တောင်တရုတ်ပင်လယ်မှ သတိထားရမည့် တရုတ်ရေငုပ် သင်္ဘောများ

Article

၁၉၉၆ ကာလများအတွင်းက တရုတ်နိုင်ငံ ရေငုပ်သင်္ဘောများဟာ အမေရိကန် လေယာဉ်တင် သင်္ဘောများကို နှစ်မြှပ်နိုင်စွမ်း လုံးဝမရှိခဲ့ပါဘူး။ ၂၀၁၀ နောက်ပိုင်းမှာတော့ ဒီအယူအဆတွေဟာ ပြောင်းလဲလာပါပြီ။

ထိုင်ဝမ် နိုင်ငံရေးသမားများဟာ ၁၉၉၅ ခုနှစ် ၁၉၉၆ ခုနှစ်များမှာ ၎င်းတို့၏ကျွန်းနိုင်ငံကို တရုတ်နှင့် မသက်ဆိုင်ကြောင်း ကြေငြာပေးရန် အချက်ပေးခဲ့ကြပါတယ်။

ဒါကို မြန်မြန်ဆန်ဆန်နှင့် ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ပြီးနောက် တရုတ်နိုင်ငံအနေ ဖြင့် အတော့်ကို အရှက်ရခဲ့ပါတယ်။

အကြောင်းကတော့ တရုတ်တို့ဟာ ထိုင်ဝမ်ကျွန်းငယ်လေးကို ဒုံးကျည်ပေါင်းများစွာနဲ့ ပစ်ခတ်ခဲ့တဲ့နောက် အမေရိကန်ဟာ ထိုင်ဝမ်ပတ်လည်တွင် လေယာဉ်တင်သင်္ဘော အုပ်စုကြီး ၂ စု ကို ပို့ ဆောင်စေခဲ့ပြီး လေယာဉ်တင် သင်္ဘော တစ်စီးကို ထိုင်ဝမ်ရေလက်ကြားမှာ ခုတ်မောင်းစေခဲ့ပါတယ်။

တရုတ်စစ်တပ်ဟာ ဒီလို ရောက်ရှိလာတဲ့ အမေရိကန်ရေတပ်ကို ယှဉ်နိုင်မယ့် အင်အားမရှိသည့်အပြင် အမေရိကန် စစ်သင်္ဘောများကိုပင် ခြေရာခံနိုင်ခြင်း မရှိခဲ့ပါဘူး။ အဲဒါကြောင့် တရုတ်တို့ နောက်ဆုတ်သွားခဲ့ပါတယ်။

ဆယ်စုနှစ်တွေကြာပြီးနောက်မှာတော့ အခြေအနေတွေဟာ ပြောင်းလဲလာပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်ရှိ RAND လို့ခေါ်တဲ့ (RAND website တွင်ကြည့်ရှုနိုင်) အကြံပေးအဖွဲ့ဟာ တရုတ်ရေငုပ်သင်္ဘောများဟာ ထိုင်ဝမ်ကိစ္စ အလားတူ ဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့ပါက အမေရိကန် လေယာဉ်တင်သင်္ဘောများကို ပစ်မှတ်ထားလာ နိုင်တယ်လို့ ပြောပါတယ်။

RAND Corporation မှ ထုတ်ပြန်ခဲ့သည့် ၂၀၁၅ ခုနှစ် မှတ်တမ်း အမှတ် RB-9858/4-AF အရ “တရုတ်နိုင်ငံဟာ လျှင်လျှင်မြန်မြန် တိုးတက်နေပြီး အမေရိကန်တို့၏ လေယာဉ်တင်သင်္ဘော အုပ်စုများကို တရုတ် ကမ်းရိုးတန်းများ မှတဆင့် ကီလိုမီတာ ၂ ထောင်လောက် အကွာအဝေးမှ ခြေရာခံကာ တိုက်ခိုက်နိုင်ခြေ ရှိလာပြီ” လို့ သတိပေးခဲ့ပါတယ်။

ထိုသို့ လေယာဉ်တင်သင်္ဘော အုပ်စုများကို ရှာဖွေ တိုက်ခိုက်နိုင်ဖို့ရာအတွက် တရုတ်နိုင်ငံအနေဖြင့် အသုံးပြုနိုင်တဲ့ စဉ်းစားစရာ ၂ ချက်ရှိပါတယ်။

ပထမ တိုက်ခိုက်ဖို့အတွက် ခေတ်မှီပြီး စိတ်ချရတဲ့ ရေငုပ်သင်္ဘောတွေ အသုံးပြုမှာ ဖြစ်ပြီး ဒုတိယ အနေဖြင့် လေယာဉ်တင်သင်္ဘောတွေကို ရှာဖွေဖို့ ဒီ ရေငုပ်သင်္ဘောတွေမှာ နည်းလမ်း ရှိနေမှာ ဖြစ်ပါတယ်။

တရုတ်အနေဖြင့် ၁၉၉၆ ခုနှစ် နောက်ပိုင်း ဆယ်စုနှစ် ၂ ခု အတွင်းမှာ တိုးတက်မှုတွေ အများကြီးရှိလာခဲ့ပါတယ်။

၁၉၉၆ ခုနှစ်မှာ တရုတ်နိုင်ငံဟာ ခေတ်မှီ ရေငုပ်သင်္ဘော ၂ စီးသာ ထုတ်လုပ်နိုင်ခဲ့ပြီး ကျန်တဲ့ သင်္ဘော များကတော့ ၁၉၅၀ ခုနှစ်နည်းပညာများကို အခြေခံထားတဲ့ မျက်ရည်စက်ပုံ ကိုယ် ထည် ဒီဇိုင်းနှင့် တော်ပီတိုတွေသာ တပ်ဆင်ထားတာပါ။

၂၀၁၇ မှာတော့ တရုတ်ဟာ ခေတ်မှီ ရေငုပ်သင်္ဘောပေါင်း ၄၉ စီးအထိ ရှိလာပြီး ယနေ့ ၂၀၂၁ မှာ ၇၀ လောက် အထိ ရှိလာပါတယ်။ ဒီ ရေငုပ်သင်္ဘောတွေဟာ ယခင်ထက် ပိုမိုပြီး စွမ်းဆောင်လာနိုင်တဲ့ ရေငုပ်သင်္ဘောတွေ ဖြစ်ပါတယ်။

“မကြာသေးမီက ထုတ်လုပ်ထားတဲ့ တရုတ် ရေငုပ်သင်္ဘောများဟာ ခေတ်မှီဆန်းပြားတဲ့ ခရုဇ်မစ်ဇိုင်းတွေ နဲ့ တော်ပီဒိုတွေကို တပ်ဆင်ထားပြီး ပစ်ခတ်နိုင်တဲ့ အကွာအဝေးကလည်း အများကြီး တိုးတက်လာတယ်” လို့ Think Tank သုတေသနအဖွဲ့က ဆိုပါတယ်။

တရုတ် ရေငုပ်သင်္ဘောအများစုဟာ ဒီဇယ်သုံး ရေငုပ်သင်္ဘောများ ဖြစ်ပြီး အမေရိကန် စံနှုန်းကို မမှီပေမယ့် အမေရိကန် စစ်သင်္ဘောများကိုတော့ ကောင်းကောင်း ခြိမ်းခြောက်နိုင်စွမ်း ရှိတယ်လို့ ပြောပါတယ်။

သုတေသနလုပ်တဲ့ ၇ ရက်တာကာလအတွင်း ပေကျင်း ရေငုပ်သင်္ဘောများအနေဖြင့် အမေရိကန်ရေငုပ်သင်္ဘောများကို “Cueing” လို့ RAND အဖွဲ့က ခေါ်တဲ့ ဂြိုဟ်တုတွေ၊ ဒရုန်းတွေ၊ သူလျှိုလေယာဉ်တွေ နဲ့ မြေပြင် အခြေစိုက်ရေဒါတွေကို အသုံးပြုပြီး တိုက်ခိုက်နိုင်ခြေ ရှိပါတယ်။

ဒါကို “Intelligence, Surveillance and Reconnaissance systems” ISR ထောက်လှမ်း ရေး၊ စောင့်ကြည့်ရေးနှင့် ကင်းထောက် စနစ်များ လို့ ခေါ်ပါတယ်။

တရုတ်ရဲ့ ISR စနစ်များဟာ တိုးတက် လာတာကြောင့် ၁၉၉၆ ခုနှစ်များက လေယာဉ်တင် သင်္ဘော များကို တိုက်ခိုက် နိုင်ခြေ လုံးဝ မရှိခဲ့ရာမှ RAND ၏ ၇ ရက်တာ သုတေသနအရ Cueing ခေါ် ISR စနစ်များဖြင့် ရက်သတ္တပတ်အတွင်း ၃ ကြိမ် မှ ၄ ကြိမ် သို့မဟုတ် ၅ ကြိမ်ထိတောင် တိုက်ခိုက်နိုင်ဖို့ အခွင့်အလမ်း ရှိနေပါပြီ။

ဒါပေမယ့် ဒီလို တိုက်ခိုက်နိုင်တာဟာ အောင်မြင်မယ်လို့တော့ အာမခံချက် မရှိသေးပါဘူး။ ဘာလို့လဲဆိုတော့ တရုတ်တို့ တိုးတက်လာသလို အမေရိကန်ရဲ့ နည်းပညာ များဟာလည်း ရပ်တန့်နေတာ မဟုတ်လို့ပါ လို့ RAND က ထောက်ပြထားပါတယ်။

အမေရိကန် အနေဖြင့် တိုးတက်လာတဲ့ တရုတ်တို့ရဲ့ ISR စနစ်များကို တန်ပြန်ဖို့ သူတို့ရဲ့လေယာဉ် တင်သင်္ဘော အုပ်စုများမှာ ဒုံးကျည်ကာကွယ်ရေးတွေ၊ ရေငုပ်သင်္ဘော ကာကွယ်ရေးစနစ်တွေနဲ့ လေကြောင်း တန်ပြန် ကာကွယ်ရေးစနစ် တွေကို တိုးတက်လာအောင် လုပ်ဆောင်ထားမှာပါ။

လက်ရှိမှာ တရုတ်နိုင်ငံဟာ ခေတ်မှီ ရေငုပ်သင်္ဘောများအပြင် တိုက်ချင်းပစ် ဒုံးပျံ၊ သင်္ဘောဖျက် ဒုံးပျံမျိုးစုံကိုလည်း ပိုင်ဆိုင်နေပြီ ဖြစ်ကာ ရေငုပ်သင်္ဘောအချို့မှာ တွဲဖက်အသုံးပြုနိုင် နေပါပြီ။

ဒီ ဆောင်းပါးဟာ RAND ရဲ့ ၂၀၁၅ သုတေသနကို အခြေခံထားတာဖြစ်ပြီး ယနေ့ခေတ်မှာ တရုတ် ရေငုပ်သင်္ဘောတွေရဲ့ အန္တရာယ်ဟာ ဒီ့ထက်ပိုလာမှာ မလွဲဧကန်ပဲ ဖြစ်ပါတယ်။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *