နှင်းတွေ ဖွေးဖွေးလှုပ် ဖြူနေရတဲ့ အကြောင်းအရင်း နှင့် အခြား နှင်းအရောင်များ

Knowledge Science

နှင်းတောင်တွေပေါ်က နှင်းထုကြီးတွေကိုကြည့်ပြီး လွမ်းသလိုလို ဆွေးသလိုလို ခံစားဖူးကြမယ်လို့ ထင်ပါတယ်။

ဒါပေမယ့် နှင်းထုကြီးဟာ ဘာလို့ အဖြူရောင် ဖြစ်နေသလဲ ဆိုတာကိုတော့ တွေးမိချင်မှ တွေးမိပါလိမ့်မယ်။

ရေခဲသေတ္တာထဲမှာ ရှိတဲ့ ရေခဲတွေနှင့် ရေခဲရည်တွေဟာ ကြည်လင်နေပြီး နှင်းတွေဟာ ဘာလို့ ဖြူနေတာလဲဆိုတာကို သိပ္ပံနည်းကျ ရှင်းပြလို့ ရပါတယ်။

ကယ်လီဖိုးနီးယား နည်းပညာ တက္ကသိုလ်မှ ရူပဗေဒ ပါမောက္ခ တယောက်ဖြစ်တဲ့ Kenneth Libbrech ကတော့ ကြည်လင်တဲ့ H2O ကနေ အဖြူရောင်အဖြစ် ပြောင်းလဲနိုင်ပုံကို ရှင်းပြခဲ့ပါတယ်။

သူရှင်းပြပုံက ရှင်းပါတယ်။ သင့်အနေနှင့် ကြည်လင်နေတဲ့ ပြတင်းပေါက်မှန်တချပ်ကို တူနှင့်ထုပြီး ထွက်လာတဲ့ မှန်စတွေကို ထုချေလိုက်ရင် အဖြူရောင် အဖြစ် ပြောင်းသွားတာ မျိုးပါပဲ လို့ ဆိုပါတယ်။

ရှင်းပြထားတဲ့ ဥပမာမှာ အလင်းနှင့် ဆိုင်တဲ့ အယူအဆတွေ ပါဝင်ပြီး မျက်နှာပြင် တခုထဲကို အလင်း ဖြတ်သွားတာနဲ့ ကွဲ ကြေ နေတဲ့ မျက်နှာပြင်များစွာရှိတဲ့ မှန်စတွေကို ဖြတ်သွားတာဟာ မတူညီဘူးလို့ ပြောပါတယ်။

Illustration

အလင်းဆိုင်ရာ သိပ္ပံပညာ အရ အလင်းဟာ အရာ ဝတ္တုတခုကို ထိမိတာနဲ့ ဖြတ်သွားတာ၊ စုပ်ယူခံရတာ သို့မဟုတ် အလင်း ပြန် တာတွေ ဖြစ်လာပါတယ်။

အလင်းဟာ မှန် သို့မဟုတ် ရေခဲကဲ့သို့ ချောမွေ့သည့် မျက်နှာပြင်ကို ရိုက်ခတ်သည့်အခါ ၎င်း၏ လူမျက်လုံးနှင့် မြင်နိုင်သည့် ရောင်ခြည်များဟာ အနှောင့်အယှက်မရှိဘဲ သွားလာနိုင်ပါတယ်။

ကျွန်တော်တို့ရဲ့ မျက်လုံးများဟာ အရာဝတ္ထုတခုမှ ထင်ဟပ်လာသော သို့မဟုတ် စုပ်ယူလိုက်သော အလင်းများကိုသာ မြင်နိုင်သောကြောင့် ဖန်နှင့် ရေခဲများဟာ ကြည်လင်နေတာများတယ်လို့ Popular Science မဂ္ဂဇင်းတွင် ဖော်ပြခဲ့ဖူးပါတယ်။

သို့ပေမဲ့ ကွဲကြေနေသည့် မှန်စများမှာတော့ မညီညာတဲ့ မျက်နှာပြင် အများအပြား ရှိလာပါတယ်။

အလင်းဟာ ပုံမှန်မဟုတ်တဲ့ မျက်နှာပြင်များကို ရိုက်ခတ်သောအခါ အလင်းပြန်ပြီး အရပ်မျက်နှာ အသီးသီးကို ပြန့်ကျဲသွားပါတယ်။

လေထုသုတေသန အတွက် တက္ကသိုလ်များ ပူးပေါင်း အဖွဲ့အစည်း၏ အဆိုအရ ရေခဲဟာ ပုံဆောင်ခဲငယ်များနှင့် ဖွဲ့စည်း တည်ဆောက်ထားတာကြောင့် ပုံသဏ္ဍာန်နှင့် ဖွဲ့စည်းပုံတွေ ကွဲပြားပြီး ကွဲကြေနေတဲ့ မှန်စတွေလိုပဲ လို့သိရပါတယ်။

အလင်းဟာ မှန်ကွဲစများ သို့မဟုတ် နှင်းပွင့်များနှင့် တိုက်မိတဲ့အခါ အလင်းပြန်ပြီး ရောင်စဉ် ၇ မျိုး ပေါင်းစပ်ထားတဲ့ အဖြူရောင်ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

Illustration

ဒါ့ကြောင့် ကျွန်တော်တို့ မျက်လုံးတွေဟာ နှင်းတွေကို အဖြူရောင်အဖြစ် မြင်ရတာပါ။

အခြားအရောင်များ ဖြစ်ပေါ်တတ်ပုံ

ပါမောက္ခ Libbrecht ၏ အဆိုအရ နှင်းခဲတွေ၊ ရေခဲတုံးကြီးတွေနှင့် ရေခဲပြင်ကြီးတွေဟာ တခါတရံမှာ အပြာရောင် ဖြစ်နေတတ်တာကိုလည်း ရှင်းပြထားပါတယ်။

အလင်းဟာ ရေခဲတုံး အကွဲကြောင်းများနှင့် အခြား နေရာလပ်များမှ ဝင်ရောက်လာပြီး အတွင်းတွင် ပိတ်မိနေကာ အတွင်းမှာ အလင်းပြန်မှုတွေ ကြာမြင့်စွာ ဖြစ်ပေါ်တတ်ပါတယ်။

ဒီလို ပိတ်မိပြီး အလင်းဟာ အချိန်ကြာမြင့်စွာ သွားလာရပြီးနောက် ရေနှင့် ရေခဲမှ ရောင်စဉ် ၇ မျိုးမှ အနီရောင်ကို စုပ်ယူခြင်း ခံရပါတယ်။

အလင်းဟာ ဆက်တိုက်ပြန်ပြီး ရေခဲ၏ အပြင်ကို ထွက်လာချိန်မှာတော့ လှိုင်းအလျား ပိုမို တိုတောင်းတဲ့ အပြာရောင်ဟာ ကျွန်တော်တို့ မျက်လုံးဆီသို့ ရောက်ရှိလာတဲ့ အတွက် အပြာရောင်ကို မြင်ရတာ ဖြစ်ပါတယ်။

ဒီလိုဖြစ်ပေါ်ဖို့ နှင်းထုဟာ အနည်းဆုံး အနက် ၁ ပေခန့် ရှိရမှာ ဖြစ်တယ်လို့ National Snow and Ice Data Center က ပြောပါတယ်။

Illustration

တခါတရံမှာတော့ ပန်းရောင် သို့မဟုတ် အနီရောင် ဖြစ်နေတဲ့ watermelon snow လို့ အမည်ပြောင်ပေးထားတဲ့ နှင်းတွေကို မြင်ရနိုင်ပါသေးတယ်။

ဒီလို အရောင် ဖြစ်ရတဲ့ အကြောင်းအရင်းကတော့ အအေး ကြိုက်သည့် ရေချိုတွင် ပေါက်တတ်တဲ့ ရေညှိတမျိုးကြောင့် ဖြစ်ရတာ ဖြစ်ပါတယ်။

အလားတူ အခြား အမှုန်အမွှားများနှင့် သက်ရှိများကြောင့်လည်း နှင်းဟာ အရောင် အမျိုးမျိုး ပြောင်းလဲနိုင်ပါသေးတယ်။

ပါမောက္ခ Libbrecht ကတော့ နှင်းတွေအနေဖြင့် သက်တံ့ ရောင်စဉ် ၇ မျိုးထဲက တမျိုးမျိုးတော့ ဖြစ်လာနိုင်ချေ ရှိတယ်လို့ ပြောပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 23/5/2022

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *