လေယာဉ်များ အမြင့်ဆုံး ပျံနိုင်သည့် အမြင့်နှင့် ဗဟုသုတအချို့

Article Knowledge

အရပ်ဖက် စီးပွားရေးသုံး ဂျက်လေယာဉ် အများစု ပျံသန်းနိုင်တဲ့ အမြင့်ဆုံး အမြင့်ပေဟာ အများကြီးတော့ မကွာခြားလှပါဘူး။

ဒီလို အမြင့်ဆုံး ပျံသန်းနိုင်တဲ့ အမြင့်ဟာ လေယာဉ် အမျိုးအစား၊ စွမ်းဆောင်ရည် နှင့် စိတ်ချရမှုအပေါ်မူတည်ပြီး ကွာခြားတာဖြစ်ပြီး ၎င်းတို့ရဲ့ အကန့်အသတ်များ နှင့် ဘယ်လို ဆုံးဖြတ်သလဲဆိုတာကို ဒီ ဆောင်းပါးက ရှင်းပြမှာပါ။

ဘယ်လေယာဉ်တွေ အမြင့်ဆုံး ပျံသန်းကြသလဲ

ဒီအကြောင်းပြချက်ကို မရှင်းပြခင်မှာ လက်ရှိ အရပ်ဖက် ဂျက်လေယာဉ်တွေရဲ့ ကန့်သတ်ချက်ကို ကြည့်ရမှာဖြစ်ပြီး လေ ယာဉ် အားလုံးတွင် အမြင့်ဆုံး ပျံသန်းနိုင်သည့် ကန့်သတ်ချက်တခု ရှိပါတယ်။

ယနေ့ခေတ် ခေတ်မှီ ခရီးသည်တင် ဂျက်လေယာဉ်များဟာ ပုံမှန် အားဖြင့် အမြင့်ပေ ၄၁,၀၀၀ လောက် အထိ တက်ရောက် ပျံသန်းနိုင်ကြပါတယ်။

များသောအားဖြင့် အင်ဂျင် စွမ်းဆောင်ရည်အပေါ် မူတည်ကြပြီး ပိုမို ကျယ်ပြန့်ပြီး ကြီးမားတဲ့ ကိုယ်ထည်ရှိတဲ့ လေယာဉ်ကြီးများဟာ အမြင့်ပေ ၄၃,၀၀၀ လောက်အထိ ပျံတက်နိုင်ပါတယ်။

ဥပမာ အားဖြင့် Airbus A380 ခရီးသည်တင် လေယာဉ်ကြီးများ၊ Airbus A350 နှင့် Boeing 787 လေယာဉ်ကြီး များဟာ အမြင့်ပေ ၄၃,၁၀၀ လောက် အထိ တက်ရောက် ပျံသန်းနိုင်ပါတယ်။

ဒါပေမယ့် ပိုကြီးတဲ့ Boeing 787-10 ကတော့ အမြင့် ၄၁,၁၀၀ နှင့် Airbus A350-100 ကတော့ ၄၁,၄၅၀ အမြင့်မှာသာ ပျံ သန်းနိုင်ပါတယ်။

ကျဉ်းမြောင်းတဲ့ ကိုယ်ထည်ရှိတဲ့ လေယာဉ် အမျိုးအစားသစ် ဖြစ်တဲ့ Boeing 737 MAX ဟာ အမြင့်ပေ ၄၁,၀၀၀ လောက်အထိ တက်ရောက်နိုင်ပါတယ်။

Boeing 737 MAX

Airbus ၏ A320 မျိုးကွဲများကတော့ အနည်းငယ်ပိုနိမ့်ပြီး အမြင့်ပေ ၃၉,၁၀၀ မှ ၃၉,၈၀၀ အတွင်း ပျံသန်းကြပါတယ်။

အဲဒီ့အထဲမှာ အနားယူသွားတဲ့ အသံထက်မြန်တဲ့ Concorde ကတော့ အမြင့်ပေ ၆၀,၀၀၀ လောက် အထိ တက်ရောက် နိုင်ပြီး ကိုယ်ပိုင် ဂျက်လေယာဉ်များဟာ ပေ ၄၅,၀၀၀ မှ ၅၁,၀၀၀ အထိ တက်ရောက်နိုင်ပါတယ်။

စစ်ဘက်ဆိုင်ရာ လေယာဉ်များမှာတော့ SR-71 ထောက်လှမ်းရေး လေယာဉ်ဟာ သာမန်ပျံသန်းမှုမှာ အမြင့်ပေ ၈၅,၀၀၀ ဖြင့် မှတ်တမ်းတင်ထားပါတယ်။

ဘာလို့ အမြင့်ကြီး ပျံသန်းကြတာလဲ

အဲဒီ့မှာပဲ အမြင့်ပေ ၃၅,၀၀၀ ကနေ ၄၀,၀၀၀ လောက်ရှိတဲ့ အမြင့်ကနေ လေယာဉ်တွေ ဘာလို့ ပျံသန်းကြတာလဲ ဆိုတဲ့ မေး ခွန်း ဖြစ်လာပါတယ်။

ထိုကဲ့သို့ ပျံသန်းရတဲ့ အဓိက အကြောင်းအရင်းကတော့ လေယာဉ်က အဲဒီ့ အမြင့်မှာ ပိုမို စွမ်းဆောင်နိုင်လို့ ဖြစ်ပါတယ်။

