အများသုံး အိမ်သာကို ဟပြဲကြီး ထားရတဲ့ ရည်ရွယ်ချက်နှင့် ကောင်းကျိုးများ

Article Knowledge

ဈေးဝယ် စင်တာတွေကို ခဏခဏ မသွားဖြစ်ရင်တောင်မှ လမ်းကြုံလို့ ပေါက်ခဲ့ဦးမှပါ ဆိုပြီး စင်တာတွေက အများသုံး အိမ်သာတွေထဲကို ဝင်ဖူးကြမှာပါ။

တချို့ကျတော့လည်း မအောင့်အီး နိုင်တဲ့အခါ အကုန်အကျ သက်သာအောင် ရည်ရွယ်ချက် ရှိရှိနဲ့ ဈေးဝယ် စင်တာတွေက အများသုံး အိမ်သာတွေကို အားပေးကြတယ် ဆိုပါတယ်။

ဒါကတော့ နေ့စဉ် လူမှုဘဝအကြောင်း ဖြစ်သွားပြီမလို့ ခေါင်းစဉ်နဲ့ အနည်းငယ် လွဲနေပါပြီ။ အခု ပြောမှာကတော့ အဲဒီ့ အများသုံး အိမ်သာတွေ အကြောင်းပါ။

အများသုံး အိမ်သာတွေရဲ့ တံခါး အောက်မှာ ကွက်လပ်တွေ ချန်ထားတတ်တာကို သတိထားမိကြမယ် ထင်ပါတယ်။

အဲဒီလို ကွက်လပ်တွေကို တွေ့တဲ့အခါမှာ မစင်စွန့် တာတောင် ဘာလို့ အားရပါးရ လွတ်လွတ် လပ်လပ် မစွန့်ရဘဲ ခြေ ထောက်ကြီးတွေ သူများက မြင်နေရတာလဲဆိုတာ တွေးကောင်း တွေးမိမှာပါ။

ဟုတ်ပါတယ်။ ဒါဟာ အသားမကျသေးတဲ့ လူတွေအတွက်တော့ မအီမလယ် မလုံခြုံသလိုမျိုး ခံစားရတာ အမှန်ပါပဲ။

ဒါပေမယ့် ဒီလို တံခါးတွေကို ကွက်လပ်ထားတာ တမင်တကာကို အပြင်က မြင်ရအောင် ရည်ရွယ်ချက် ရှိရှိနဲ့ ထားတာ ဖြစ်ပါတယ်။

အကြောင်းကတော့ သာမန် တံခါးကို အသုံးပြုရင် တယောက်ယောက် အိမ်သာထဲမှာ သတိလစ်နေပါက အပြင်က မြင်ရမှာ မဟုတ်ပါဘူး။

အနည်းဆုံးတော့ အဲဒီ့ ကွက်လပ်ဟာ တစုံတယောက် ဒုက္ခရောက်နေတဲ့ အခါမှာ သိသိသာသာ မြင်ရနိုင်စွမ်း ရှိပါတယ်။

နောက်ထပ် ကောင်းကျိုးတခုကတော့ ဒီလို ဒုက္ခရောက်နေတဲ့ လူကို တံခါးအား ဖျက်ဆီးစရာ မလိုဘဲ ဆွဲထုတ်နိုင်မှာပါ။

ဒါ့အပြင် အများသုံး အိမ်သာအတွင်း ဆေးသုံးခြင်း နှင့် မဖွယ်မရာ ပြုလုပ်ခြင်းများ ကိုလည်း သိသာ မြင်သာ စေတဲ့အတွက် ကာကွယ်ပြီးသား ဖြစ်ပါတယ်။

ဒီလို ကောင်းကျိုးတွေအပြင် စီးပွားရေး နှင့် သယ်ယူ ပို့ဆောင်ရေး ကဏ္ဍမှ ကောင်းကျိုးတွေကိုလည်း စဉ်းစား နိုင်ပါသေးတယ်။

အများသုံး အိမ်သာ တံခါးများကို စံအဖြစ် နေရာတိုင်းမှာ အသုံးပြုနိုင်တဲ့အတွက် ထုတ်လုပ်သူများ အနေဖြင့်လည်း အိမ်သာတိုင်းအတွက် အတိုင်းအတာတွေ အများကြီး မလိုအပ်တာကြောင့် ကုန်ကျစရိတ် လျော့ချနိုင်ပါတယ်။

အရွယ်အစား ပိုမို သေးသည့်အပြင် သယ်ယူရတာလည်း လွယ်ကူတဲ့ အတွက် သယ်ယူ ပို့ဆောင်ရေးမှာပါ ကုန်ကျ စရိတ် သက်သာစေပါတယ်။

သန့်ရှင်း‌ရေး လုပ်သည့် အခါတွင်လည်း တံခါးများဟာ သေးငယ်သောကြောင့် ၎င်းနှင့် အနီးတဝိုက်နေရာများကို သန့်ရှင်းရတာ ပိုမို လွယ်ကူစေပါတယ်။

ဒီအိမ်သာများရဲ့ ဒီဇိုင်းဟာ ၁၉၀၃ မှ ၁၉၅၀ ခုနှစ်အထိ နယူးရော့ခ် Buffalo တွင် တည်ရှိသည့် Larkin အဆောက်အဦး တည် ဆောက်ရန် အတွက် ကျော်ကြားသည့် ဗိသုကာ ပညာရှင် တယောက်ဖြစ်သည့် Frank Lloyd Wright ၏ စိတ်ကူးမှ ဖြစ်ပေါ် လာတာ ဖြစ်ပါတယ်။

Image: Courtesy of Florida Atlantic University

တကယ်လို့ အထက်ပါ အကြောင်းပြချက်များနဲ့တောင် ဒီလို ဒီဇိုင်းကို မကြိုက်သေးဘူး ဆိုရင် နောက်ထပ် စဉ်းစား ရမှာက လေဝင်လေထွက်ပါ။

အမျာသုံး အိမ်သာမှာ ကြုံရမယ့် နောက်ဆုံး ပြဿနာက ပိတ်မိနေတဲ့ အနံ့တွေပါ။

ကွက်လပ်ပါတဲ့ တံခါးတွေက အချိန် အတိုင်းအတာ တခု အတွင်း အနံ့တွေ အပြင်ကို ထွက်သွားအောင် ကူညီ ပေးနိုင်ပါတယ်။

ရှေ့က တက်သွားတဲ့လူက ပေါက်ကွဲသံစဉ်များနဲ့ မွှေးကြိုင်လှတဲ့ အနံ့တွေ ထားသွားလို့ သင့်အနေနဲ့ မခံနိုင်ဘဲ မူးမေ့သွားရင်တောင်မှ ဒီတံခါးတွေက သင့်ကို နွေးထွေးစွာနဲ့ ကယ်ဆယ်မယ့်သူကို အသိပေးနေမှာပါ။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.