တနာရီ ၁၂၃,၀၀၀ မိုင်နှုန်းဖြင့် အာကာသထဲတွင် မောင်းနှင်နိုင်မည့် နျူကလီးယား ဒုံးပျံ အင်ဂျင်သစ်

Science Tech

လူသားများ အင်္ဂါဂြိုဟ်သို့‌ အချိန် တိုတောင်းစွာ ရောက်ရှိနိုင်စေရန် ရော့ကတ် နည်းပညာ တခုကို စမ်းသပ်နေတယ်လို့ သိရပါတယ်။

အဲဒီ့ ရော့ကတ် နည်းပညာဟာ အင်္ဂါဂြိုဟ်သို့ သွားရာ ခရီးရှည်အတွင်း စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများ နှင့် အာကာသဆိုင်ရာ အန္တရာယ်များကို လျှော့ချပေးနိုင်ဖို့လည်း ရည်ရွယ်ထားပါတယ်။

ကော်စတာရီကာ အခြေစိုက် Ad Astra Rocket ကုမ္ပဏီဟာ ၎င်း၏ VX-200SS plasma ရော့ကတ် အင်ဂျင်ကို ၈၀ ကီလိုဝပ် စွမ်းအင်ဖြင့် ၈၈ နာရီကြာ စမ်းသပ်မှု ပြီးစီးခဲ့ပြီလို့ ဒီနှစ် နွေရာသီမှ ကြေငြာခဲ့ပါတယ်။

ဒီစမ်းသပ်မှုကို ဟူစတန်မြို့အနီးရှိ ကုမ္ပဏီ၏ တက္ကဆက်ပြည်နယ် ဓာတ်ခွဲခန်းတွင် ပြုလုပ်ခဲ့တာဖြစ်ပြီး လျှပ်စစ် တွန်းကန်စနစ်ဖြင့် စွမ်း အားမြင့် ကမ္ဘာ့ အကြာဆုံး မောင်းနှင်နိုင်မှု မှတ်တမ်း စံချိန်သစ်တခုကို ရရှိခဲ့ပါတယ်။

Vasimr ရော့ကတ်အတွက် စမ်းသပ်မှုနှင့် ချွတ်ယွင်းမှုများမှာ နှစ်ပေါင်းများစွာ ရှိခဲ့

“ဒီစမ်းသပ်မှုဟာ နှစ်ပေါင်းများစွာ စမ်းသပ်မှုပေါင်းများစွာနှင့် ချို့ယွင်းမှုပေါင်းများစွာ ဖြတ်ကျော်ခဲ့ပြီး အသေးစိတ် ကြိုးစားအားထုတ်ခဲ့ရတဲ့ အဖွဲ့၏ ရလဒ်ဖြစ်ပြီး အောင်မြင်မှုကြီးတခုဖြစ်တယ်”

လို့ NASA အာကာသယာဉ်မှူးအဖြစ် သီးခြား မစ်ရှင် ၇ ခုနှင့် နာရီပေါင်း ၁,၆၀၁ နာရီလောက် အာကာသအတွင်းတွင် တာဝန်ထမ်းဆောင်ဖူးသည့် ကုမ္ပဏီ၏ ဥက္ကဌနှင့် CEO ဖြစ်သည့် Franklin R. Chang Díaz က ပြောပါတယ်။

Variable Specific Impulse Magnetoplasma Rocket (Vasimr) ဒုံးပျံဟာ နျူကလီးယား ဓာတ်ပေါင်းဖိုအား ပလတ်စမာကို အပူချိန် ဒီဂရီ ၂ သန်းလောက်အထိ ပေးပြီး ပျံသန်းနိုင်အောင် ဒီဇိုင်းထုတ်ထားသည့် အင်ဂျင်ကို အသုံးပြုမှာ ဖြစ်ပါတယ်။

