အဆိုးဝါးဆုံး အနေအထားဖြင့် ရာသီဥတု ကပ်ဆိုးတွေ ဖြစ်ပေါ်လာနိုင်မယ့် သမုဒ္ဒရာများ အခြေအနေ

Knowledge Science

ကျွန်ုပ်တို့ ကမ္ဘာကြီးဟာ လူသားများရဲ့ မဆင်ခြင်တဲ့ လုပ်ရပ်တွေ‌ကြောင့် ရာသီဥတုတွေ ဖောက်ပြန်လာပြီး တစတစ ပျက်စီးလာနေပါတယ်။

ယခုလို နေ့စဉ် ယိုယွင်းလာတဲ့ ကမ္ဘာမြေကြီး အကြောင်းကို ငြင်းမရတာကတော့ ခိုင်မာတဲ့ အထောက်အထားတွေ ရှိနေလို့ပါ။

လက်ရှိတွင် သမုဒ္ဒရာများ၏ အပူချိန်ဟာ စိုးရိမ်စရာ ကောင်းလောက်အောင် ပိုမို လွန်ကဲလာပြီး ဒါဟာ ကမ္ဘာကြီး ပူနွေးလာမှု၏ ရလဒ်ပဲ ဖြစ်ပါတယ်။

Advances in Atmospheric Sciences ဂျာနယ်တွင် တင်ပြခဲ့သည့် လေ့လာမှု တခုအရ ၂၀၂၁ ခုနှစ်မှာ ကမ္ဘာ့ သမုဒ္ဒရာ အပူချိန်ဟာ စံချိန်သစ်တခု တင်လိုက်ပြန်ပါတယ်။

ဒါဟာ လူသားများအနေဖြင့် တိုင်းတာဖူးသမျှမှာ အပူဆုံးဖြစ်ပြီး ကမ္ဘာအနှံ့မှာရှိတဲ့ အဓိက ရေထုများ၏ အထက် ပေ ၆,၅၀၀ လောက်မှာ ရှိနေတာ ဖြစ်ပါတယ်။

ဒီအပူချိန်ဟာ လာနီညာ ကြောင့် ပစိဖိတ် သမုဒ္ဒရာအတွင်းတွင် အေးမြသော ရေများရှိနေရက်နှင့် ဖြစ်နေတာဖြစ်တယ်လို့ Guardian သ တင်း ဌာနက ထောက်ပြပါတယ်။

ဒါဟာ လူသားတွေနှင့် ကမ္ဘာမြေကြီးအတွက် အရေးပေါ် ခေါင်းလောင်း ခေါက်လိုက်တာပဲ ဖြစ်ပါတယ်။

အကြောင်းကတော့ ဒုတိယ အပူချိန် အများဆုံး နှစ်ဟာ ၂၀၂၀ ဖြစ်ပြီး တတိယဟာ ၂၀၁၉ ခုနှစ် ဖြစ်တဲ့အတွက် တနှစ်ထက် တနှစ် ပုံမှန် တိုးနေတာကြောင့် ဖြစ်ပါတယ်။

ရာသီဥတု ကပ်ဆိုး

ရာသီဥတု ဖောက်ပြန်ပျက်စီးမှုအတွက် ဘယ်သူ့တွေကြောင့်လဲ မေးရင် သေချာတာကတော့ လူတွေကြောင့် လုံးဝ အသေအချာပါပဲ။

“သမုဒ္ဒရာများ၏ အပူရှိန်ဟာ တကမ္ဘာလုံး အတိုင်းအတာ အနေဖြင့် မရပ်သွားဘဲ တစိုက်မတ်မတ် တိုးလာနေပြီး ဒါဟာ လူသားတွေကြောင့် ဖြစ်ပေါ်စေတဲ့ ရာသီဥတု ပြောင်းလဲမှုကို မီးမောင်းထိုးပြနေပါတယ်” လို့

ကော်လိုရာဒိုပြည်နည်မှာ ရှိတဲ့ အမျိုးသား လေထုဆိုင်ရာ သုတေသန စင်တာမှ ရာသီဥတု ဆိုင်ရာ သိပ္ပံပညာရှင် တယောက်ဖြစ်ပြီး စာတမ်းကို တွဲဖက်ပြုစုသူ Kevin Trenberth က Guardian သတင်းဌာနကို ပြောပါတယ်။

ပူနွေးလာသည့် သမုဒ္ဒရာများနှင့်အတူ အလွန့် အလွန်ကြီးမားသည့် မုန်တိုင်းများ၊ ရာသီဥတု ပုံစံ သစ်များ၊ အဖျက်ကြမ်းသည့် ဟာရီကိန်း မုန်တိုင်းများနှင့် ဆိုးရွားတဲ့ ရေကြီးမှုများကို ခေါ်ဆောင်လာနိုင်ပါတယ်။

ဥပမာအားဖြင့် မကြာသေးမီက “ကီလိုမီတာ ထောင်နဲ့ချီ မိုးသည်း ရပ်ဝန်းကြီးကို ဖြစ်စေမယ့် ရာသီဥတု ပုံစံသစ်ကို သုတေသီများ တွေ့ရှိလိုက်တဲ့ အကြောင်း” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့သလိုမျိုး ဖြစ်ပါတယ်။

သမုဒ္ဒရာပူနွေးလာမှုရဲ့ အကျိုးသက်ရောက်မှုဟာ အတ္တလန္တိတ်နှင့် တောင်ပိုင်း သမုဒ္ဒရာများတွင် အသိသာဆုံး ဖြစ်တယ်လို့ သုတေသီများက ဆိုပါတယ်။

ရာသီဥတု ပြောင်းလဲမှုဟာ ပစိဖိတ် သမုဒ္ဒရာကိုလည်း ချန်မထားဘဲ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ သို့မဟုတ် ထိုမျှလောက် ကာလ အတွင်းမှာ အကျိုးသက်ရောက်မှုတွေ သိသိသာသာ တိုးလာတာကို တွေ့ရပါတယ်။

ရိုးရိုး ရှင်းရှင်းပြောရမယ် ဆိုပါက ယနေ့အချိန်ဟာ လူသားတွေ အနေဖြင့် ကမ္ဘာကြီး ပူနွေးလာမှုကို ကုစား ရတော့မယ့် အခြေအနေကို ရောက်ရှိနေပါပြီ။

“ကျွန်တော်တို့အနေဖြင့် ကာဗွန်ထုတ်လွှတ်မှုကို သုည အထိ မရောက်မချင်း ဒီလို ဆက်လက်ပူနေမှာ ဖြစ်ပြီး ယခုနှစ် အပူချိန်လိုပဲ လာမယ့် နှစ်တွေမှာလည်း ဆက်လက် အပူချိန်စံချိန် ချိုးနေမှာဖြစ်တယ်” လို့

စာတမ်းကို တွဲဖက် ပြုစုသူ Penn State တက္ကသိုလ်မှ ရာသီဥတု သိပ္ပံပညာရှင် တယောက်ဖြစ်တဲ့ Michael Mann က British သတင်းစာကို ပြောပြခဲ့ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.