နည်းပညာမြင့် စနိုက်ပါ ရိုင်ဖယ် တပ်ဆင်ထားသည့် ခွေးစက်ရုပ် အကြောင်း

Military Tech

Ghost Robotics နှင့် SWORD International ကုမ္ပဏီ ၂ ခု ပူးပေါင်းပြီး ရိုင်ဖယ်သယ်ဆောင်နိုင်တဲ့ စက်ရုပ် ခွေးတကောင်ကို တီထွင်ထုတ်လုပ်နေပြီ ဖြစ်ပါတယ်။

Special Purpose Unmanned Rifle (SPUR) လို့ ခေါ်တဲ့ ဒီ ခွေးစက်ရုပ်တွင် SWORD ကုမ္ပဏီ မှ ထုတ်လုပ်ထားသည့် ၆.၅ မီလီမီတာ ရှိ Creedmoor ရိုင်ဖယ်ကို Ghost Robotics မှထုတ်လုပ်ထားသည့် ခြေလေးချောင်းသုံး မြေပြင်သွားစက်ရုပ် quadrupedal unmanned ground vehicles (Q-UGVs) တွင် တပ်ဆင်ထားတာ ဖြစ်ပါတယ်။

SPUR ခွေးစက်ရုပ်ကို အမေရိကန် ကြည်းတပ် နှစ်ပတ်လည် အစည်းအဝေး၌ “နောက်ဆုံးပေါ် အန္တရာယ် အပေးနိုင်ဆုံး လက်နက် တီထွင်မှု” အဖြစ် တင်ပြခဲ့ပါတယ်။

SWORD ကုမ္ပဏီမှ ဒီစနစ်ဟာ”Ghost Robotics မှ ထုတ်လုပ်တဲ့ ခြေလေးချောင်းသုံး Vision-60 စက်ရုပ်များမှ တဆင့် တိကျစွာ ပစ်ခတ်နိုင်ဖို့ ဒီဇိုင်းဆွဲထားတယ်” လို့ ဆိုပါတယ်။

စစ်မြေပြင်မှာ တိကျစွာ ပစ်ခတ်နိုင်ဖို့ ဒီဇိုင်းဆွဲထားတဲ့ စက်ရုပ်များနှင့် ရင်ဆိုင်ရဖို့ ဆိုတာ လူတွေအတွက် အိပ်မက်ဆိုးတခု ဖြစ်နေမှာပါ။

ဒီလို ဆန်းဆန်း ပြားပြား တီထွင်ထားတဲ့ ခွေးစက်ရုပ်ဟာ အလေးချိန် ၇.၇ ကီလိုဂရမ်ရှိပြီး လက်နက် စနစ်ကို လုံခြုံစွာနှင့် ယုံကြည်စိတ်ချမှုရှိရှိ ဖြစ်အောင် ဖန်တီးထားပြီး မောင်းနှင်သူမှ အကွာအဝေးတခုမှ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။

Creedmoor ရိုင်ဖယ်ဟာ ၁၂၀၀ မီတာ အကွာအဝေးအထိ တိကျစွာ ပစ်ခတ်နိုင်ပြီး SPUR ခွေးစက်ရုပ်တွင် NATO ကျည် 7.62 မီလီမီတာ ၅၁ တောင်ဝင်ဆန့်သည့် ကျည်အိမ်များကိုပါ အသုံးပြုနိုင်ပါတယ်။

အလွန်အစွမ်းထက်သည့် အာရုံခံ ကိရိယာများကိုပါ တပ်ဆင်ထားသည့်အတွက် စက်ရုပ်ဟာ နေ့ရော ညပါ စစ်ဆင်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

ဒီဇိုင်းနှင့် တပ်ဆင်မယ့် လက်နက်ကို သိရှိရပြီ ဖြစ်ပေမယ့် အခြား အသေးစိတ် အချက်အလက် များကိုတော့ များများ စားစား မသိရသေးပါဘူး။

ဒါ့အပြင် ဒီစက်ရုပ်ကို အလိုအလျှောက်စနစ်ဖြင့် ဘယ်အတိုင်းအတာအထိ အသုံးပြုမည်လား သို့မဟုတ် လူမှ အပြည့်အဝ ထိန်းချုပ်မည်လား ဆိုသည့် အပိုင်းမှာလည်း အသေအချာ မသိရသေးပါဘူး။

Ghost Robotics မှ Q-UGV စက်ရုပ်များကို အမေရိကန် စစ်တပ်အနေဖြင့် ကန့်သတ်ထားသည့် စစ်ဆင်ရေး ကိစ္စများမှာ အသုံးပြုနေတာ အတော်ကြာကြာ ရှိနေပါပြီ။

ဒီ ခွေးစက်ရုပ်များကို အထူးသဖြင့် အမေရိကန် လေတပ်၏ အဝေးမှ ထောက်လှမ်းခြင်း၊ စောင့်ကြည့်ခြင်း နှင့် မြေပုံဆွဲသည့် စစ်ဆင်ရေးများတွင် အသုံးပြုနေတာ ဖြစ်ပါတယ်။

Boston Dynamics မှ စက်ရုပ်များနှင့် ဆင်တူမှု ရှိသော်လည်း Q-UGV များဟာ စစ်ဘက်ဆိုင်ရာ နှင့် ဆိုးရွားသော အခြေ အနေများတွင် အသုံးပြုနိုင်ဖို့ အတွက် ဒီဇိုင်းဆွဲ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

စက်ရုပ်ဟာ ၁၂ ကီလိုမီတာ (၇.၅ မိုင်) အတွင်း တာဝန်ထမ်းဆောင်နိုင်ဖို့ အားသွင်းချိန် ၃ နာရီခန့်သာ လိုအပ်ပြီး တခါ အားပြည့်သည်နှင့် တစက္ကန့်လျှင် ၂ မီတာ အမြန်နှုန်းဖြင့် သွားလာနိုင်ပါတယ်။

ခွေးစက်ရုပ်များဟာ ၎င်းတို့၏ စွမ်းဆောင်ရည်များကို ပြသနေချိန်မှာ နှစ်လိုဖွယ်ကောင်းပေမယ့် အန္တရာယ်ပေးနိုင်သည့် လက်နက်များကို တပ်ဆင်လိုက်တဲ့အခါမှာတော့ အလွန်ကြောက်စရာကောင်းတဲ့ အနေအထားကို ဖန်တီးနိုင်မှာ သေချာ ပါတယ်။

ဒါ့ကြောင့် မဝေးလှတဲ့ အနာဂါတ် စစ်မြေပြင်များတွင် ယခု စက်ရုပ်များကို လူသားများအစား အသုံးပြုလာတော့မှာ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *