လေလည်ရင် မအောင့်သင့်တဲ့ အကြောင်း

Knowledge Science

နောက်တခါ လေလည်မိလို့ အသံထွက်မှာကြောက်တာမျိုး၊ ဝမ်းချုပ်အောင် အောင့်အီးထားတာမျိုး လုပ်တောမယ်ဆိုရင် အခု အကြောင်း အရာလေးကို သတိရရင် လုပ်မိမှာ မဟုတ်ပါဘူး။

အကြောင်းကတော့ အဲဒီ့ လေလည်မှုနှင့် ဝမ်းသွားမှုမှ ထွက်လာတဲ့ လေတွေဟာ သူထွက်လိုတဲ့ နေရာက ထွက်မလာ ရရင် ပါးစပ်ကနေ ထွက်လာတတ်လို့ပါပဲ။

ဟုတ်ပါတယ်။ အဲဒီ့အတွက် သုတေသနတွေ အများကြီး လုပ်ထားပြီး ဖြစ်ပါတယ်။

Conservation ၏ သတင်း တခုတွင် ဖော်ပြထားချက်အရ နယူးကာဆယ် အာဟာရနှင့် အစားအသောက်ဆိုင်ရာ ပါမောက္ခ တစ်ယောက်ဖြစ်တဲ့ Clare Collins မှ မျိုသိပ်ထားတဲ့ ဓာတ်ငွေ့များဟာ သင်၏ အူနံရံကို ဖြတ်သန်းပြီးနောက် သွေးလည်ပတ်မှုထဲကို ပြန်လည် စုပ်ယူသွားနိုင်တယ် လို့ ဆိုပါတယ်။

အဲဒီ့နောက်မှာတော့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အဆိုပါ အငွေ့များကို အသက်ရှုထုတ်တဲ့ အခါမှာ ပြန်လည် စွန့်ထုတ်ပစ်လိုက် ပါတယ်။

Collins မှ “အကြားကြီး အောင့်ထားရင် အူလမ်းကြောင်းထဲမှာ ဓာတ်ငွေ့တွေ စုပုံလာပြီး ထိန်းချုပ်လို့မရတဲ့ လေလည်မှု ပုံစံနဲ့ လွတ်ထွက်သွားမှာပါ” လို့ ပြောပါတယ်။

အဲဒီလို အခြေအနေဆိုရင်တော့ အငွေ့တွေက မှားယွင်းတဲ့ နေရာဖြစ်တဲ့ ပါးစပ်ကနေ တဆင့် ထွက်လာမှာ ဖြစ်ပါတယ်။

သိပ္ပံပညာရှင် အချို့ဟာ လေလည်ခြင်း ဖြစ်စဉ်နှင့် ပတ်သက်လို့ အသေအချာ သိအောင် စူးစမ်းလေ့လာမှုများ ပြုလုပ်ဖူးပါတယ်။

ဆောင်းပါး၏ အောက်ဆုံးတွင် ၎င်းတို့၏ သုတေသန ၃ ခု၏ စာတမ်းများကို သွားရောက် လေ့လာနိုင်ပါတယ်။

ပထမ လေ့လာမှုတခုတွင် ကျန်းမာသည့် စေတနာ့ ဝန်ထမ်း ၁၀ ယောက်လောက်ကို ၎င်းတို့၏ ပုံမှန် အစားအစာများအပြင် ပဲပြုတ် ဆီသွတ်ဘူး တဝက်လောက်ကို ကျွေးကာ ၂၄ နာရီအတွင်း အစာဟောင်း လမ်းကြောင်းထဲသို့ ပြွန်တခုထားကာ စမ်းသပ်ခဲ့ပါတယ်။

ဒါဟာ သုတေသနအတွက် သေးငယ်တဲ့ စာရင်းတခုသာ ဖြစ်ပေမယ့် ရလဒ်တွေကတော့ မှတ်သားလို့ ရပါတယ်။

စမ်းသပ်မှုတွင် အမျိုးသားနှင့် အမျိုးသမီးများဟာ တူညီတဲ့ ဓာတ်ငွေ့ ပမာဏကို ထုတ်လွှတ်ကြပြီး ၈ ခါ လောက် (တလုံးထဲ သို့မဟုတ် အတွဲလိုက် စုစုပေါင်း) လေလည် ကြပါတယ်။

နောက်ထပ် သုတေသန တခုမှာတော့ အမျှင်ဓာတ် မြင့်တဲ့ အစားအစာများကို စားသုံးတဲ့သူတွေဟာ လေလည်တဲ့ အကြိမ်ရေ နည်းကာ အသံပိုကျယ်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။

တတိယမြောက် လေ့လာမှုမှာတော့ ကမ္ဘာပေါ်မှာ အနံ့အပြင်းဆုံး လေလည်ခြင်းတွေရဲ့ အဓိက အကြောင်းတရားကတော့ ဓာတ်ငွေ့ထဲတွင် ဆာလ်ဖာ ပါဝင်‌နေတဲ့ လေလည်ခြင်းတွေ ဖြစ်တယ် ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။

ဒီလို အနံ့ပြင်းမှုကို လူနှစ်ယောက်က တိုင်းတာ စစ်ဆေးပေးခဲ့တာ ဖြစ်လို့ ဒီလူတွေကိုတော့ လေးစားမိပါတယ်။

သိပ္ပံနည်းကျ စစ်ဆေးမှု များမှ ဆောင်းပါ အစမှ Clare Collins ပြောခဲ့သလိုပဲ “မအောင့်အီးပဲ လွှတ်လိုက်ပါ” ဆိုတာကို ထောက်ခံနေပါတယ်။

၂၀၁၀ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “မီသိန်းနှင့် အစာအိမ် အူလမ်းကြောင်းဆိုင်ရာ” သုတေသန စာတမ်းတခုအရ မီသိန်း၊ ဟိုက်ဒရိုဂျင် ဆာလ်ဖိုက်နှင့် အခြား ဓာတ်ငွေ့များဟာ အူလမ်းကြောင်းထဲမှာ ထုတ်လုပ်တာဖြစ်ပြီး အများစုကို စအို သို့မဟုတ် အဆုတ်များမှ မှုတ်ထုတ်လိုက်တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အောင့်အီးထားခြင်းဟာ ဗိုက်အောင်တာတွေ၊ နာကျင်တာတွေ၊ လေတက်တာတွေ ဖြစ်တတ်ပြီး နောက်ဆုံးမှာ ပေါက်ကွဲသံစဉ်တွေတောင် ထွက်လာနိုင်ပါသေးတယ်။

ဒီအကြောင်းကို “လေလည်ခြင်းနှင့် တခါတရံ ထိန်းမရအောင် အသံကျယ်ရခြင်း အကြောင်း” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

ထို့ထက် ပိုတာကတော့ အူနံရံကို ထိခိုက်စေပြီး ပိုးတောင် ဝင်နိုင်ချေ ရှိတတ်ပါတယ်။

အဲဒါကြောင့် တကယ်လို့ ဗိုက်ထဲမှာ ရစ်သီရစ်သီနဲ့ လေလည်ချင်လာရင် သဘာဝက တောင်းဆိုနေပြီလို့သာ မှတ်ယူလိုက်ပါ။

ပြီးရင်တော့ အခန်းလွတ် တခန်းဖြစ်ဖြစ် လူတွေနဲ့ ဝေးတဲ့ နေရာမှာဖြစ်ဖြစ် ရှယ်လွှတ်ပေးလိုက်တာ အကောင်းဆုံးပါ။

Reference: 1st paper, 2nd paper, 3rd paper, 2010 paper

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *