စင်္ကာပူနိုင်ငံ Nanyang Technology University (NTU) မှ သိပ္ပံပညာရှင်များဟာ စက္ကူလောက် ပါးလွှာတဲ့ ဇီဝနည်းဖြင့် ဆွေးမြေ့နိုင်စေသည့် Zinc ဘတ္တရီများကို တီထွင်ဖန်တီးနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါတယ်။
ပစ္စည်းအသစ်ဟာ အနာဂါတ်တွင် ခေါက်နိုင် ကွေးနိုင်သည့် ပြင်လွယ်ပြောင်းလွယ်ရှိသော အီလက်ထရွန်းနစ် ပစ္စည်းများအတွက် ရေရှည် တည်တံ့သည့် စွမ်းအင်ကို ပေးစွမ်းနိုင်မယ်လို့ ယုံကြည်ရပါတယ်။
Zinc ဘတ္တရီများဟာ နှစ်ဖက်လုံးမှာ hydrogel အားဖြည့်ထားသည့် cellulose paper ဖြင့် ရိုက်နှိပ်ထားသည့် electrodes များဖြင့် ပြုလုပ်ထားတာ ဖြစ်ပါတယ်။
ဘတ္ထရီ၏ လျှပ်ကူးနိုင်စွမ်းကို မြှင့်တင်ပေးရန်အတွက် ပါးလွှာသည့် ရွှေသတ္တု အလွှာကို electrode များပေါ်တွင် ဖုံးအုပ်ပေးထားပါတယ်။
ဒီ ဘတ္ထရီသစ်ဟာ အထူအားဖြင့် ၀.၄ မီလီမီတာ ခန့်သာ ရှိတဲ့အတွက် အကြမ်းဖျင်းအားဖြင့် လူ့ဆံပင် ၂ ပင်စာလောက်သာ အထူ ရှိပါတယ်။
အံ့ဩစရာကောင်းတဲ့ အချက်ကတော့ ဘက်တ္ထရီသက်တမ်း ကုန်ဆုံးသွားလို့ မြေကြီးထဲသို့ မြှုပ်ထားပါက ၎င်းဟာ ဇီဝနည်းဖြင့် ဆွေးမြေ့နိုင်ပြီး ၁ လအတွင်းမှာ လုံးဝ ပျောက်ကွယ် သွားနိုင်ပါတယ်။

Advanced Science ဂျာနယ်တွင် တွေ့ရှိချက်များကို ဖော်ပြခဲ့တဲ့ NTU မှ သုတေသီများဟာ ၁.၅ လက်မ x ၁.၅ လက်မ (၄ စင်တီမီတာ x ၄ စင်တီမီတာ) စတုရန်းပုံစံ ရှိသည့် စက္ကူဘတ္တထရီဟာ သေးငယ်တဲ့ လျှပ်စစ်ပန်ကာငယ်လေးကို ၄၅ မိနစ်လောက်အထိ စွမ်းအင် ထောက်ပံ့ပေးနိုင်ကြောင်း သရုပ်ပြခဲ့ပါတယ်။
သုတေသီများဟာ ဘတ္ထရီကို ကွေးညွှတ်လိုက်ခြင်းက ပန်ကာထံသို့ စွမ်းအင်ထောက်ပံ့မှုကို အနှောင့်အယှက် မဖြစ်စေနိုင်ကြောင်း အလေး ပေး ဖော်ပြခဲ့ပါတယ်။
ဇီဝအားဖြင့် ဆွေးမြေ့နိုင်စေသော အီလက်ထရွန်းနစ် ပစ္စည်းများ
သုတေသီများဟာ ၎င်းတို့၏ ကွေးနိုင် ခေါက်နိုင်သည့် ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ ဘတ္ထရီအသစ်ကို လူတွင် ဝတ်ဆင်ရသည့် အီလက်ထရွန်းနစ် ပစ္စည်းများနှင့် ခေါက်နိုင်သည့် စမတ်ဖုန်းများကဲ့သို့ အနာဂါတ်တွင် လိုက်လျောညီထွေရှိသည့် အီလက်ထရွန်းနစ် ပစ္စည်းများ အတွက် အသုံးချနိုင်ဖို့ ယုံကြည်ထားပါတယ်။
၎င်းကို ဇီဝဆေးဘက်ဆိုင်ရာ အာရုံခံ ကိရိယာများနှင့် ကျန်းမာရေး စောင့်ကြည့် စစ်ဆေးမှုများအတွက် အသုံးပြုနိုင်သည့်အပြင် ကုန်ကျ စရိတ်လည်း သက်သာမှု ရှိပါတယ်။
cellulose နှင့် hydrogel များဖြင့် ပြုလုပ်ထားသဖြင့် ဇီဝအားဖြင့် မိမိဖာသာ ဆွေးမြေ့ပျက်စီး နိုင်စေသောကြောင့် အီလက်ထရွန်းနစ် စွန့် ပစ်ပစ္စည်း ပြသနာများအတွက် များစွာ အထောက်အကူ ပြုစေမှာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ရဲ့ စက္ကူဘက်ထရီဟာ အဆိပ်အတောက် မရှိသလို ဘတ္ထရီ အစိတ်အပိုင်းတွေကို ဖုံးအုပ်ဖို့ အလူမီနီယမ် ဒါမှမဟုတ် ပလပ်စတစ်ဘူးတွေ မလိုအပ်တဲ့အတွက် အီလက်ထရွန်းနစ် အမှိုက်သရိုက် ပြဿနာတွေကို ကူညီပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု လက်ထောက် ပါမောက္ခဖြစ်သူ Lee Seok Woo မှ ပြောကြားခဲ့ပါသည်။
“ထုပ်ပိုးမှုအတွက် လိုအပ်သည့်အလွှာများကို ရှောင်ကြဉ်ခြင်းက ကျွန်တော်တို့ ဖန်တီးလိုက်တဲ့ ဘက်ထရီကို ပိုမို မြင့်မားတဲ့ စွမ်းအင် ပမာ ဏ သိမ်းဆည်းနိုင်စေပြီး ပိုမို သေးငယ်သော စနစ်တစ်ခုအတွင်းမှာ စွမ်းအင်ကို သိမ်းဆည်းနိုင်စွမ်း ရှိစေပါတယ်။” လို့ ၎င်းက ဆက်ပြောပါတယ်။
ယခု အပတ် အစောပိုင်းကာလကလည်း စတန်းဖို့ဒ်မှ သုတေသီများဟာ ပြင်လွယ်ပြောင်းလွယ်ရှိတဲ့ အီလက်ထရွန်းနစ် ပစ္စည်းများကို စွမ်း အင် ပေးနိုင်သည့် သုတေသနပြုချက်နှင့် ပတ်သက်၍ ၎င်းတို့၏ ကိုယ်ပိုင်ကြေငြာချက်များကို ထုတ်ပြန်ခဲ့ပါသေးတယ်။
၎င်းတို့ဟာ လူများ ဝတ်ဆင်နိုင်သော အီလက်ထရွန်းနစ်ပစ္စည်းများ၊ လျှပ်စစ် စွမ်းအင်သုံးယာဉ်များ နှင့် အပေါ့စား အာကာသယာဉ်များကိုပင် စွမ်းအင်ပေးနိုင်မယ်လို့ ယုံကြည်ရတဲ့ ပေါ့ပါးတဲ့ ဆိုလာစွမ်းအင် ပစ္စည်းသစ်ကို တီထွင်ခဲ့တာပါ။

အဆိုပါ ပစ္စည်းကို transition metal dichalcogenides (TMDs) လို့ခေါ်တဲ့ နေရောင်ခြည်ကို အခြား ဆိုလာပြားတွေထက် ပိုမို စုပ်ယူနိုင်စွမ်းရှိမယ့် ပစ္စည်းနဲ့ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
အဲဒီ့အကြောင်းကို “စက္ကူထက် ၁၅ ဆလောက် ပိုမို ပါးလွှာမယ့် လက်ရှိ ဆိုလာပြားများကို အစားထိုးမယ့် ပစ္စည်းသစ်” ခေါင်းစဉ်ဖြင့် ဖော် ပြခဲ့ပြီး ဖြစ်ပါတယ်။
ဒီလို တီထွင်မှု ၂ ခုစလုံးဟာ ကျွန်တော်တို့ အနာဂါတ် လျှပ်စစ်အားသွင်းခြင်း နှင့် အီလက်ထရွန်းနစ် ပစ္စည်းများ အသုံးပြုသည့် ပုံစံကို ကြီးကြီးမားမား ပြောင်းလဲမှုတွေ ဖြစ်လာစေမှာ အသေအချာပဲ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။