မိုင်းတွင်းများမှ ရေနံ သို့မဟုတ် သတ္တုရိုင်းများကို အခြား အရာများမှ ထုတ်ယူသည့်အခါမှာ tailing လို့ခေါ်တဲ့ အရည် အ ညစ် အကြေးတွေ ထွက်လာတတ်ပါတယ်။
ထို စွန့်ပစ်အရည်များကို ကန်တခုဖြင့် ထိန်းသိမ်းထားပြီး ၎င်းတို့ကို စောင့်ကြည့်နိုင်ဖို့ လိုအပ်ပါတယ်။
ယခုအခါမှာတော့ အရပ်မျက်နှာ မျိုးစုံ လှည့်နိုင်ပြီး ရေပေါ်နှင့် ကုန်းပေါ် နှစ်မျိုးသွားနိုင်သည့် Helix Neptune စက်ရုပ်ယာဉ်ငယ်ဟာ ထိုတာဝန်များကို ထမ်းဆောင်နိုင်တော့ မှာပါ။
ကနေဒါ စက်ရုပ်နည်းပညာ ကုမ္ပဏီ Copperstone Technologies မှ ထုတ်လုပ်လိုက်သည့် ဒီစက်ရုပ်ယာဉ်ဟာ ဘတ္တရီဖြင့် စွမ်းအင်ပေးထားပြီး ဘီးများ သို့မဟုတ် ချိန်းတပ်ဘီးများ မပါဝင်ပါဘူး။
အဲဒီ့လို ဘီးအမျိုးအစားတွေအစား ထူးထူးခြားခြား ဝက်အူပုံစံ အောက်ခံ လေးချောင်းကို အသုံးပြုပြီး အရပ်မျက်နှာမျိုးစုံကို လှည့်နိုင် သွားနိုင်အောင် လုပ်ဆောင်ထားပါတယ်။

ဝက်အူပုံစံ ဘီးအမျိုးအစားများဟာ လွတ်လပ်စွာ လှည့်နိုင်ပြီး ခြောက်သွေ့သည့် မြေ၊ ရွှံ့နှင့် ရေမျက်နှာပြင်တို့မှာ သွားလာနိုင်ပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် ဒီလို ထူးခြားတဲ့ ဝက်အူ စနစ်မျိုးဟာ ယခင်က မြင်နေကျ မဟုတ်သည့် မကြုံစဖူး စနစ်တခု ဖြစ်တဲ့ အ တွက် စိတ်ဝင်စားစရာ ကောင်းပါတယ်။
နှစ်တွေကြာလာတဲ့အမျှ ဒီလို ဒီဇိုင်းဟာ မြေပြင်ပေါ်အထိ တက်သွားနိုင်တဲ့ land-going yachts ခေါ် ရွက်လှေငယ်တွေ မှသည် နှင်းတောင်ပေါ်သွား စကိတ်ဘုတ်များနှင့် စနေဂြိုဟ်၏ လ တိုင်တန်ပေါ်ဆင်းမည့် စူးစမ်းယာဉ် ဒီဇိုင်းများတွင် အသုံး ပြုလာတာကို တွေ့ရပါတယ်။
Neptune စက်ရုပ်ယာဉ်ဟာ ရေကန်ငယ်များတွင် ဖြတ်သန်းသွားနိုင်ပြီး ၎င်းကို အလိုအလျှောက်စနစ် သို့မဟုတ် အဝေးထိန်းစနစ်ဖြင့် ထိန်းချုပ်နိုင်ပါတယ်။

