မန်ဆာချူးဆက် အခြေစိုက် Raytheon ကုမ္ပဏီဟာ ကာကွယ်ရေး နှင့် ပတ်သက်သည့် နည်းပညာများ သာမက အခြား နယ်ပယ် များတွင်ပါ နာမည်ကျော်သည့် ကုမ္ပဏီ တခုဖြစ်ပါတယ်။
ဒီတခါ Raytheon မှ မိတ်ဆက်ခဲ့တဲ့ နည်းပညာကတော့ စက်ဘက်ဆိုင်ရာအတွက် အလွန်ကို အသုံးဝင်မယ့် နည်းပညာ တခုပဲ ဖြစ်ပါတယ်။
အဲဒါကတော့ ဒရုန်းတွေ ရာနဲ့ချီကို ထိန်းချုပ်သူ တယောက်ထဲက ညွှန်ကြားနိုင်မှာ ဖြစ်ပြီး ဒီနည်းပညာကို DARPA မှ ဦးစီးသည့် ၅ ကြိမ်မြောက် အစုလိုက် အပြုံလိုက် ဒရုန်း တိုက်ခိုက်ရေး နည်းဗျူဟာ စီမံကိန်း OFFSET တွင် ပြသခဲ့တယ် လို့ ကုမ္ပဏီက ယခုနှစ် အစောပိုင်းအတွင်း ကြေညာခဲ့ပါတယ်။

Image: Courtesy of Raytheon
ဒရုန်းများကို အစုအဝေးလိုက် အသုံးပြုကာ တိုက်ခိုက်တဲ့နည်းအတွက် အချို့ နိုင်ငံများတွင် အဖြေရှိပြီး ဖြစ်နေပေမယ့် ဒီနည်းဗျူဟာက အခုထိ ထိပ်တန်း နည်းဗျူဟာ တခုတော့ ဖြစ်နေဆဲ ဖြစ်ပါတယ်။
Raytheon ဟာ ၎င်း၏ ကိုယ်ပိုင် ဒရုန်း အစုအဝေးများကို တန်ပြန် နှိမ်နင်းနိုင်သည့် နည်းပညာများ ရှိနေစဉ်မှာပဲ ဒရုန်း အစု အဝေးများကို ထိန်းချုပ်နိုင်သည့် နည်းပညာကို ပြသလိုက်တာ ဖြစ်ပါတယ်။
ဒီနည်းပညာကို Raytheon Intelligence and Space ၏ ကုမ္ပဏီခွဲ တခုဖြစ်တဲ့ Raytheon BBN က ထုတ်လုပ်ပေးထားတာ ဖြစ်ပါတယ်။
Raytheon BBN ရဲ့ ဒရုန်း ထိန်းချုပ် စနစ်ဟာ ထိန်းချုပ်သူ တယောက်ထဲနှင့် ဒရုန်း အရေအတွက် ၁၃၀ လောက် အထိ ညွှန်ကြားနိုင်တယ်လို့ ကုမ္ပဏီ၏ ကြေငြာချက်တွင် ဖော်ပြထားပါတယ်။

