဆောက်ပြီးနေပြီလို့ ကုမ္ပဏီ၏ ညွှန်ကြားရေးမှူး တယောက်ဖြစ်တဲ့ Jay Macklin က ပြောပါတယ်။
Raider X တွင် ပြောင်း ၃ ခုပါ ပင်မ စက်အမြောက်တခုကို တပ်ဆင်ထားပြီး ပစ်လွှတ်စနစ်များအတွက် မော်ကျူလာစနစ်ကို အသုံးပြုထားပါတယ်။
ဒါ့ကြောင့် ထို ပစ်လွှတ်စနစ်များကို လိုသလို ဖြုတ်လို့ တပ်လို့ ရပြီး ဝေဟင်မှ လွှတ်တင်သည့် ဒရုန်းများပင် ချိတ်ဆွဲ ပစ်လွှတ်နိုင်မှာ ဖြစ်ပါတယ်။

ပင်မ ပန်ကာဒလတ်များကို ရုရှားလုပ် Ka-50 များပုံစံ coaxial rotar system ၂ ထပ် တပ်ဆင်ထားပြီး အမြှီး ပန်ကာဒလတ်များကိုတော့ သမားရိုးကျ ရဟတ်ယာဉ်နှင့် မတူဘဲ လေယာဉ်ပန်ကာများကဲ့သို့ pusher propeller ကို သုံးထားပါတယ်။
အဆိုပါ နည်းပညာကို Sikorsky X2 technology လို့အမည် ပေးထားပါတယ်။
Raider X ကို ဖန်တီးဖို့ရာအတွက် Sikorsky မှ ထုတ်လုပ်ခဲ့သည့် ကနဦး ရှေ့ပြေးပုံစံ S-97 Raider ၏ အစိတ်အပိုင်းပေါင်း ၈၀ ရာခိုင်နှုန်းလောက်ကို အသုံးပြုခဲ့ရပါတယ်။
ဒါပေမယ့် Raider X ကတော့ ပိုပြီး ချွန်တဲ့ ဦးခေါင်းရှိကာ အဆင်း ဂီယာကို ပြောင်းပြန် ပုံစံ တည်ဆောက်ထားပါတယ်။

ရဟတ်ယာဉ်တွင် အဓိက တပ်ဆင်မည့် စနစ်ခွဲအများစုကို တပ်ဆင်ပြီး ဖြစ်ကာ စမ်းသပ်ဆဲဖြစ်ပြီး ဒုတိယမြောက် ရဟတ် ယာဉ် ကိုယ်ထည်ကို နယူးယော့ခ်ရှိ Long Island တွင် တည်ဆောက်နေပါတယ်။
အဲဒီ့နောက်မှာတော့ အဆိုပါ ကိုယ်ထည်ကို ဇူလိုင်လအတွင်းမှ စမ်းသပ်မှုများ ပြုလုပ်ပြီး ဝန်အားခံနိုင်မှု စမ်းသပ်မှုတွေ ပါ ဝင်ပါတယ်။
Bell 360 Invictus တိုက်ခိုက်ရေး ရဟတ်ယာဉ်ဟာလည်း FARA စီမံကိန်းအတွက် တည်ဆောက်နေတာ ဖြစ်ပြီး Raider X နှင့် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
၎င်းကို တက္ကဆက် ပြည်နယ် Amarillo တွင် တည်ဆောက်နေတာဖြစ်ပြီး Raider X နှင့် ကောင်းကောင်း ယှဉ်ပြိုင်နိုင်ပါတယ်။

360 Invictus အကြောင်းကို “မျိုးဆက်သစ် ရဟတ်ယာဉ် Bell 360 INVICTUS အကြောင်း သိရသမျှ” ခေါင်းစဉ်ဖြင့် ဖော် ပြထားပြီး ဖြစ်ပါတယ်။
ထိုရဟတ်ယာဉ် ၂ စင်း၏ ရှေ့ပြေးပုံစံများဟာ ၂၀၂၃ ခုနှစ် ဆောင်းဦးကာလတွင် အမေရိကန် ကြည်းတပ်မှ ကျင်းပသည့် ရွေးချယ်ပွဲမှာ ပြိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။
၎င်းတို့အနက် မည်သည့် ရဟတ်ယာဉ်က အနိုင်ရသည်ဖြစ်စေ အင်ဂျင်ကို General Electric T901 တာဘိုင်အင်ဂျင် တပ်ဆင်ရမှာ ဖြစ်ပါတယ်။
FARA စီမံကိန်းဟာ အမေရိကန် ကြည်းတပ်ရှိ လက်ရှိ အိုမင်းလာပြီဖြစ်တဲ့ ကင်းထောက်နှင့်အပေါ့စား တိုက်ခိုက်ရေး ရ ဟတ် ယာဉ် OH-58D Kiowa Warriors များ နေရာမှာ အစားထုးဖို့ ရည်ရွယ်ထားပါတယ်။

လက်ရှိ ထိုတာဝန်များကို RQ-7 Shadow၊ MQ-1C Gray Eagle နှင့် AH-64 Apache တိုက်ခိုက်ရေး ရဟတ်ယာဉ်များမှ တာဝန်ယူ ထမ်းဆောင်နေရပါတယ်။
Raider ၏ ကနဦး ရှေ့ပြေးပုံစံ S-97 ကို ၂၀၁၅ ခုနှစ်ကတည်းက စတင် ပျံသန်းနေတာ ဖြစ်ကာ နာရီပေါင်း ၁၀၀ ကျော် ပျံ သန်း ပြီး ဖြစ်ပါတယ်။
ဒီလေယာဉ်ဟာ ဒီဇိုင်းအရ အလွန် လျှင်မြန်ပြီး ၂၀၁၅ ခုနှစ် ကနဦး ပျံသန်းမှုများ ကတည်းက တနာရီလျှင် မိုင် ၂၃၀ အထက် အမြန်နှုန်းဖြင့် ပျံသန်းနိုင်ခဲ့ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။