သီအိုရီအရ လျှပ်စစ်သံလိုက်စက်ကွင်းများမှ တဆင့် ဓာတ်ငွေ့ပူများကို လမ်းကြောင်းဖော်ပေးပြီး အမြန်နှုန်း တနာရီလျှင် ၁၂၃,၀၀၀ မိုင် နှုန်း (တနာရီလျှင် ၁၉၇,၉၅၀ ကီလိုမီတာ) နှုန်းဖြင့် ပျံသန်းနိုင်မှာ ဖြစ်ပါတယ်။

Ad Astra ၏ ရည်ရွယ်ချက်မှာ မယုံကြည်နိုင်လောက်သည့် အမြန်နှုန်းဖြင့် အာကာသထဲမှာ သွားလာနိုင်ရုံသာမက ပိုမို ဘေးကင်းလုံခြုံသော အာကာသ သွားလာခြင်းကို ဖြစ်စေနိုင်ဖွယ် ရှိပါတယ်။

Vasimr ဒုံးပျံများတွင် ကမ္ဘာ့ပတ်လမ်းအတွင်းသို့ ရောက်ရှိရန် ဓာတု လောင်စာသုံး ဒုံးပျံများနှင့် တွဲဖက်ရမှာ ဖြစ်ပြီး ကမ္ဘာ့ ပတ်လမ်းအပြင်ရောက်ရှိသွားပါက ပလတ်စမာ အင်ဂျင်မှ စတင် မောင်းနှင်မှာ ဖြစ်ပါတယ်။

ဓာတုလောင်စာသုံး ဒုံးပျံများထက် ၄ ဆလောက် ပိုမို မြန်ဆန်

ခုနှစ်လအတွင်း NASA ဟာ အင်္ဂါဂြိုဟ်ပေါ်သို့ လူသားများ စေလွှတ်နိုင်ဖို့ ဖြစ်နိုင်မယ်လို့ တွက်ချက်ထားပေမယ့် မအောင်မြင်သော ဆုံးရှုံးမှုများစွာ ဖြစ်ပွားနိုင်ပါတယ်။

ဒါ့ကြောင့် Díaz ဟာ ၂၀၁၀ က Popular Science နှင့် အင်တာဗျူးတခုတွင် “ဓာတု လောင်စာသုံး ဒုံးကျည်များဟာ ကျွန်တော်တို့ကို အင်္ဂါဂြိုဟ်ပေါ် ပို့ဆောင်ပေးနိုင်မှာ မဟုတ်ပါဘူး။ ၎င်းတို့ဟာ ခရီးရှည်လွန်းပါတယ်” လို့ ပြောဖူးပါတယ်။

သမားရိုးကျ ဓာတုလောင်စာသုံး ဒုံးပျံတစင်းဟာ လွှတ်တင်စဉ်ကာလအတွင်းက ပေါက်ကွဲမှုကို အသုံးပြုကာ လောင်စာဆီဖြင့် တွန်းကန်စနစ်ကို အသုံးပြုရင်း အင်္ဂါဂြိုဟ်ပေါ် မရောက်မချင်း မောင်းနှင်ရမှာ ဖြစ်ပါတယ်။

ဒီ့အတွက် ကြားထဲတွင် ရပ်တန့်နိုင်သည့် နည်းလမ်းမရှိပါဘူး။ ဒါ့ကြောင့် အာကာသ ယာဉ်ဟာ လမ်းကြောင်း ပြောင်းလဲနိုင်မှာ မဟုတ်ဘဲ တခုခု မအောင်မြင်မှု ဖြစ်ပွားပါက ဆက်သွယ်ရေးဟာ ၁၀ မိနစ်ခန့် နောက်ကျတဲ့အတွက် အာကာသယာဉ်မှူးတွေ အတွက် အသက်အန္တရာယ်ရှိပါတယ်။

