ပဲရစ်မြို့တွင် ကျင်းပခဲ့သည့် Eurosatory 2022 ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပြပွဲတွင် Rheinmetall ဟာ ၎င်း၏ မျိုး ဆက်သစ် ပင်မ တိုက်ပွဲဝင် တင့်ကားသစ်ကို ပြသခဲ့ပါတယ်။
KF51 Panther လို့ခေါ်တဲ့ အဆိုပါ တင့်ကား ဒီဇိုင်းဟာ အလေးချိန် ပေါ့ပါးကာ ပုံမှန် တင့်ကားများထက် သေးငယ်ပေမယ့် ကြောက်မက်ဖွယ် စွမ်းဆောင်ရည်တွေ ရှိပါတယ်။
စစ်အေးကာလက ထုတ်လုပ်ခဲ့သည့် Leopard 2 တင့်ကားများကို အခြေခံထားသည့် KF51 (KF ဆိုသည်မှာ ချိန်းတပ်ယာဉ် သို့မဟုတ် “Kettenfahrzeug” လို့ အဓိပ္ပါယ်ရ) ဟာ ယနေ့ခေတ် တင့်ကားများ၏ အားနည်းချက်များကို ဖြေရှင်းပေးထားသည့် ဒီဇိုင်းဆန်းသစ်မှု များစွာ ပါဝင်ပါတယ်။
စစ်အေးကာလ အတွင်း NATO နိုင်ငံများ အဖွဲ့နှင့် Warsaw Pact စာချုပ်ပါ အဖွဲ့ဝင် (အယ်လ်ဘာနီးယား၊ ဘူဂေးရီးယား၊ ချက်ကို ဆလိုဗက်ကီးယား၊ အရှေ့ဂျာမနီ၊ ပိုလန်၊ ဟန်ဂေရီ၊ ရိုမေးနီးယား၊ ဆိုဗီယက်) နိုင်ငံများ ထိပ်တိုက်တွေ့ကြသည့်အခါ
ဥရောပ အလယ်ပိုင်းနှင့် အရှေ့ ဥရောပတွင် သမားရိုးကျ စစ်ဗျူဟာ အတွက် သံချပ်ကာ ယာဉ်များ တင့်ကားများကို အပြိုင်အ ဆိုင် ထုတ်လုပ်လာကြပါတယ်။

ရလဒ် အနေနဲ့ကတော့ အလေးချိန် တန် ၈၀ လောက်အထိ ရှိပြီး ပတ်လည်တွင် လေးလံသည့် ပေါင်းစပ် သံချပ်ကာများ သို့မ ဟုတ် reactive armor များနှင့် ဆုံလည်တွင် ကြီးမားသည့် အမြောက်ကြီးများ တပ်ဆင်ထားသည့် တင့်ကားများ ပေါ်ပေါက်လာပါတယ်။
၁၉၈၀ ခုနှစ်များအထိ ဒီလို တင့်ကားတွေဟာ အဆင်ပြေခဲ့ပေမယ့် ယနေ့လို တင့်ကားများ၏ အားနည်းချက်များကို တိကျစွာ ထိအောင် တိုက်ခိုက်နိုင်တဲ့ စမတ်လက်နက်များ ပေါ်ပေါက်လာတဲ့ အခါမှာတော့ ကြီးမားပြီး လေးလံတဲ့ စစ်အေးခေတ် တင့် ကား များထက် ပိုမို ပေါ့ပါးပြီး လှုပ်ရှားလွယ်သည့် တင့်ကားများကို လိုအပ်လာပါတယ်။
Rheinmetall ဟာ ဒစ်ဂျစ်တယ် စနစ် အပြည့်အဝ တပ်ဆင် ထားကာ လွတ်မြောက် နိုင်စွမ်း မြင့်မားပြီး ကွန်ယက်များနှင့် ကင်းထောက် ဒရုန်းများနှင့် ချိတ်ဆက်နိုင်သည့် NATO Generic Vehicle Architecture (NGVA) ကို အသုံးပြုထားသည့် တင့်ကားမျိုးကို ထုတ်နိုင်ဖို့ လုပ်ဆောင်နေတာပါ။
ကုမ္ပဏီ အဆိုအရ ၎င်းဟာ ပိုမို ကောင်းမွန်သည့် တင့်ကားကို ဖြစ်စေပြီး ဥာဏ်ရည်တု AI ကဲ့သို့ အနာဂါတ် နည်းပညာများ ပါဝင်လာစေရန် အလွယ်တကူ အဆင့်မြင့်တင်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
KF51 ၏ အဓိက တပ်ဆင်ထားသည့် လက်နက်စနစ်ကတော့ ၁၃၀ မီလီမီတာ ရှိတဲ့ Rheinmetall အနာဂါတ် အမြောက်စနစ် (FGS) ဖြစ်ပါတယ်။

အဆိုပါ ပြောင်းချော အမြောက်ဟာ အလိုအလျှောက် ပစ်ခတ်မှုများကို လုပ်ဆောင်နိုင်ပြီး ဆက်တိုက် ချက်ချင်း အသုံးပြုနိုင်သည့် အမြောက်ကျည် ၂၀ ကို တွဲလျက် တပ်ဆင်ထားပါတယ်။
Rheinmetall အဆိုအရ FSG အမြောက်စနစ်ဟာ ပိုမို ဝေးကွာသည့် ပစ်မှတ်များတွင် လက်ရှိ အသုံးပြုနေသည့် ၁၂၀ မီလီ မီတာ အမြောက်များထက် ၅၀ ရာခိုင်နှုန်းလောက် ပိုမို ထိရောက်မှု ရှိတယ်လို့ သိရပါတယ်။
FSG အမြောက် စနစ်နှင့် အတူ အဝေးထိန်း စနစ်ဖြင့် ပစ်ခတ်နိုင်သည့် ၁၂.၇ မီလီမီတာ စက်ကြီး တလက်ကို တပ်ဆင်ပေးထား ပါတယ်။
ဒါ့အပြင် UVision HERO 120 လို့ခေါ်တဲ့ loitering လက်နက်ပစ်လွှတ်စနစ်ကို တပ်ဆင်ထားပြီး အဆိုပါ ပစ်လွှတ်စနစ်မှ ၄.၅ ကီလိုဂရမ် ထိပ်ဖူးပါတဲ့ လျှပ်စစ် မော်တာတပ် ဒရုန်းငယ်ကဲ့သို့ လက်နက်ဟာ လေပေါ်တွင် ပျံသန်းစေပြီး KF51 တင့် ကား မြင်ကွင်းအလွန်မှ ပစ်မှတ်များကို ချေမှုန်းနိုင်မှာ ဖြစ်ပါတယ်။
အဆိုပါ loitering လက်နက်ဟာ ပစ်မှတ်ကို မတွေ့မချင်း လေထဲတွင် မိနစ် ၆၀ လောက် ပျံသန်းနေနိုင်တဲ့ အတွက် အလွန် ကြောက်စရာကောင်းတဲ့ လက်နက်တခု ဖြစ်ပါတယ်။
လေးလံသည့် သံချပ်ကာစနစ်အပြင် KF51 တွင် ၄၀ မီလီမီတာ Rosy မီးခိုးငွေ့သုံး ကာကွယ်မှုစနစ်ကို တပ်ဆင်ထားပြီး ထိုစနစ်ဟာ ကြီးမားတဲ့ ဧရိယာအတွင်းမှာ မီးခိုးငွေ့များ ဖုံးအုပ်စေကာ ပဲ့ထိန်းလက်နက်များ ရန်မှ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

ထိုစနစ်နှင့် အတူ Top Attack Protection System (TAPS) လို့ခေါ်တဲ့ ဆုံလည် အပေါ်မှ တိုက်ခိုက်ခံရနိုင်ချေကို ကာကွယ်သည့် စနစ် တပ်ဆင်ထားပြီး ဆိုက်ဘာ တိုက်ခိုက်မှုများကိုပါ ကာကွယ်ဖို့ စနစ်ပါဝင်ပါတယ်။
KF51 ရဲ့ အတွင်းမှာတော့ စစ်သည် ၃ ဦး လိုက်ပါ နိုင်ကာ ဆုံလည် နေရာတွင် ပစ်ခတ်ရေး စစ်သည်နှင့် အရာရှိ လိုက်ပါပြီး ကိုယ်ထည်ထဲမှာတော့ ယာဉ်မောင်း စစ်သည်က ရှိနေမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ကိုယ်ထည်ထဲတွင် မစ်ရှင် ကျွမ်းကျင်သူ၊ တပ်မှ အကြီးအကဲများ သို့မဟုတ် ဒရုန်း ထိန်းချုပ်သူများ လိုက်ပါနိုင်ဖို့ စတုတ္ထမြောက်ခုံတခုံကိုလည်း တပ်ဆင်ပေးထားပါတယ်။
လိုက်ပါသူများ၏ နေရာတိုင်းတွင် ပြင်ပသို့ ၃၆၀ ဒီဂရီ ပတ်ပတ်လည် မြင်နိုင်အောင် စီစဉ်ပေးထားပြီး လိုက်ပါသူ အားလုံးကိုလည်း အချင်းချင်း တာဝန်များ လွှဲပြောင်း လုပ်ကိုင်နိုင်အောင် စီစဉ်ထားပါတယ်။
ဒါ့ကြောင့် ပစ်ခတ်ရေး စစ်သည်နှင့် အရာရှိတို့ဟာ မတူညီတဲ့ ပစ်မှတ်များကို လွတ်လပ်စွာ ခြေရာခံ ထိတွေ့ နိုင်မှာ ဖြစ်ပါတယ်။

နောက်ပိုင်း ထွက်ပေါ်လာမည့် KF51 မျိုးကွဲများမှာတော့ ဒရုန်းများနှင့် မြေပြင်သွား စက်ရုပ်ယာဉ်များနှင့် တိုက်ရိုက် ဆက်သွယ်နိုင်မှာ ဖြစ်ပြီး စစ်သည်မပါဝင်သည့် ဆုံလည်များ သို့မဟုတ် အပြည့်အဝ ထိန်းချုပ်နိုင်သည့် စနစ်များ သို့မဟုတ် အလိုအလျှောက်စနစ်များ တပ်ဆင်သွားဖွယ် ရှိပါတယ်။
တချိန်ထဲမှာဘဲ Panther ဟာ အခြေအနေများကို အကဲဖြတ် သိရှိနိုင်ရန် နှင့် အချက်အလက်များအား အခြားသို့ မျှဝေနိုင်ရန် ကင်းထောက်ယာဉ်များနှင့်လည်း ချိတ်ဆက်ထားမှာ ဖြစ်ပါတယ်။
နောက်ထပ် KF51 ၏ အားသာချက်တခုကတော့ အလေးချိန် ၅၉ တန်သာ ရှိတာ ဖြစ်ပြီး ၃၁၁ မိုင်လောက်အထိ စစ်ဆင်ရေး တာဝန်များ ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။
၎င်းဟာ NATO ၏ AmovP-4L profile နှင့်လည်း လိုက်လျောညီထွေ ဖြစ်သည့်အတွက် ပိုကြီးသည့် တင့်ကားများ မသွားနိုင်သည့် လမ်းများ၊ တံတားများ နှင့် လှိုဏ်ခေါင်းများတွင် သွားလာနိုင်မှာ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။