တဝီဝီနှင့် အာရုံနောက်စေပြီး ရိုက်ရခက်တဲ့ ယင်ကောင်တွေကို အင်္ဂလိပ်လို House flies သိပ္ပံနာမည် Musca domestica လို့ခေါ်ပါတယ်။
ယင်ကောင်များဟာ အလွန်လျှင်မြန်ပြီး သူ့ဆီကို ကျရောက်လာမယ့် အန္တရာယ်ကို ရှောင်ရှားနိုင်တာရဲ့ နောက်ကွယ်မှာ အ ကြောင်းအရင်း တချို့ ရှိပါတယ်။
၎င်းတို့၏ ခြေချောင်းများနောက်တွင် အထူးဖွဲ့စည်းထားသည့် အတောင်ပံများရှိပြီး အဆုံးမှာတော့ Halteres လို့ခေါ်တဲ့ သေးငယ်ပြီး ဒုတ်ချောင်းပုံစံ အဖုလေးနှင့် အဆုံး သတ်ထားပါတယ်။
အဲဒီ့က တုန်ခါမှုများကနေ အင်းဆက်များဟာ ခန္ဓာကိုယ် လှည့်ပတ်မှုများကို အတောင်ပံသို့ အချက်အလက်များ ပို့ပေးပြီး ပျံသန်းနေရင်း ၎င်းတို့၏ ခန္ဓာကိုယ်ကို တည်ငြိမ်စေပါတယ်။
Calyptratae ကဲ့သို့ အချို့ယင်ကောင် မျိုးစိတ်များဟာ လမ်းလျှောက်နေစဉ်မှာလည်း Halteres များကို တုန်ခါ စေပေမယ့် သိပ္ပံပညာရှင်များဟာ ဘာ့ကြောင့် ဖြစ်သလဲ ဆိုတာ မသိရှိခဲ့ကြပါဘူး။

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့ Proceedings of the Royal Society B: Biological Sciences ဂျာနည်တွင် ဖော်ပြချက်အရ အဆိုပါ တုန်ခါမှုဟာ ၎င်းတို့ ပျံသန်းမှုအပေါ်ကို သက်ရောက်စေပြီး တောင်ပံနှင့် ခြေထောက် ကြွက်သားများ လှုပ်ရှားမှုကို ကူညီဖို့ အာရုံခံသလားဆိုတာ လေ့လာခဲ့ပါတယ်။
သုတေသီများဟာ ဒါကို လေ့လာဖို့အတွက် တစက္ကန့်လျှင် ပုံရိပ်ပေါင်း ၃ ထောင်လောက် အထိ ရိုက်နိုင်တဲ့ မြန်နှုန်းမြင့် ကင် မရာ ဖြင့် ယင်ကောင် ပျံတက်ချိန်ကို ရိုက်ကူးခဲ့ပါတယ်။
၎င်းတို့၏ တွေ့ရှိမှု အရ Calptratae များဟာ အခြား ယင်ကောင်များထက် ၅ ဆ ပိုမို မြန်ဆန်စွာ ပျံတက်နိုင်ပြီး တောင်ပံခတ်မှုဟာ ပျမ်းမျှအားဖြင့် တကြိမ်လျှင် ၀.၀၀၇ စက္ကန့်လောက်သာ ကြာတာကို တွေ့ရှိခဲ့ပါတယ်။
အခြား ယင်ကောင်များဟာ ပျံတက်ဖို့အတွက် အနည်းဆုံး ၀.၀၃၉ စက္ကန့်လောက် လိုအပ်ပြီး Calptratae မျိုးစိတ်များ က တော့ အကြာဆုံးဟာ ၀.၀၁၄ စက္ကန့်ထက် နည်းတယ်လို့ ဆိုပါတယ်။
သုတေသီများဟာ Calyptratae ယင်ကောင်များ၏ Halteres များကို ဖယ်ရှားပြီး စမ်းသပ်ရာမှာတော့ ယခင်ထက် ပျံသန်းရာတွင် နှေးကွေးသွားတာကို တွေ့ရပါတယ်။
ဒါ့အပြင် ပြန်ဆင်းရာမှာလည်း တည်ငြိမ်မှု မရှိတော့ဘဲ ပြုတ်ကျလာတာကို တွေ့ရပါတယ်။

နောက်ထပ် လွတ်မြောက်နိုင်စွမ်းများ
Halteres တွေဟာ ယင်ကောင်တွေအတွက် တခုထဲသော ရှောင်တိမ်းရာတွင် ကူညီပေးတဲ့ အရာများ မဟုတ်ပါဘူး။
ယင်ကောင်များဟာ လေယာဉ်မှူးများ လေယာဉ်ကို လှုပ်ရှားတာထက် မြန်ဆန်တဲ့ တစက္ကန့်၏ အပုံ တရာပုံ ၁ ပုံလောက် အ တွင်း ဦးတည်ရာ ပြောင်းလဲမှုတွေ လုပ်နိုင်ပါတယ်။
ဒါဟာ ကျွန်တော်တို့ မျက်စိတမှိတ်၏ အဆ ၅၀ လောက် ပိုမြန်ပြီး ပျံသန်းနေရင်း လေထဲမှာ လျှင်မြန်စွာ ရွေ့လျားနိုင်တာပါ။
ဇီဝမက္ကင်းနစ် ပညာကို လေ့လာခဲ့သည့် Seattle ရှိ ဝါရှင်တန် တက္ကသိုလ်မှ Florian Muijres က ယင်ကောင်များဟာ ၉၀ ဒီ ဂရီလောက်အထိ လေထဲတွင် လှိမ့်နိုင်ပြီး အချို့ဆိုရင် အားသုံးပြီး ထွက်ပြေးနိုင်ဖို့ ဇောက်ထိုးပုံစံ နီးနီးအထိ လေထဲမှာ လှုပ်ရှားနိုင်တယ်လို့ ဆိုပါတယ်။
ယင်ကောင်များတွင် ရန်ပြုမှုများမှ ဝေးရာသို့ လျှင်မြန်စွာ ရှောင်ရှားနိုင်သည့် ထူးခြားသည့် အမြင်အာရုံလည်း ရှိပါတယ်။
အသီးစား ယင်ကောင်များဟာ တစက္ကန့်၏ ၅ ပုံ ၁ ပုံလောက်အတွင်း ၎င်း၏ အမြင်အာရုံကို အသုံးပြုကာ ဘေးကင်းရာသို့ ပျံသန်းရန် ကိုယ်ဟန်အနေအထားကို ချိန်ညှိနိုင်တယ်လို့ Current Biology ဂျာနယ်တွင် ၂၀၀၈ ခုနှစ်က ဖော်ပြဖူးပါတယ်။
အကြောင်းကတော့ ၎င်းတို့ဟာ လူသားတွေ စက္ကန့်အတွင်း မြင်နိုင်တဲ့ အမြင်အာရုံရဲ့ ၆ ဆ လောက်အထိ မြင်နိုင်စေလို့ ဖြစ်တယ်လို့ BBC သိပ္ပံ ကဏ္ဍမှာ ၂၀၁၇ ခုနှစ်ကလည်း ဖော်ပြဖူးပါတယ်။
ဒါဟာ သက်ရှိတွေရဲ့ ဦးနှောက်အတွင်းသို့ တစက္ကန့်အတွင်း ဆက်တိုက် ဝင်လာတဲ့ ပုံရိပ်လွှာ အရေအတွက်နှင့် သက်ဆိုင်ပြီး တစက္ကန့်အတွင်း ပုံရိပ် သို့မဟုတ် frame များ ဝင်တဲ့ နှုန်းကို flicker fusion rate လို့ ခေါ်ပါတယ်။

အင်္ဂလန်နိုင်ငံ Cambridge တက္ကသိုလ်မှ ဆဲလ်အာရုံကြောသိပ္ပံဆိုင်ရာ ဂုဏ်ထူးဆောင် ပါမောက္ခဖြစ်တဲ့ Roger Hardie ဟာ မျက်လုံးများ၏ ပုံရိပ်ဖမ်းမှုကို တိုင်းတာဖို့ ယင်ကောင်များ၏ မျက်လုံးတွင် လျှပ်ကူးပစ္စည်းနှင့် တိုင်းကြည့်ရာ တစက္ကန့်လျှင် အကြိမ် ၄၀၀ လောက်ရှိတာကို တွေ့ရပါတယ်။
လူတွေရဲ့ ပျမ်းမျှ ပုံရိပ်ဖမ်းယူနှုန်းကတော့ တစက္ကန့်လျှင် frame ၆၀ သာ ရှိတဲ့အတွက် အတော်လေး ကွာဟနေပါတယ်။
ယင်ကောင်များမှာ compound eyes လို့ခေါ်တဲ့ ပေါင်းစပ်မျက်လုံး ၂ ခု နှင့် Ocelli လို့ခေါ်တဲ့ မျက်လုံးငယ် ၃ လုံး ပိုင်ဆိုင်ထားပါတယ်။
ဒါ့ကြောင့် ယင်ကောင်များဟာ ၃၆၀ ဒီဂရီ နီးပါးလောက်ကို မြင်နိုင်စွမ်း ရှိပြီး ပေါင်းစပ်မျက်လုံး တလုံးလျှင် မျက်တွင်းမှန်ပေါင်း ၄,၀၀၀ မှ ၄,၅၀၀ လောက်အထိ ပါဝင်ပါတယ်။
ဒီလို ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံများကြောင့် လူများအနေဖြင့် ယင်ကောင်များကို ရိုက်ဖို့ မလွယ်ကူတာ အဆန်းတော့ မဟုတ်ပါဘူး။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။