ဒါ့အပြင် အာရုံခံ ကိရိယာများ တပ်ဆင်ထားသည့်အတွက် ရေထဲမှ ဓာတုနှင့် အောက်စီဂျင်ပါဝင်မှုများ၊ နောက်ကျိမှုများနှင့် ဆားဓာတ်များကိုပါ တိုင်းတာနိုင်မှာပါ။
ထိုအာရုံခံ ကိရိယာများမှ တဆင့် ရေကန်အောက်အခြေအထိ ညစ်ညမ်းမှုတွေ မရှိတော့တာကို တိုင်းတာနိုင်ပါက စွန့်ပစ်ရေများကို သတ္တုတွင်းများမှ ပြန်လည်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
နောက်တချက်က ဒီစက်ရုပ်ယာဉ်ဟာ ရေအနက်ကိုလည်း တိုင်းတာနိုင်ပါတယ်။
သတ္တုတွင်း စွန့်ပစ်ရေများဟာ အဆိပ်အတောက်များ ဖုံးအုပ်ထားသည့် ပုံစံ ဖြစ်နေသဖြင့် ဒါဟာ အရေးကြီးသည့် အရာတခုလည်း ဖြစ်ပါတယ်။
၎င်းတွင် အားကောင်းသည့် ဝန်ချီစက်ငယ်တခုကို တပ်ဆင်ထားသည့်အတွက် မျက်နှာပြင်နှင့် အနက် အမျိုးမျိုးတွင် ရှိသည့် ရေအညစ်အကြေး နမူနာများကို စုဆောင်းနိုင်ပါတယ်။

အဆိပ်အတောက်များ ရှိသည့် အညစ်အကြေး ရေကန်တခုအတွင်းမှာ ဒီလို ရေနမူနာတွေ လူတွေ ကိုယ်တိုင် စုဆောင်းဖို့ အန္တရာယ် ရှိတဲ့အတွက် စက်ရုပ်ဟာ အတော်လေး အသုံးဝင်ပါတယ်။
စက်ရုပ်ကို အသုံးချဖို့ရာအတွက် အခြားသော ကိစ္စတွေ ရှိနေပါသေးတယ်။
ဥပမာအားဖြင့် ၎င်းပေါ်တွင် ရေခဲပြင် တူးဖောက်စက်များ တပ်ဆင်ထားပြီး အေးခဲနေသည့် ရေကန်များတွင် ရေခဲ၏ အထူကို တိုင်းတာဖို့ လုပ်ဆောင်နိုင်ပါတယ်။
အလားတူပင် သွားလာရ ခက်ခဲကာ ရောက်ရှိနိုင်ဖို့ ခဲယှဉ်းသည့် နေရာများသို့ စောင့်ကြည့်ခြင်းနှင့် ကင်းထောက်ခြင်း စသည့်လုပ်ငန်းစဉ်များကိုလည်း လုပ်ဆောင်နိုင်ဦးမှာပါ။
Neptune စက်ရုပ်ယာဉ်ကို လွန်ခဲ့သည့် ၁ နှစ်က စတင် မိတ်ဆက်ခဲ့ပြီး နောက်ပိုင်းမှာ နိုင်ငံ တော်တော်များများက အသုံးပြုနေကြပြီ ဖြစ်ပါတယ်။

Copperstone ကုမ္ပဏီဟာ လက်ရှိတွင် စက်ရုပ်ကို ရောင်းချမည့်အစား ကုမ္ပဏီမှ စက်ရုပ်ကို အသုံးပြုပြီး လိုအပ်သည့် လုပ်ငန်းများအတွက် ကူညီသည့် ဝန်ဆောင်မှုကိုလည်း ထားရှိပါတယ်။
၂၀၂၂ ခုနှစ် ဇွန်လ ၂ ရက်နေ့မှာတော့ Matacs ထူးချွန်သည့် စွန့်ဦးတီထွင်သူဆုကို ရရှိခဲ့ပြီး ဒီစက်ရုပ် နည်းပညာကို အသိ အမှတ်ပြုခဲ့ပါတယ်။
Mitacs ဟာ ကနေဒါနိုင်ငံတွင် နည်းပညာပိုင်းဆိုင်ရာ ဆန်းသစ်တီထွင်မှု မြှင့်တင်ရန် အစိုးရမှ ရန်ပုံငွေ ပေးထားသည့် အ ကျိုး အမြတ်မယူသည့် အဖွဲ့အစည်းတခု ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။