ယခုခေတ် အဆင့်မြင့် နည်းပညာသုံး ဆေးဘက်ဆိုင်ရာ စက်ရုပ်များဟာ အခန်းတွင်း ပိုးသတ်သည့် လုပ်ငန်းစဉ်များကအစ ခွဲစိတ်မှုများ အဆုံးထိ လုပ်ဆောင်နိုင်ပါတယ်။
ယခုအခါ အောက်စဖို့ဒ် တက္ကသိုလ်နှင့် စက်ရုပ်များကို ဖန်တီးသည့် ကုမ္ပဏီ Devathro တို့မှ သုတေသီ တဖွဲ့ဟာ လူသားများ၏ အရွတ် တစ်သျှူး ပုံစံကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။
ဒီအရွတ်ဟာ စက်ရုပ်၏ ပုခုံးတွင် တပ်ဆင်ပြီး လူများ လှုပ်ရှားသကဲ့သို့ လှုပ်ရှားနိုင်မှာ ဖြစ်တယ်လို့ MedicalXpress သ တင်း မှ ဖော်ပြခဲ့ပါတယ်။
လူ့တစ်သျှူးများကို ကြီးထွားစေမည့် bioreactor
တီထွင်မှု အသစ်တွင် တစ်သျှူးများကို ကြီးထွားရန်အတွက် bioreactor ကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာတဝှမ်းရှိ သုတေသီများဟာ လူသားများအတွက် လိုအပ်သည့် မှန်ကန်စွာ ကျုံ့နိုင်ဆန့်နိုင်သည့် လူ့အရွတ်တစ်သျှူးကို ဖန်တီးရန် နှစ်ပေါင်းများစွာ ရုန်းကန်ခဲ့ရပါတယ်။

ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် သုတေသီများဟာ ကျုံနိုင်ဆန့်နိုင်သည့် ပမာဏကို တိုးမြှင့်လာစေရန် ကိရိယာများကို တည်ဆောက်ခြင်းဖြင့် ကြိုးစားလာခဲ့တာပါ။
ဒါပေမယ့် ဒီအားထုတ်မှုတွေဟာ တကယ့် တစ်သျှူးအစစ်တွေလို လိမ်နိုင် ဆန့်နိုင်တဲ့ အနေအထား ရောက်အောင် မဖန်တီးနိုင်ခဲ့ပါဘူး။
ထို့ကြောင့် ယခု သုတေသန အဖွဲ့ဟာ ဤမျှ ခက်ခဲလှသည့် အလုပ်အတွက် ချဉ်းကပ်မည့် နည်းလမ်းသစ်တခုကို စိတ်ကူးမိကြပါတယ်။
၎င်းတို့ဟာ ယခင် သမားရိုးကျ နည်းလမ်းများအတိုင်း မလုပ်တော့ဘဲ လူသားများ၏ တကယ့် အလုပ်လုပ်ပုံ အတိုင်း အတု ယူ ဖန်တီးဖို့အတွက် ဆုံးဖြတ်ခဲ့ပါတယ်။
ဒီလို ဖန်တီးဖို့တွက် Davanthro မှ အင်ဂျင်နီယာများဟာ open-source စက်ရုပ်တခုကနေ လူ့ပုခုံးကို တုပထားပြီး ဖန်တီးထားတဲ့ အဆစ်တခုကို စိတ်ကူးခဲ့ပါတယ်။

စနစ်ဟာ bioreactor တခုကို ထပ်ပေါင်းပေးထားပြီး တစ်သျှူးအသစ်များကို ဆက်လက် ကြီးထွားလာဖို့ လုပ်ဆောင်ထားပါတယ်။
အဖွဲ့ဟာ စက်ရုပ်၏ ပုခုံးတွင် bioreactor နှင့် ဆံပင်ကဲ့သို့ အမျှင်များကို တွဲဖက်ထားပြီး အာဟာရ ဓာတ်များ ပါဝင်သည့် နေရာနှင့် ချိတ်ဆက်ထားပါတယ်။
ထို့နောက် ဆဲလ်များကို ကြီးထွားလာရန် အတွက် နှစ်ပတ်လောက် ကြာအောင် စောင့်ကြည့်ခဲ့ပါတယ်။
ထိုအချိန်အတွင်းမှာ ပုခုံးအား လူကဲ့သို့ ကွေးခြင်း လိမ်ခြင်းများဖြင့် နေ့စဉ် မိနစ် ၃၀ ခန့် လှုပ်ရှားနိုင်မှာပါ။
နောက်ဆုံး ရလဒ်အနေဖြင့် အဆိုပါ တစ်သျှူးများဟာ အသေတပ်ဆင်ထားရှိသည့် ယခင်စနစ်များနှင့် သိသိသာသာ ကွာခြားမှုကို တွေ့မြင် ခဲ့ရပါတယ်။
တိုးတက်မှု တခုဖြစ်လာတာလား?

အောင်မြင်မှုတွေ ရရှိခဲ့ပေမယ့် သုတေသီများဟာ ယခင်ထက် တိုးတက်မှုတွေ တကယ် သိသိသာသာ ဖြစ်လာတာလား ဆိုတာ အသေအချာ ပြောနိုင်ဖို့ နောက်ထပ် စမ်းသပ်မှုတွေ ဆက်လက် လုပ်ရဦးမှာပါ။
တကယ်လို့ လုံးဝ အပြီးသတ် အောင်မြင်ပါက လူနှင့် တူသည့် တစ်သျှူးများကို အသုံးချမှုများဟာ အကန့်အသတ်မရှိ ဖြစ် လာမှာ ဖြစ်ပါတယ်။
ယခုလို လုပ်ဆောင်တဲ့ နည်းလမ်းဟာ လုံးဝ နည်းလမ်း အသစ် တခုတော့ မဟုတ်ပါဘူး။
၂၀၁၈ ခုနှစ်က တိုကျို တက္ကသိုလ်မှ သုတေသီများဟာ နှစ်မျိုးစပ် “biohybrid” စက်ရုပ်တခုကို ဖန်တီးခဲ့ပြီး အဆိုပါ စက်ရုပ်ဟာ သက်ရှိ ကြွက်သား တစ်သျှူးများနှင့် စက်ရုပ်စနစ်တို့ တွဲဖက် လှုပ်ရှားနိုင်ခဲ့ပါတယ်။

ဇီဝနှင့် စက် ပေါင်းစပ်ထားသည့် biohybrid စက်ရုပ်များဟာ တချိန်ချိန်တွင် လူသားများအတွက် လိုအပ်နေသည့် အရွတ်နှင့် ကြွက်သား နေရာများကို အစားထိုးဖို့ ဖြစ်လာတော့မှာပါ။
စက်ရုပ်နှင့် လူသား တစ်သျှူးများ ပေါင်းစည်းနိုင်သည့် ခေတ်သစ်တခုကို ကျွန်တော်တို့ဟာ မကြာခင် ရောက်ရှိလာတော့မလား ဆိုတာ အချိန်က စကားပြောသွားပါလိမ့်မယ်။
ဒီလေ့လာမှုကို Communications Engineering ဂျာနယ်တွင် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။