သိပ္ပံပညာရှင် တယောက်ဟာ စေတနာ့ ဝန်ထမ်းများ၏ တစ်ရှူးကို ထုတ်ယူပြီး ကြွက်၏ ပင်မအာရုံကြောကို ပြောင်းလဲ ဖြစ် ထွန်း စေနိုင်အောင် လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရပါတယ်။
ဒါဟာ ကမ္ဘာပေါ်တွင် ပထမဆုံးဖြစ်ပြီး ဒီလို လေ့လာစမ်းသပ်မှုကို အစ္စရေး သိပ္ပံပညာရှင် တယောက်က လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
စမ်းသပ်မှုဟာ လေဖြတ်နေတဲ့ ကြွက်များကို လက်လျှောက်နိုင်မှု အပြည့်အဝ လုပ်ဆောင်နိုင်အောင် လုပ်ဆောင်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
သုတေသနကို Tel Aviv တက္ကသိုလ်မှ ပါမောက္ခတယောက်ဖြစ်တဲ့ al Dvir က ဦးဆောင်ပြီး လုပ်ဆောင်ခဲ့တာပါ။

၎င်းနှင့် အဖွဲ့ဟာ လူသုံးယောက်စီမှ ဝမ်းဗိုက်ကြွက်သား အဆီတစ်ရှူး နမူနာ အနည်းငယ်ကို ယူပြီး စမ်းသပ်မှုများ ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီ့နောက်မှာ အဆိုပါ တစ်ရှူးဆဲလ်များကို မျိုးရိုးဗီဇ အင်ဂျင်နီယာ လုပ်ငန်းစဉ်ဖြစ်တဲ့ induced pluripotent stem cells လို့ခေါ်သည့် ဆဲလ်များအဖြစ် ပြန်ပြောင်းခဲ့ပါတယ်။
ဆဲလ်များ၏ ပြင်ပ အပိုင်းများကိုလည်း အခြား ခန္ဓာကိုယ်အတွင်း ထည့်သွင်းရာတွင် ကိုယ်ခံအားစနစ်မှ ငြင်းပယ်ခြင်း မဖြစ်စေရန် ဟိုက်ဒရိုဂျယ်အဖြစ် ပြောင်းလဲပေးရပါတယ်။
သန္ဓေသား၏ ကျောရိုးပင်မအာရုံကြော ဖွံ့ဖြိုးတိုးတက်မှုကို အတုယူထားသည့် လုပ်ငန်းစဉ်အတိုင်း ပင်မဆဲလ်များကို ဟိုက်ဒရိုဂျယ်အတွင်း ထည့်သွင်းပြီး လုပ်ဆောင်ခဲ့တာပါ။

ရလဒ်အနေဖြင့် ရက် ၃၀ လောက် ကြာအပြီးမှာတော့ ဦးနှောက်နှင့် အာရုံကြောမကြီးတွင် ပါဝင်သည့် motor neuron များပါဝင်သော အာရုံကြောကွန်ယက်များ ဖြစ်ထွန်းလာပါတယ်။
အဲဒီ့နောက် ၎င်းတို့ကို လေဖြတ်ခြင်းကြောင့် အာရုံကြောမကြီး ထိခိုက်ကာ ဘယ်ဘက် ခြေထောက် မလှုပ်နိုင်တဲ့ ကြွက်များတွင် ထည့်သွင်းပေးခဲ့ပါတယ်။
ပထမ အုပ်စုဟာ လေဖြတ်တာ မကြာသေးတဲ့ ကြွက်များဖြစ်ပြီး ၎င်းတို့၏ ပျက်စီးနေတဲ့ ပင်မအာရုံကြောမကြီးကို ကောင်းစွာ ဆက်သွယ်ပေးနိုင်ခဲ့ပါတယ်။
ဒါ့ကြောင့် စမ်းသပ်ခဲ့သည့် ၁၀၀ ရာခိုင်နှုန်းသော ကြွက်အားလုံးဟာ ၎င်းတို့၏ ခြေထောက်အား အပြည့်အဝ ပြန်လည် အ သုံး ပြုနိုင်ခဲ့ကြပါတယ်။

နောက်ထပ် အုပ်စုကတော့ လေဖြတ်ပြီး ရက်သတ္တပတ် ၆ ပတ်ကြာ ရှိနေပြီး ကြွက်များ အုပ်စုဖြစ်ပါတယ်။
ဒီစမ်းသပ်မှုတွင်တော့ ၈၀ ရာခိုင်နှုန်းလောက်ရှိတဲ့ ကြွက်များဟာ ခြေထောက်တွေ ပြန်လည် ကောင်းမွန်လာခဲ့ကြပါတယ်။
ကုသစဉ်အတွင်းမှာတော့ အာရုံကြောမကြီး ထိခိုက်စဉ်က ဖြစ်ပွားခဲ့တဲ့ အမာရွတ်များကို စမ်းသပ်မယ့် အာရုံကြောဆဲလ်များ မထည့်သွင်းခင် ဖယ်ရှားပေးရတဲ့ လုပ်ငန်းစဉ်ပါဝင်ပါတယ်။
ယခုလို အောင်မြင်မှုကြောင့် အဆိုပါ နည်းပညာကို Matricelf ကုမ္ပဏီမှ ဆက်လက်လေ့လာမှုများ ပြုလုပ်လျက် ရှိပါတယ်။
“လာမယ့် နှစ် အနည်းငယ်အတွင်းမှာ လူသားတွေမှာ လက်တွေ့စမ်းသပ်ဖို့ အဆင့်သို့ ရောက်ရှိလာမယ်လို့ ကျွန်တော် မျှော် လင့်ထားပါတယ်” လို့ ပါမောက္ခ al Dvir က ပြောပါတယ်။

ဒီနည်းပညာဟာ လေဖြတ်သူများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များကို လျှင်မြန်စွာ ပြီးဆုံးစေမှာ ဖြစ်တဲ့အတွက် ကောင်းမွန်တဲ့ အကျိုးရလဒ်တွေ များစွာ ရရှိနိုင်မှာပါ။
အထက်ပါ သုတေသန စာတမ်းကို Advanced Science ဂျာနယ်တွင် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။