Airbus A380

မြင့်လာလေလေ လေ၏ သိပ်သည်းဆ နည်းလာလေလေ ဖြစ်တဲ့အတွက် နောက်ဆွဲအား လျော့ပါးသွားတဲ့ အတွက် လောင် စာဆီ စားသုံးမှုပါ လျော့ကျသွားစေပါတယ်။

ဒါပေမယ့် ကန့်သတ်ချက်တခုရှိပါတယ်။ အဲဒါကတော့ အရမ်း မြင့်လွန်းသွားပါက ဂျက်လေယာဉ်များမှ တွန်းအား လျော့ကျကာ တောင်ပံများကို ပင့်တင်အား လျော့ကျသွားစေတဲ့အတွက် ပျံသန်းမှုကို ထိန်းသိမ်းဖို့ ခက်ခဲစေပါတယ်။

လေယာဉ်အတွင်းမှာ လူတွေ နေသာထိုင်သာရှိဖို့ ဖိအားပေးထားရပါတယ်။ ပတ်ဝန်းကျင်မှာ လေဖိအား လျော့ကျ လာသည် နှင့် အမျှ လေယာဉ် ကိုယ်ထည် အပေါ်မှာလည်း သက်ရောက်မှုတွေ ရှိပါတယ်။

လေတိုက်နှုန်းဟာလည်း မြင့်မားတဲ့ အမြင့်မှာ ပျံသန်းတဲ့အခါမှာ ထည့်သွင်းစဉ်းစားရတဲ့ အချက်တွေထဲမှာ ပါဝင်ပါတယ်။

ဒါ့ကြောင့် အမြင့်ဆုံး ပျံသန်းတာဟာ လေယာဉ်ကို လောင်စာဆီစား သက်သာစေတဲ့အတွက် ပျံသန်းကြတာဖြစ်ပြီး ဘယ်အမြင့်မှာ ပျံသန်းမလဲ ဆိုတာကတော့ အထက်ပါ အချက်များအပေါ် တွက်ချက်ပြီး စဉ်းစားရတာ ဖြစ်ပါတယ်။

Airbus A350

အရပ်ဖက် လေယာဉ်များ၏ ပျံသန်းအမြင့်ကို ကန့်သတ်ထားရသည့် အကြောင်း

အမြင့်ဆုံး ပျံသန်းနိုင်သည့် အမြင့်ကိုကန့်သတ်ထားပြီး ထိုအမြင့်လောက်သာ ပျံသန်းနိုင်အောင် အင်ဂျင်ကို ထုတ်လုပ်ထားရတာဟာ လုံခြုံ စိတ်ချရအောင်လို့ပါ။

လေယာဉ်အတွင်းထဲမှာ ဖိအားလျော့ကျမှု ဖြစ်လာပါက လေယာဉ်ဟာ အမြင့်ကို လျော့ချဖို့ လျှင်မြန်စွာ ထိုးဆင်းရမှာ ဖြစ်ပါတယ်။

ဒီလို ဆင်းသက်ရာမှာ အလွန် မြင့်မားသည့် အမြင့်မှ ဆင်းသက်ပါက ဖိအား သင့်တော်မည့် အမြင့်ကို ပြန်လည် ရောက်ရှိဖို့ အချိန်ပိုမို လိုအပ်သည့်အတွက် ခရီးသည်များ သတိလစ်သွားမှာ ဖြစ်ပါတယ်။

ခရီးသည်များ နှင့် အမှုထမ်းများ သတိမမေ့မီ အချိန်မီ အောက်စီဂျင် နှာခေါင်းစွပ်များ တပ်နိုင်ဖို့ရာ အချိန် တခု ရှိဖို့ အရေး ကြီးပါတယ်။

Concorde

ဒါဆိုရင် Concorde ကျတော့ ဘာလို့ အမြင့်ကြီးမှာ ပျံသလဲလို့ အထွန့်တက်နိုင်ပါတယ်။

Concorde ဟာ သမားရိုးကျ ခရီးသည်တင် လေယာဉ်များနှင့် ဒီဇိုင်းကအစ မတူညီဘဲ လေယာဉ်အတွင်း ဖိအားလျော့ကျမှုဖြစ်ပါက အလွန်လျှင်မြန်စွာ အောက်သို့ နိမ့်ဆင်းနိုင်ပါတယ်။

၎င်းတွင် တပ်ဆင်ထားသည့် တြိဂံပုံစံ Delta တောင်ပံ ဒီဇိုင်းနှင့် သေးငယ်လှတဲ့ ပြတင်းပေါက်များဟာ လေယာဉ်ကို အသံထက် ၂ ဆလောက် အထိ မြန်အောင် စွမ်းဆောင်စေနိုင်လို့ ဒီလေယာဉ်က သီးခြား ဖြစ်နေတာပါ။

ဥပမာအားဖြင့် အမြန်ဆုံး ခရီးသည်တင် လေယာဉ်ထဲက တစင်းဖြစ်တဲ့ Boeing 747-8i ဟာ တနာရီ ၆၆၀ မိုင် နှုန်းဖြင့် မောင်းနှင်နိုင်ချိန်မှာ Concorde ဟာ တနာရီလျှင် မိုင် ၁,၄၀၀ နီးပါးလောက် ပျံသန်းနိုင်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *