ကြောင်များဟာ ၎င်းတို့၏ ဗီဇ အတိုင်း ကစားရန်၊ ဘေးကင်းရန်၊ အိပ်စက်ရန်၊ နွေးထွေးရန်၊ အမဲလိုက်ရန် နှင့် ၎င်းတို့၏ နယ်မြေကို အမှတ်အသားပြုရန် စတဲ့ အချက်များနှင့် ပြည့်စုံတဲ့အတွက် စက္ကူပုံးတွေကို ကြိုက်နှစ်သက်ကြပါတယ်။
အောက်မှာတော့ ကြောင်တွေ စက္ကူပုံးတွေကို ကြိုက်နှစ်သက်ရတဲ့ အကြောင်းတွေရဲ့ အသေးစိတ်ကို ဖော်ပြပေးလိုက်ပါတယ်။ ဒါတွေဟာ သုတေသနတွေကနေ ထွက်လာတဲ့ အဖြေတွေပါ။
စက္ကူပုံးများဟာ ကြောင်များ၏ စိတ်ဖိစီးမှုကိုလျော့ကျစေ
၂၀၁၄ ခုနှစ်လောက်က တိရစ္တာန် စောင့်ရှောက်ရေး စခန်းတခုမှ ကြောင်များကို မတူညီတဲ့ လေ့လာမှု ၂ ခုနှင့် လေ့လာခဲ့ရာ ပုံးကွယ်စရာ ရှိတဲ့ ကြောင်များရဲ့ စိတ်ဖိစီးမှုအဆင့်ဟာ သိသိသာသာ လျှော့ကျတာကို တွေ့ရပြီး စက္ကူပုံး တပုံးရှိခြင်းဟာ ကြောင်များကို ၎င်းတို့၏ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင် ကူညီပေးကြောင်း တွေ့ရှိရပါတယ်။
အထူးသဖြင့် ပတ်ဝန်းကျင် အသစ်သို့ ရောက်လာချိန် (မွေးရန် ယူလာကာစ အချိန်မျိုး) တွင် ကြောင်များအတွက် နယ်မြေ သတ်မှတ်ထားသည့် စက္ကူပုံး သို့မဟုတ် အလားတူ အလုံပိတ် နေရာတခုရှိခြင်းဟာ ၎င်းတို့၏ နယ်မြေမရင်းနှီးမှု အခြေအနေကို လွယ်ကူစွာ ကျော်ဖြတ်စေနိုင်ပါတယ်။
စိတ်ဖိစီးမှုများသည့် အတွေ့အကြုံများဟာ ကြောင်များအပေါ် ရေရှည် အနှုတ် လက္ခဏာဆောင်သည့် ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများ ရှိစေနိုင်ပါတယ်။

ပုံးများဟာ ၎င်းတို့ကို ပုန်းအောင်းဖို့ရာ ကူညီပေး
နို့တိုက် သတ္တဝါအများစုကဲ့သို့ပင် ကြောင်များအတွက် ဘေးကင်းတယ်လို့ ခံစားစေဖို့ရာကတော့ ပုန်းခိုလို့ ရနိုင်သည့် အမိုးအကာပါသည့် နေရာတခု လိုအပ်ပါတယ်။
ကြောင်ပိုင်အများစုကတော့ ကြောင်တကောင် မွေးဖို့ အသစ်ရောက်လာသည်နှင့် ပုံးတပုံးဟာ လွယ်ကူချောမွေ့ဖို့ရာ အကူအညီပေးတယ်ဆိုတာ နားလည်ကြပါတယ်။
အထူးသဖြင့် မရင်းနှီးသော အခြေအနေများတွင် သင့်ကြောင်၏ စူးစမ်းလိုစိတ် ပြန်လည် ဖြစ်ပေါ်လာတဲ့အထိ ပုန်းအောင်းဖို့ရာအတွက် စက္ကူပုံးကဲ့သို့ ပုံးတပုံးတော့ လိုအပ်ပါတယ်။
ကတ်ထူပုံးများဟာ ၎င်းတို့၏ ကိုယ်အပူချိန်ကို ထိန်းရန် ကူညီပေး
ကြောင်များရဲ့ အပူချိန်ဟာ ပျမ်းမျှအားဖြင့် ၁၀၂ ဒီဂရီ ဖာရင်ဟိုက်လောက်ရှိပြီး လူသားများထက် ခန္ဓာကိုယ် အပူချိန် မြင့်မားပါတယ်။
ဒါပေမယ့် ကတ်ထူပုံးများကို အပူပေးစက် ကဲ့သို့ စက်များနှင့်တော့ နီးကပ်မှု မရှိစေဖို့ ဂရုစိုက်ရပါတယ်။
အကြောင်းကတော့ တခါတရံမှာ ကြောင်များရဲ့ အမွှေးထူထူများဟာ ၎င်းတို့ အပူလွန်ကဲ့နေတာကို သိရှိရန် ခက်ခဲစေတတ်လို့ပဲ ဖြစ်ပါတယ်။

ပုံးများဟာ တရေးတမောအိပ်ဖို့ ပြီးပြည့်စုံတဲ့ နေရာဖြစ်
ကြောင်တွေ နွေးနွေးထွေးထွေး ကြိုက်ရတဲ့ အကြောင်းအရင်းရဲ့ တစိတ်တဒေသကတော့ ၎င်းတို့ကို အိပ်ရေး ဝဝ အိပ်နိုင်အောင် ကူညီပေးတာမလို့ပါ။
Experimental Neurology တွင် ဖော်ပြခဲ့သည့် လေ့လာမှုတခုအရ ကြောင်များ ဝန်းကျင်တွင် ပူနွေးလာခြင်းဟာ ၎င်းတို့ကို စိတ်အပန်းဖြေစေပြီး အိပ်စက်ခြင်းကို ဖြစ်ပေါ်စေနိုင်ကြောင်း သိရပါတယ်။
ကြောင်တွေဟာ ပုံးတွေကို အသုံးပြုပြီး ၎င်းတို့ရဲ့ နယ်မြေကို အမှတ်အသားပြုလေ့ရှိ
အဖြေကတော့ အဆိုပါ အလေ့အထဟာ ကြောင်ရိုင်းတို့၏ အပြုအမူနှင့် ဆက်စပ်နေပြီး မျိုးရိုးဆန်တယ်လို့ ပြောလို့ရပါတယ်။
ကြောင်များဟာအရာဝတ္ထုများ၊ အခြားကြောင်များနှင့် အကျွမ်းတဝင်ရှိသော ရနံ့ရှိသော လူများကို အမှတ်အသားပြုရန်၊ မကြာခဏဆိုသလို ၎င်းတို့၏ မေးစေ့၊ နဖူးနှင့် ပါးတို့ကို ပွတ်တိုက်လေ့ရှိပါတယ်။
အိမ်အတွင်းသို့ အရာဝတ္ထု အသစ်တခု ရောက်လာပါက ကြောင်ဟာ ၎င်းကို စူးစမ်းလေ့လာပြီး ခေါင်းနှင့်ခွေ့ကာ အမှတ်အသား ပြုလေ့ရှိပါတယ်။

ပုံးများဟာ ၎င်းတို့ကို အမဲလိုက်ဖို့ ကူညီပေး
ကြောင်များဟာ ၎င်းတို့၏ သားကောင်များကို ချုံခို တိုက်ခိုက်တတ်တဲ့ တိရစ္ဆာန်များ ဖြစ်ပါတယ်။
ကြောင်များဟာ အိမ်ထဲမှဦ သားကောင် ချောင်းမြောင်းတာမျိုး ရှားပါးပေမယ့် ၎င်းတို့၏ ဆက်ဆံရေး နှင့် ကစားနည်းများမှ အမဲလိုက်ခြင်း အပြုအမူများကို ဘေးကင်းစွာ ဖန်တီးနိုင်စေရန် ပုံးများ သို့မဟုတ် အခြား အလုံပိတ်နေရာများကို အသုံးပြုကြပါတယ်။
စိတ်ဝင်စားစရာကောင်းတဲ့ အချက်ကတော့ အိမ်မွေးကြောင်များသာ ဒီလို ပုံးတွေ အလုံပိတ်နေရာတွေကို ကြိုက်နှစ်သက်တာ မကဘဲ အခြား ကြောင်မျိုးရင်းဝင် အကောင်ကြီးများလည်း ကြိုက်နှစ်သက်ကြတာကို တွေ့ရပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။