Su-47 တိုက်လေယာဉ် ဒီဇိုင်း မအောင်မြင်ရတဲ့ အကြောင်း

Knowledge Military

လူတော်တော်များများဟာ ဆိုဗီယက်ခေတ်က ရှေ့ပြေးပုံစံ လေယာဉ် တစင်းဖြစ်တဲ့ Su-47 ကို မအောင်မြင်တဲ့ လေယာဉ် တစင်းလို့ မမြင်ကြပါဘူး။

တကယ်တော့ Su-47 Berkut ဟာ ဒီဇိုင်းအရ ကောင်းကျိုးတွေရှိပေမယ့် မလိုလားအပ်တဲ့ အားနည်းချက်တွေ အများကြီး ရှိနေတဲ့အတွက် ရှေ့ပြေးပုံစံ လေယာဉ် တစင်း အနေဖြင့်သာ အဆုံးသတ်သွားတာ ဖြစ်ပါတယ်။

ဒီလို မအောင်မြင်ပေမယ့် Su-47 ကို ထုတ်လုပ် စမ်းသပ်ခဲ့မှုဟာ အလကားတော့ ဖြစ်မသွားခဲ့ပါဘူး။

အဲဒီ့ကနေ အတွေ့အကြုံတွေ များစွာ ရရှိခဲ့ပြီး ယနေ့ ခေတ် ရုရှား အဆင့်မြင့် လေယာဉ်များဖြစ်သည့် Su-35 နှင့် Su-57 များတွင် အဆိုပါ စမ်းသပ်ခဲ့သည့် နည်းပညာများမှ ဆင်းသက်လာသည့် အယူအဆများကို အသုံးပြုနေကြဆဲ ဖြစ်ပါတယ်။

Su-47

Su-47 ဟာ ၎င်း၏ Forward Sweep လို့ခေါ်တဲ့ ပြောင်းပြန်ပုံစံ အတောင်ပံ ဒီဇိုင်းကြောင့် လူသိများပြီး ဒီလို တောင်ပံဒီဇိုင်းမျိုးကို အမေရိကန်နှင့် ဆိုဗီယက် ၂ နိုင်ငံလုံး စမ်းသပ်ခဲ့ပါတယ်။

X-29 သုတေသန လေယာဉ်ကို Forward Sweep တောင်ပံ ဒီဇိုင်းဖြင့် ၁၉၈၄ ဒီဇင်ဘာ ၁၄ ရက်နေ့မှ ပထမဆုံး ပျံသန်း စမ်းသပ်ခဲ့ပြီး Su-47 ကတော့ ၁၉၉၇ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့မှာ ပထမဆုံး ပျံသန်းခဲ့တာပါ။

Forward Sweep တောင်ပံ နှင့် ကောင်းကျိုး ဆိုးကျိုး

တောင်ပံကို Forward Sweep ဒီဇိုင်းဖြင့် အသုံးပြုခြင်းဟာ ကောင်းကျိုးတွေ အများကြီး ရှိပါတယ်။

အထူးသဖြင့် အသံအလျင် အောက် အမြန်နှုန်းမှာ လေယာဉ်ကို လိုသလို ထိန်းချုပ်ကာ ပုံစံမျိုးစုံဖြင့် ပျံသန်း နိုင်ပါတယ်။ ဒါ့အပြင့် ၎င်း၏ ဒီဇိုင်းဟာ အခြား ဒီဇိုင်းများနှင့် နှိုင်းယှဉ်ပါက ပြေးလမ်း အရှည် အများကြီးမလိုဘဲ ပျံတက် နိုင်ပါတယ်။

Su-47 ကို အစောပိုင်း စိတ်ဝင်စားခဲ့တဲ့ အဖွဲ့ထဲက တခုမှာ ဆိုဗီယက် ရေတပ်ဖြစ်ပြီး ၎င်းတို့ဟာ လေယာဉ်သင်္ဘောလို ပြေးလမ်းတိုမှ ပျံတက်နိုင်ပြီး လေယာဉ်ချင်း ကောင်းကင်ပေါ်တွင် dogfight လုပ်နိုင်မယ့် လေယာဉ်မျိုးကို အလိုရှိခဲ့တာ ဖြစ်ပါတယ်။

ကံမကောင်းတာကတော့ Forward Sweep ဒီဇိုင်းမှာ တကယ်ကို အရေးကြီးတဲ့ ဆိုးကျိုးသက်ရောက်မှုတွေ တော်တော်များများ ရှိနေခဲ့ပါတယ်။

ဒီလို တောင်ပံတွေဟာ အလွန် လျှင်မြန်တဲ့ အမြန်နှုန်းဖြင့် ပျံသန်းတဲ့အခါမှာ တောင်ပံအပေါ်မှာ ကြီးမားတဲ့ ဖိအားတွေ သက်ရောက် လာပါတယ်။

အဲဒီလို ဖြစ်လာတဲ့ အချိန်မှာ အတောင်ပံကို ကျိုးထွက် မသွားစေဘဲနှင့် ကွေးညွတ်နိုင်ဖို့ လိုအပ်တဲ့အတွက် အင်ဂျင်နီယာ နည်းပညာအရ လွယ်ကူတဲ့ အလုပ်တခု မဟုတ်ခဲ့ပါဘူး။

Su-47

ဒါ့ကြောင့် အသံထက်မြန်တဲ့ မြန်နှုန်းမြင့် အမြန်နှုန်းဖြင့် ပျံသန်းဖို့ဆိုတာ ရေရှည်မှာ အားနည်းချက် အကြီးကြီး ဖြစ်လာပါတယ်။