တခြားတဖက်မှာတော့ ယခု ဒုံးပျံသစ်ဟာ အင်္ဂါဂြိုဟ်သို့ ခရီးတလျှောက်တွင် အမြန်နှုန်းကို ထိန်းထားနိုင်ပြီး တစက္ကန့်လျှင် ၃၄ မိုင်နှုန်းဖြင့် အမြင့်ဆုံး ရောက်ရှိနိုင်ပြီး အင်္ဂါဂြိုဟ်ပေါ်သို့ ၂၃ ရက်ထဲနှင့် ရောက်ရှိသွားမှာ ဖြစ်ပါတယ်။

ဒါဟာ လက်ရှိ ဒုံးပျံများထက် ၄ လောက်ဆ ပိုမြန်တဲ့ အမြန်နှုန်းဖြစ်ပြီး ပုံမှန် ၇ လ ခရီးကို ခန့်မှန်းခြေအားဖြင့် ၆ လ လောက်အထိ လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။

မကြာသေးမီက လေ့လာချက်များအရ အင်္ဂါဂြိုဟ် မစ်ရှင်များဟာ အာကာသ ယာဉ်မှူးများ၏ လုံခြုံရေးအတွက် ၄ နှစ်ထက် ပိုပြီး မကြာသင့်ဘူး ဆိုတာကို တွေ့ရှိရပါတယ်။

အာကာသ ခရီးသွားခြင်း၏ အချိန်ကို လျှော့ချနိုင်ခြင်းဟာ နေရောင်ခြည်နှင့် ထိတွေ့မှုကို နည်းပါးစေပြီး၊ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေ လျှော့ချနိုင်ကာ ဆွဲငင်အားမဲ့သည့် အခြေအနေကြောင့် ကြွက်သားများ ကျုံ့တတ်သည့် ကျန်းမာရေးနှင့် ဆိုင်သည့် ပြသနာများကို လျှော့ချနိုင်ပါတယ်။

ပလတ်စမာ အင်ဂျင်ဟာ အချိန်တိုင်းမှာ တွန်းကန်စနစ် ပေးနိုင်သောကြောင့် ယာဉ်၏ လမ်းကြောင်းကိုလည်း ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။

ဇူလိုင်လအတွင်းက Ad Astra ၏ အောင်မြင်မှုကြောင့် ကုမ္ပဏီဟာ ၎င်းတို့၏ နောက်ထက် အစီအစဉ်များကို ကြေငြာခဲ့ပါတယ်။

“ထုတ်လုပ်မှု အဆင့်တွင် ရှိပြီးသား အင်ဂျင် မွမ်းမံမှုအသစ်နှင့် အတူ ၂၀၂၁ ခုနှစ် ဒုတိယ နှစ်ဝက်တွင် ၁၀၀ ကီလိုဝပ် စွမ်းအင်မှာ အပူ တည်ငြိမ်မှုကို သရုပ်ပြဖို့ ကျွန်တော်တို့ လုပ်ဆောင်မှာ ဖြစ်တယ်” လို့ Díaz က ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါတယ်။

DARPA ကဲ့သို့ အခြား ကုမ္ပဏီများကလည်း နျူကလီးယား စွမ်းအင်သုံး ဒုံးပျံများကို ဖန်တီးနေကြပြီး ပင်တဂွန် အေဂျင်စီမှ ၂၀၂၅ ခုနှစ်အတွင်းတွင် နျူကလီးယား အပူစွမ်းအင်တွန်းကန်စနစ်ကို ကမ္ဘာ့ပတ်လမ်းအတွင်းတွင် သရုပ်ပြလိုကြောင်း ကြေငြာခဲ့ပါတယ်။

အာကာသပျံသန်းမှုများကို နျူကလီးယားစွမ်းအင်ဖြင့် လုပ်ဆောင်နိုင်ပါက ကျွန်တော်တို့ စကြဝဠာအတွင်း မရှာဖွေရသေးသည့် နေရာများကို လူသားများအား သွားလာနိုင်စေမည့် စွမ်းရည်ကို များစွာ မြှင့်တင်ပေးနိုင်သည့် အရွေ့တခု ဖြစ်မှာ အသေအချာပဲ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.