ရေအောက်သွားစက်ရုပ်များကို ငါးအမြှီး ကဲ့သို့ အမြှီးများ တပ်ဆင်ရန် သုတေသီများ ကြိုးစားနေ

Innovation Science

ငါးများ၏ ရုပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းပုံများကို ရေအောက်သွား စက်ရုပ်များ၏ ဒီဇိုင်းများတွင် ပုံစံတူ အသုံးပြုမှုတွေ များပြားလာပြီ ဖြစ်ပါတယ်။

ဗာဂျီးနီးယားတက္ကသိုလ်၏ အင်ဂျင်နီယာ နှင့် အသုံးချသိပ္ပံဌာနမှ သုတေသီများဟာ အမြှီး၏ မာကြောမှုကို ထိန်းညှိခြင်းအားဖြင့် စက်ရုပ်များဟာ ပိုမို ထိရောက်စွာ ကူးခတ်နိုင်တာကို တွေ့ရှိခဲ့ရပါတယ်။

ငါးများဟာ ၎င်းတို့၏ မြင့်မားတဲ့ ကူးခတ်နိုင်စွမ်းကို အရှိန်မျိုးစုံဖြင့် ထိန်းသိမ်းကူးခတ်နိုင်ပါတယ်။ ကူးခတ်တဲ့အချိန်တွင် အမြှီး၏ တောင့်တင်းမှုကို ထိန်းညှိဖို့ ကြွက်သားတွေကို သုံးပြီး လှုပ်ရှားကြပါတယ်။

ရေးကူးတဲ့ စက်ရုပ်ကို ဒီဇိုင်းဆွဲရာမှာ သုတေသီများအတွက် အမြဲ မေးခွန်းထုတ်ခံရလေ့ရှိတဲ့ မေးခွန်းကတော့ စက်ရုပ်အား ရေထဲတွင် တွန်းပို့ဖို့အတွက် ဘယ်လို တောင့်တင်းတဲ့ အရာနှင့် ပြုလုပ်ရမလဲ ဆိုတာပဲ ဖြစ်ပါတယ်။

တူညီတဲ့ တောင့်တင်းမှု (တခုလုံးဟာ မာကြောပြီး ငါးအမြှီးကဲ့သို့ ဘယ်ညာ လှုပ်မရခြင်း) ဟာ အချို့နေရာများမှာ ကောင်းကောင်း အလုပ်လုပ်ပေမယ့် အခြားနေရာမှာတော့ အဆင်မပြေနိုင်သဖြင့် အထက်ပါ မေးခွန်းဟာ ဖြေဖို့တော့ မလွယ်ကူပါဘူး။

“ငါးစက်ရုပ်များမှာ မာကြောတဲ့ အမြှီးရှိတာဟာ စက်ဘီးတစီးမှာ ဂီယာရှိသလိုပါပဲ။ အဲဒါဟာ အရှိန်တခုကိုပဲ မြှင့်တင်ဖို့ ထိရောက်ပါလိမ့်မယ်” လို့ ဗာဂျီးနီးယား တက္ကသိုလ်မှ လက်ထောက် ပါမောက္ခ Dan Quinn က ပြောပါတယ်။

ကံဆိုးတာကတော့ ငါးတွေရဲ့ ရေကူးပုံကို တိုင်းတာဖို့ရာ ခဲ့ယဉ်းတဲ့အတွက် သူတို့ ဘယ်လို အလုပ်လုပ်လဲဆိုတာ သိဖို့ ခက်ပါတယ်။

Dan Quinn ဟာ ၎င်း၏ လုပ်ဖော်ကိုင်ဖက် ပါရဂူဘွဲ့ရ သုတေသီ Qiang Zhong နှင့် အတူတကွ လေ့လာရာတွင် Quinn ဟာ ဒီမာကြောမှုကို ထိန်းညှိဖို့ အရည်ရွေ့လျှားမှုနှင့် ဇီဝ မက္ကင်းနစ် နှစ်ခုကို ပေါင်းစည်းပြီး သီအိုရီ အရ ဖြေရှင်းနိုင်ခဲ့ပါတယ်။

ဒီလို ထိန်းညှိလို့ရတဲ့ သီအိုရီကို စမ်းသပ်ဖို့ရာ သုတေသီများဟာ စက်ရုပ်ကိုအခြေခံတဲ့ ငါး အမြှီးတခုကို တည်ဆောက်ခဲ့ပါတယ်။

အဲဒီ့နောက်မှာတော့ ရေလမ်းကြောင်းတွင် ရေကူးနေစဉ် အမြှီးကို ထိန်းညှိပေးဖို့ ပရိုဂရမ်ထည့် သွင်းထားသည့် အရွတ်ကို အသုံးပြုခဲ့ပါတယ်။

စမ်းသပ်မှုတွင် ထူးခြားသည့် တိုးတက်မှုများကို ပြသခဲ့ပြီး ထိန်းညှိပေးနိုင်သည့် အမြှီးတပ်ဆင်ထားသည့် စက်ရုပ်ဟာ ယခင် အမြှီးပုံသေ တပ်ဆင်ထားသည့် စက်ရုပ် ထက် စွမ်းအင် ထက်ဝက်လောက်သာ အသုံးပြုပြီး အမြန်နှုန်း အမျိုးမျိုးဖြင့် ကူးခတ်နိုင်တာကို တွေ့ရပါတယ်။

အောင်မြင်မှုများ ရရှိ ပြီးနောက် သုတေသီများဟာ ၎င်းတို့၏ စက်ရုပ် ပုံစံကို အခြား ကူးခတ်ခြင်း အမျိုးအစားများ အတွက် ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ပထမဆုံး ပြုလုပ်ခဲ့တဲ့ စက်ရုပ် ဟာ တူနာ ငါးနှင့် ပုံစံတူပြီး သုတေသီများဟာ လင်းပိုင်လောက် ကြီးတဲ့ ငါးအရွယ် သို့မဟုတ် ဖားလောင်းအရွယ်အထိ သေးတဲ့အရွယ် ဒီဇိုင်းများဖြင့် စမ်းသပ်ရန် စဉ်းစားနေကြပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.