ကောလဟာလ သတင်း တွေကို တုံ့ပြန်ဖို့ အကောင်းဆုံး နည်းလမ်းက ဘာဖြစ်မလဲ ဆိုတော့ အမှန်တရားနဲ့ ပြသလိုက်ခြင်းပဲ ဖြစ်ပါတယ်။
ဒါဟာ အမေရိကန် လေတပ်၏ လက်နက်ဆိုင်ရာ ကျွမ်းကျင်မှု စင်တာ (PACE) မှ ပြသခဲ့သည့် ရုပ်သံ အသစ် နောက်ကွယ်မှ စိတ်ကူး ဖြစ်ပုံရပါတယ်။
အဆိုပါ ပြသခဲ့သည့် ရုပ်သံတွင် ဆယ်စုနှစ်ပေါင်း များစွာ အတွင်း အမေရိကန်၏ ထောက်လှမ်းရေး အချက်အလက်များ စုဆောင်းခြင်း၊ စောင့်ကြည့်ခြင်း နှင့် ကင်းထောက်ခြင်း (ISR) တိုးတက်မှု ပုံစံများ ပါဝင်ပါတယ်။
အမေရိကန်ဟာ ရန်သူ့ နယ်မြေထဲကို ကင်းထောက်ဖို့ရာ မိုးပျံပူဖောင်းများ ဝေဟင်သို့ လွှတ်တင်ရသည့် ခေတ်မှ အများကြီး တိုးတက် လာခဲ့ပြီးပြီ ဆိုပြီး ဖော်ညွှန်း ထားပါတယ်။

ဒါအပြင် ၎င်းတို့၏ ရန်သူများနှင့် ကမ္ဘာတခု ဝေးကွာခဲ့ပြီး ဖြစ်ကာ စစ်တပ်ဟာ “မရှာဖွေနိုင်သည့် အရာများကို ရှာဖွေရန်” စွမ်းရည် ရှိနေဆဲ ဖြစ်တယ် လို့ ဆိုပါတယ်။
ရုပ်သံတင်ဆက်သူဟာ စစ်ဘက်ဆိုင်ရာ အရောင်းမြှင့်တင်ရေး သကဲ့သို့ ပြောဆိုခဲ့ပေမယ့် အဆုံးသတ်နားမှာတော့ ပြောင်းလဲမှု တခုကို တွေ့ ရှိရပါတယ်။
တင်ဆက်သူဟာ White Bat လို့ အမည်ပေးထားတဲ့ RQ-180 ဒရုန်း အကြောင်းကို ပြောဆိုခဲ့ပြီး အဲဒီ့လို ဒရုန်းမျိုး စက်တင်ဘာလ အတွင်း ဖိလစ်ပိုင် အနီးမှာ တွေ့ရှိခဲ့ရလို့ လူအများ စိတ်ဝင်စားခဲ့ကြပါတယ်။
အဲဒီ့တုန်းက သတင်းများတွင် ရေဒါပျောက်စွမ်းဆောင်ရည် ရှိနိုင်ပြီး အမြင့်ပျံသန်းနိုင်ကာ ခရီးဝေး စစ်ဆင်ရေးများ ပြုလုပ်နိုင်သည့် high-altitude and long-endurance (HALE) ထောက်လှမ်းရေး ဒရုန်း တစင်း ဖြစ်နိုင်ကြောင်း ဖော်ပြခဲ့ကြပါတယ်။

Aviation Week ၏ အဆိုအရ RQ-180 ကို အမျိုးအစား ခွဲခြားထားသည့် ရံပုံငွေကို အသုံးပြုကာ တီထွင် ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး ပြိုင်ဆိုင်မှု ပြင်းထန်ပြီး ခုခံကာကွယ်ထားသည့် လေပိုင်နက်တွင် အမေရိကန် စစ်ဘက်က ကာလ အတော်ကြာ အသုံးပြုခဲ့တယ်လို့ သိရပါတယ်။
၂၄ နာရီ မရပ်မနား တာဝန် ထမ်းဆောင်နိုင်ပြီး တောင်ပံအကျယ် ပေ ၁၃၀ (မီတာ ၄၀) လောက်ရှိသည့် ဒီလေယာဉ်မျိုး ၇ စင်းလောက် တာ ဝန် ထမ်းဆောင်နေလိမ့်မယ်လို့ ခန့်မှန်းရပြီး ဒါ့ကြောင့် အမေရိကန် လေတပ်ဟာ ISR နည်းပညာ ဖွံ့ဖြိုးမှုအကြောင်းကို ပြောဆိုခဲ့တာ ဖြစ်ကြောင်း Aviation Week မှ ဆိုပါတယ်။
White Bat ဒရုန်းကို မြင်တွေ့ရသည့် အရေအတွက် တိုးမြင့်လာတဲ့ အတွက် အမေရိကန် လေတပ်ဟာ အဆိုပါ ဒရုန်းများ နှင့် ပတ်သက်သည့် အချက်အလက် အသေးစိတ်များကို ထုတ်ဖော်ပြသရန် အချိန်ကောင်းလို့ ယူဆနိုင်ပါတယ်။
SR-72 မောင်းသူမဲ့လေယာဉ် (UAV) ကဲ့သို့ ကြီးမားသည့် မောင်းသူမဲ့လေယာဉ် အသစ်၏ ပုံစံကိုလည်း ရုပ်သံတွင် မြင်တွေ့ခဲ့ရပါတယ်။

Son of Blackbird လို့ ခေါ်ဆိုကြတဲ့ Lockheed Martin မှ ထုတ်လုပ်မယ့် ဟိုက်ပါဆိုးနစ် မောင်းသူမဲ့လေယာဉ် Hypersonic UAV ဟာ အသံထက် ၆ ဆ လောက် မြန်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
ISR ရည်ရွယ်ချက်များဖြင့် ထုတ်လုပ်လာမယ့် မောင်းသူမဲ့လေယာဉ်သစ်ဟာ ၂၀၂၅ ခုနှစ် မှာ စတင် ပျံသန်းနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။
လက်ရှိမှာတော့ SR-72 ဟိုက်ပါဆိုးနစ် လေယာဉ် စီမံကိန်းနှင့် ပတ်သက်ပြီး အချက်အလက် အနည်းငယ်မျှသာ ရရှိနေသေးတာ ဖြစ်ပါတယ်။
ယခင်က SR-72 အကြောင်းနှင့် ပတ်သက်ပြီး “SR-72 Hypersonic လေယာဉ်အကြောင်း သိရသမျှ” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

ကျွန်တော်တို့အနေဖြင့် မကြာမီမှာ အမေရိကန်ရဲ့ ဒရုန်းအသစ်အကြောင်းကို အသေးစိတ် သိရမလားဆိုတာ မသိရသေးပေမယ့် လက်ရှိ အမည်မတပ်ထားဘဲ စစ်ဆင်ရေးများ ဆောင်ရွက်နေတဲ့ ဒရုန်းတွေကတော့ သေချာပေါက် ရှိနေပါတယ်။
ဒီရုပ်သံကို Youtube ရှိ PACE Profession of Arms Center of Excellence Channel မှ Heritage Today – ISR and Innovation ခေါင်းစဉ်နှင့် ၂၀၂၁ နိုင်ဝင်ဘာလ ၈ ရက်နေ့က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။