ဩစတေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ နည်းပညာတက္ကသိုလ် UTS ဦးနှောက်နှင့် ထိန်းချုပ်နိုင်သည့် စက်ရုပ် နည်းပညာအတွက် ဆန်းပြားသည့် ကာဗွန်အခြေပြု ဇီဝ အာရုံခံကိရိယာကို ထုတ်လုပ်လိုက်ပါတယ်။
UTS ၏ အင်ဂျင်နီယာနှင့် IT ဌာန မှ ပါမောက္ခ Francesca Iacopi နှင့် သူမ၏ အဖွဲ့မှ ထုတ်လုပ်ခဲ့တဲ့ ဒီ ဇီဝ အာရုံခံကိရိယာဟာ ဦးခေါင်းနှင့် မျက်နှာရှိ အရေပြားတွင် တပ်ဆင်ကာ ဦးနှောက်မှ ပေးပို့လာသည့် အချက်ပြမှုများကို သိရှိနိုင်မှာ ဖြစ်ပါတယ်။
အဲဒီ့ အချက်ပြမှုများကို စက်ရုပ်က သိရှိနိုင်အောင် ပြောင်းလဲပေးပြီး အလိုအလျှောက် စက်ရုပ်စနစ်များကို အမိန့်ပေးခြင်း မှသည် ထိန်းချုပ်ခြင်းအထိ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
ဒီသုတေသန လေ့လာမှု စာတမ်းကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ထုတ် Journal of Neural Engineering တွင် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

Credit: Andy Roberts
ဇီဝအာရုံခံ ကိရိယာကို အလွန်ပါးလွှာကာ အလွန်မာကျောသော ကာဗွန်ဖြစ်သည့် Sillicon Substrate ပေါ်ရှိ Silicon carbide ပေါ်တွင်ဖြစ်ထွန်းသည့် epitaxial graphene ကို အသုံးပြုပြီး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
ရလဒ်အနေဖြင့် graphene အခြေပြု ဇီဝ အာရုံခံ ကိရိယာများတွင် ရှိတတ်သည့် စိန်ခေါ်မှု ၃ မျိုးဖြစ်တဲ့ ယိုယွင်းပျက်စီးခြင်း၊ တာရှည်မခံခြင်းနှင့် အရေပြား တုန့်ပြန်မှု များကို ကျော်လွန်နိုင်ခဲ့တာ ဖြစ်ပါတယ်။
“ကျွန်တော်တို့ဟာ အလွန် ဇီဝ သဟာဇာတ ဖြစ်ပြီး အလွန် လျှပ်ကူးနိုင်တဲ့ သတ္တိရှိတဲ့ graphene တွေထဲက အကောင်းဆုံးတွေကို အလွန် အကြမ်းခံ ဒူပေနာပေခံနိုင်မယ့် ဇီဝ အာရုံခံ ကိရိယာတွေ နေရမှာ သုံးနိုင်ဖို့ အကောင်းဆုံး ဆီလီကွန် နည်းပညာကို အသုံးပြုပြီး ပေါင်းစပ်နိုင်ခဲ့ပါပြီ” လို့ ပါမောက္ခ Lacopi က ပြောပါတယ်။
Graphene ဟာ ဇီဝ အာရုံခံ ကိရိယာများကို တီထွင်ရာတွင် မကြာခဏ အသုံးပြုလေ့ ရှိသည့် ပစ္စည်း တမျိုးဖြစ်ပါတယ်။
၎င်းဟာ ကာဗွန်အက်တမ် အမျိုးမျိုးဖြင့် ပြုလုပ်ထားတာဖြစ်ပြီး အက်တမ်များကို ဆဌဂံ ပုံစံ ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး အလွှာတလွှာသာ ရှိပါတယ်။
Graphene ဟာ ခဲတံတွေမှာ အသုံးပြုတဲ့ Graphite လို့ခေါ်တဲ့ ခဲသားရဲ့ အလွန့် အလွန် ပါးလွှာတဲ့ အလွှာတလွှာ ဖြစ်ကာ လျှပ်ကူးမှု အလွန်ကောင်းမွန်ပြီး အလွန်မာကျောပါတယ်။

Graphene
သို့ပေမယ့် ယနေ့အထိ Graphene ကို ထုတ်ကုန်အများအပြားတွင် အသုံးချရမှာ ချွေးနှင့် အခြား အရေပြားမှ အစိုဓာတ်နှင့် ထိတွေ့သည့်အခါ အလွှာတွေ ကွာထွက် ကြွထွက်သည့် ပြသနာကို ကြုံတွေ့ရတတ်သည့်အတွက် တခါသုံး ပစ္စည်းများအဖြစ်သာ ထုတ်လုပ်ခဲ့ရပါတယ်။
UTS မှ ယခု ထုတ်လုပ်လိုက်တဲ့ ဇီဝအာရုံခံ ကိရိယာကတော့ ၎င်းကို ကြာရှည်စွာ အသုံးပြုနိုင်မည့်အပြင် ဆားဓာတ်မြင့်မားသည့် ပတ်ဝန်း ကျင် များတွင် မကြုံစဖူးသည့် ရလဒ်အနေဖြင့် အကြိမ်ပေါင်းများစွာ ပြန်လည်အသုံးပြုနိုင်တာကို တွေ့ရပါတယ်။
နောက်ပိုင်းမှာ အာရုံခံ ကိရိယာဟာ ဦးနှောက်မှ အချက်ပြမှုများကို သိရှိနိုင်ဖို့ ဟန့်တားနေသည့် အရေပြား တုန့်ပြန်မှုကိုလည်း သိသိသာသာ လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။
ယခု သုတေသနဟာ အလိုအလျှောက် မောင်းနှင်သည့်ယာဉ်များနှင့် စက်ရုပ်များကို ထိန်းချုပ်နိုင်ဖို့ ဦးနှောက်လှိုင်းကို မည်သို့ အသုံးပြုနိုင်ကြောင်းကို စူးစမ်းရန် ပိုမိုကြီးမားတဲ့ ပူးပေါင်းဆောင်ရွက်မှု၏ တစိတ်တပိုင်းပဲ ဖြစ်ပါတယ်။

Illustration
ဒီလုပ်ဆောင်မှုကို နာနိုနည်းပညာနှင့် အီလက်ထရွန်းနစ် နည်းပညာ် ပစ္စည်းများနှင့် ပတ်သက်ပြီး သူမ၏ အလုပ်များအတွက် နိုင်ငံတကာမှ ချီးမွမ်းခြင်း ခံထားရတဲ့ ပါမောက္ခ Lacopi နှင့် UTS မှ ထိပ်တန်း သုတေသီ ပါမောက္ခ Chin-Teng Lin တို့ ပူး ပေါင်း လုပ်ဆောင်တာဖြစ်ပါတယ်။
၎င်းတို့အတွက် Defense Innovation Hub မှ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁.၂ သန်း ထောက်ပံ့ပေးထားပါတယ်။
အောင်မြင်ပါက သုတေသနပြုမှုဟာ Graphene အခြေပြု အာရုံခံကိရိယာများကို သေးငယ်သော အရွယ်အစားများအဖြစ် ထုတ်လုပ်နိုင်ကာ လိုသလို ပုံစံသွင်းနိုင်မှာ ဖြစ်ပြီး ကာကွယ်ရေး နယ်ပယ်နှင့် အခြား နယ်ပယ်များတွင် အသုံးပြုသွားဖို့ အလားအလာတွေ ရှိနေပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။
First Published 28/12/2021