လိပ်များဟာ ငယ်ငယ်က ပုံပြင်ထဲမှာ ယုန်တွေကို အနိုင်ယူသကဲ့သို့ ဘဝနဲ့ဆိုင်တဲ့ ပြိုင်ပွဲမှာလဲ အနိုင်ယူနေဆဲ ဖြစ်ပါတယ်။
ကမ္ဘာ့ပေါ်တွင် အသက်အကြီးဆုံး လိပ်ကြီးကတော့ စိန့်ဟယ်လီနာကျွန်းတွင် ရှိတဲ့ အသက် ၁၈၄ နှစ်ရှိပြီဖြစ်တဲ့ ဂျိုနသန်ပဲ ဖြစ်ပါတယ်။
အထက်ပါလိပ်ကြီးကတော့ သိပ္ပံနည်းကျ သက်တမ်းကို အတည်ပြုပြီး ဖြစ်ပေမယ့် ၂၀၀၆ ခုနှစ်က နောက်ဆုံး အသက်ရှင်ခဲ့တဲ့ လိပ်ကြီးတကောင်ဟာ သက်တမ်း ၂၅၅ နှစ်ရှိတယ်လို့လည်း ဆိုကြပြန်ပါတယ်။
လိပ်ကြီးတွေ အသက်ရှည်ရတဲ့ အကြောင်းကို သုတေသီများဟာ အတိအကျ မပြောနိုင်ကြပေမယ့် ၎င်းတို့၏ နှေးကွေးတဲ့ လှုပ်ရှားမှု ပုံစံနဲ့တော့ ဆက်နွယ်နေတယ်လို့ သိရပါတယ်။

ဧရာမလိပ်ကြီးများတွင် အလွန်နှေးကွေးသည့် ဇီဝ ဖြစ်စဉ်များရှိပါတယ်။ ဆိုလိုတာကတော့ သေးငယ်ပြီး မြန်ဆန်တဲ့ တိရိစ္ဆာန်များထက် စွမ်းအင် သုံးစွဲမှု ပိုမိုနှေးကွေးတာကို ပြောတာပါ။
ဇီဝဖြစ်စဉ်နှေးလျှင် အသက်ရှည်ပြီး မြန်လျှင့် အသက်တိုသည့် သီအိုရီကို ဇီဝဗေဒပညာရှင် Max Rubner က ၁၉၀၈ ခုနှစ်ကတည်းက မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။
ဇီဝဖြစ်စဉ်နှင့် သက်တမ်းရှည်မှု အကြားဆက်နွယ်မှုကို အသေအချာ နားမလည်ကြသေးပေမယ့် အချို့သော ဇီဝဖြစ်စဉ်များဟာ ဆဲလ်များကို ထိခိုက်စေသည့် မတည်ငြိမ်တဲ့ မော်လီကျူးများကို ဖန်တီးစေပြီး ခန္ဓာကိုယ်က စွမ်းအင်ကို ပိုလောင်ကျွမ်းစေပါတယ်။
ဒီသီအိုရီအရ လိပ်များဟာ သူတို့၏ နှေးကွေးသည့် ဇီဝ ဖြစ်စဉ်များကြောင့် စွမ်းအင်နည်းပါးစွာ လောင်ကျွမ်းစေသည့်အတွက် ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များကို ထိခိုက်မှု နည်းစေပါတယ်။
လိပ်တွေ အသက်ရှည်ရတဲ့ အကြောင်းကို ဒီသီအိုရီ တခုထဲနှင့် အပြည့်အဝ ရှင်းမပြနိုင်ပေမယ့် ၎င်းတို့၏ မျိုးပွားမှုဘဝနှင့် အရွယ်အစားဟာ လည်း သက်ဆိုင်နေပါတယ်။
၎င်းတို့၏ ကြီးမား မာကျောသည့် အခွံများနှင့် ပထဝီအနေအထားအရ သီးခြားဖြစ်နေတဲ့ ကျွန်းများတွင် နေထိုင်ကြတဲ့အတွက် သဘာဝ အန္တရာယ်တော်တော်များများကို စိုးရိမ်စရာ မရှိကြပါဘူး။

ဒီလို အခြား တိရစ္ဆာန်များ၏ သားကောင် မဖြစ်လာတာနဲ့အတူ ၎င်းတို့၏ မျိုးစိတ်များကို ရှင်သန်ရန်အတွက် မျိုးပွားဖို့လည်း အလျင်စလို လုပ်စရာမလိုတော့ပါဘူး။
လိပ်များဟာ အသက်ရှင်နေထိုင်ရန်အတွက် အဓိကလိုအပ်တဲ့ ဇီဝအရင်းအမြစ်များကို အများအားဖြင့် သိုလှောင်ထားလေ့ ရှိပါတယ်။
အဲဒီ့ သိုလှောင်ထားတဲ့ ဇီဝ အရင်းအမြစ်များကို ငယ်ရွယ်စဉ်မှာ မျိုးပွားဖို့ရာအတွက် အသုံးပြုစရာ မလိုအပ်ပါဘူး။
ဒါ့ကြောင့် လိပ်များ၏ အသက်ရှည်ရတဲ့ အကြောင်းအရင်းဟာ ဇီဝဖြစ်စဉ်နှေးကွေးမှု၊ သဘာဝအလျှောက် အန္တရာယ်တွေ့နိုင်ခြင်း နည်းပါးမှု နှင့် ငယ်ရွယ်စဉ် မျိုးပွားခြင်း မလုပ်ဆောင်မှုတို့နှင့် ဆက်စပ်နေဖွယ် ရှိပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။