သရုပ်ပြ
အဆိုပါ နည်းပညာကို အသုံးပြုပြီး ထိန်းချုပ်သူ တယောက် သို့မဟုတ် အဖွဲ့လိုက်ဖြင့် ဝေဟင် သို့မဟုတ် မြေပြင် အခြေပြု အလိုအလျှောက်စနစ်သုံး ယာဉ်များကို လေ့ကျင့်ရေး လိုအပ်မှု အနည်းဆုံးဖြင့် ညွှန်းကြားလုပ်ဆောင်နိုင်မယ်လို့ ကုမ္ပဏီက ပြောပါတယ်။
ထူးခြားချက် တခုက ဒီ ဒရုန်းအစုအဝေး ထိန်းချုပ်သည့် နည်းပညာဟာ အဆင့်အမြင့်ဆုံး ကွန်ပျူတာ တွက်ချက်မှု ပစ္စည်းများ သို့မဟုတ် အခြား အဆင့်မြင့် ရှုပ်ထွေးသည့် ဒရုန်းများတွင် တွေ့ရသည့် အာရုံခံ ကိရိယာများကို အသုံးပြုထားတာ မဟုတ်ပါဘူး။
ကုမ္ပဏီ အဆိုအရ ယခု နည်းပညာဟာ အလွယ်တကူ ဝယ်ယူလို့ ရတဲ့ ဈေးမကြီးတဲ့ အရပ်ဖက်သုံး ဒရုန်းများကို စိတ်ကြိုက်ဖန်တီး ရေးဆွဲထားတဲ့ ဆော့ဖ်ဝဲလ် တခုဖြင့် ထိန်းကျောင်း ဆောင်ရွက်စေတာ ဖြစ်တယ်လို့ သိရပါတယ်။
Raytheon BBN ဟာ ရိုးရှင်းတဲ့ နည်းဗျူဟာ များနှင့် ဆော့ဖ်ဝဲလ်ကို ရေးဆွဲခဲ့တာ ဖြစ်ပြီး အစုလိုက် ဒရုန်းများကို အစီအစဉ်များဆွဲကာ စစ်ဆင်ရေး ရည်မှန်းချက်များ အောင်မြင်အောင် လုပ်ဆောင် နိုင်ဖို့ ဒီဇိုင်းဆွဲထားတယ်လို့ ဆိုပါတယ်။

ထိန်းချုပ်စနစ် သရုပ်ပြ
ကုမ္ပဏီဟာ နောက်ပိုင်းမှာ ဒရုန်းများကို စစ်ဆင်ရေးများ ပြီးစီးအောင် အထိရောက်ဆုံး စွမ်းဆောင်နိုင်ပြီး တက်တက်ကြွကြွ ဆောင်ရွက်နိုင်ဖို့ မော်ကျူလာ စနစ်နှင့် ဗဟိုမှ ထိန်းချုပ်သည့် စနစ်အစား ကိုယ်တိုင် လွတ်လပ်စွာ အလိုအလျှောက်နည်းဖြင့် ပျံသန်းနိုင်အောင် လုပ်ဆောင်နေပါတယ်။
ဒရုန်းများကို တာဝန် တခု ပေးအပ်သည့် အခါ ဒရုန်းများဟာ ၎င်းတို့တွင် တပ်ဆင်ထားသည့် အာရုံခံ ကိရိယာများ၏ လုပ် ဆောင်နိုင်မှုကို တွက်ချက်ပြီး အချင်းချင်း တာဝန် လွှဲပြောင်းခြင်း နှင့် စစ်ဆင်ရေးအတွင်း လိုအပ်နေသည့် နေရာများတွင် အစားထိုး ဆောင်ရွက်ခြင်းများ အလိုအလျှောက် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
ထိန်းချုပ်သူနှင့် ဒရုန်းများ အကြား အပြန်အလှန် တုန့်ပြန်နိုင်မှုကို တိုးတက်စေရန် Raytheon ဟာ မြင်ကွင်းတု စနစ် ကို ဖန် တီးထားတဲ့အတွက် စစ်ဆင်ရေး ဆောင်ရွက်နေစဉ်အတွင်း အဆိုပါ မြင်ကွင်းမှ ပုံဖော်ပေးမှာ ဖြစ်ပါတယ်။
ပါးစပ်ဖြင့် အမိန့်ပေး ညွှန်ကြားစနစ်ကို အသုံးပြုပြီး ထိန်းချုပ်သူဟာ စနစ်များစွာကို တပြိုင်နက် ထိန်းချုပ် ထားပေမယ့် စစ် ဆင်ရေးအတွင်းမှာ လျှင်မြန်စွာ လုပ်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။

သရုပ်ပြ
ယခု နည်းပညာကို တီထွင် ဖန်တီးနေစဉ်တွင် Raytheon နှင့် အတူ Smart Information Flow Technologies ကုမ္ပဏီ နှင့် Oregon ပြည် နယ် တက္ကသိုလ် တို့က ပူးပေါင်း ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။
DARPA နှင့် စာချုပ်ချုပ်ဆိုထားသည့် ဒီနည်းပညာကို Army Expeditionary Warrior Experiment 2022 ပြပွဲတွင် ပြသ ခဲ့ပြီး ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။