အဲဒီ့အပြင် Forward Sweep ဒီဇိုင်းဟာ အလွန်အမင်း ပြင်းထန်တဲ့ ပြန်လည် ထိန်းချုပ်လို့မရတဲ့ ဝေဟင်မှ ပင့်အားလွတ်ကာ လည်ထွက် သွားခြင်းမျိုး (Stall ဟုခေါ်) ခဏခဏ ဖြစ်စေနိုင်ပါတယ်။

သို့ပေမယ့် Su-47 ရဲ့ မတည်ငြိမ်တဲ့ ဒီဇိုင်းပုံစံကို fly-by-wire စနစ်ဖြင့် အလိုအလျှောက် ထိန်းညှိပေးနိုင်တဲ့ ကြောင့် ၎င်းဟာ အလွန်အမင်း ပျံသန်း စစ်ကစားနိုင်စွမ်း ရှိကာ ကောင်းမွန်နေဆဲ ဖြစ်ပါတယ်။

လေယာဉ်သစ်ကို ပြသပြီး မကြာခင်မှာဘဲ Su-47 လေယာဉ် ကိုယ်ထည်တွင် ရေဒါပျောက် နည်းပညာ ထည့်သွင်းထားနိုင်တယ်လို့ ကျွမ်း ကျင်သူတွေက သုံးသပ်ကြပါတယ်။

လေယာဉ်ဒီဇိုင်းဟာ ဘယ်လိုမှ ရေဒါပျောက်နိုင်တဲ့ ဒီဇိုင်းမဟုတ်ပေမယ့် ကိုယ်ထည်မှာတော့ ရေဒါလှိုင်းစုပ်ယူနိုင်တဲ့ ဆေးတွေ သုတ်ထားပုံရပါတယ်။ ဒါပေမယ့် အဲဒါကို အတည်ပြုဖို့တော့ မလွယ်ကူခဲ့ပါဘူး။

ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲပြီး နောက်မှာတော့ Sukhoi ဟာ အဆိုပါ စီမံကိန်းကို ဖျက်သိမ်းခဲ့ပြီး ရှေ့ပြေးပုံစံ အဖြစ် တည်ဆောက်ခဲ့သည့် တစင်းသာ ကျန်ရှိနေပါတော့တယ်။

X-29

X-29

အမေရိကန် အဆင့်မြင့် ကာကွယ်ရေး သုတေသန စီမံကိန်း အေဂျင်စီ DARPA ဟာ Su-47 နှင့် ဆင်တူတဲ့ လေယာဉ်တစင်းကို ဆယ်စုနှစ် တစုကျော်လောက် စောပြီး စမ်းသပ်ခဲ့ပါတယ်။

DARPA ၏ အဆိုအရ X-29 ဟာ လေကြောင်း နည်းပညာအရ တည်ငြိမ်မှု အားအနည်းဆုံး လေယာဉ် ဖြစ်တယ်လို့ သိရပါတယ်။

X-29 ၏ ဖွံ့ဖြိုးတိုးတက်ရေး တွင် အသုံးပြုသည့် နည်းပညာများကို ဖြစ်နိုင်သလောက် အနေအထားတခု အထိ ကြိုးစား လုပ်ဆောင်ခဲ့ပြီး နောက်ပိုင်းမှာတော့ ၎င်း၏ နည်းပညာအချို့ဟာ အနာဂါတ် နည်းပညာများ ဖော်ဆောင်ရာတွင် အသုံးပြုခဲ့ပါတယ်။

DARPA ကြေငြာချက်အရ X-29 လေယာဉ်တွင် အသုံးပြုခဲ့သည့် အဆင့်မြင့် ပေါင်းစပ် သတ္တု ပစ္စည်းများဟာ ယခုအချိန်တွင် စစ်ဘက်နှင့် အရပ်ဘက် လေယာဉ် ၂ မျိုးလုံးများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေပြီလို့ သိရပါတယ်။

Forward Sweep တောင်ပံ ဒီဇိုင်းမှ ဖိအားကြောင့် တောင်ပံများ လိမ်ကောက်နိုင်ခြင်းများကို လေ့လာပြီး Global Hawk မောင်းသူမဲ့ လေ ယာဉ်တွင် တပ်ဆင်ထားသည့် ရှည်လျားပြီး ပါးလွှာသည့် အတောင်ပံများအတွင် အလားတူ ပြသနာများ မဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

X-29

Su-47 နှင့် X-29 ၂ မျိုးစလုံးဟာ ရှေ့ပြေးပုံစံ အဆင့်မှ ပိုပြီး ဖြစ်ထွန်း မလာခဲ့ပေမယ့် ၎င်းတို့ဟာ အရေးပါသည့် စမ်းသပ်မှုများကို လုပ်ဆောင်ခဲ့ပြီး ဒီဇိုင်းမှ ဖြစ်စေနိုင်သည့် အကန့်အသတ်များကို လေ့လာနိုင်ခဲ့ပါတယ်။

ယနေ့ အချိန်အထိ ၎င်းတို့ နည်းပညာများကို အဆင့်မြင့် လေယာဉ်များတွင် အသုံးပြုနေဆဲ ဖြစ်လို့ အဲဒီ့ စီမံကိန်းတွေဟာ အကျိုးမရှိ မဖြစ်ခဲ့တာတော့ အသေအချာပါပဲ။

ဒါပေမယ့် ဒီဇိုင်းဟာ ခေတ်မှီ ပြိုက်ဘက်ကင်း တိုက်လေယာဉ် တစင်း၏ ဒီဇိုင်း အဖြစ် အောင်မြင်ခဲ့လား ဆိုရင်တော့ နိုးပါလို့ ပြောပါရစေ။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 4/1/2022

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *