ရုရှား၏ ဖိတ်ခေါ်ခြင်း ခံလိုက်ရတဲ့ သူဌေးကြီး ၃ ဦး

News Tech

ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးများဖြစ်တဲ့ Elon Musk၊ Jeff Bezos နှင့် Richard Branson တို့ဟာ အာကာသ ခရီးသွား လုပ်ငန်းကို အပြိုင်အဆိုင် လုပ်နေကြတာပါ။

အခုတော့ ထူးထူးခြားခြား ရုရှား အာကာသ အေဂျင်စီ အကြီးအကဲမှ ၎င်းတို့ ၃ ဦးကို ရုရှား၏ Soyuz MS-19 ဒုံးပျံ လွှတ်တင်မှုကို ကြည့်ရှုရန် ဩဂုတ်လ ၂၅ ရက်နေ့က ဖိတ်ခေါ်ခဲ့ပါတယ်။

အဆိုပါဒုံးပျံပေါ်တွင် နိုင်ငံတကာ အာကာသ စခန်းပေါ်တွင် ဇာတ်လမ်းရိုက်ကူးရန် ဒါရိုက်တာ တယောက်နှင့် သရုပ်ဆောင်တယောက်ကို တင်ဆောင်သွားမှာ ဖြစ်ပါတယ်။

ရုရှား မီဒီယာ ချန်နယ် တခုဖြစ်သည့် Channel One တွင် Roscosmos ၏ အကြီးအကဲ Dmitry Rogozin မှ နာမည်ကြီး အာကာသ ခရီးသွားလုပ်ငန်း လုပ်ကိုင်နေတဲ့ ဒီသူဌေးကြီး ၃ ယောက်ကို Baikonur Cosmodrome သို့ အောက်တိုဘာလတွင် လည်ပတ်စေလိုကြောင်း ပြောကြားခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ သူ၏ ဖိတ်ကြားမှုကို တွစ်တာပေါ်တွင် Elon Musk ကို ဦးတည်ပြီး အတည်ပြုခဲ့ပါတယ်။

“အောက်တိုဘာလ ၅ ရက်နေ့မှာ နိုင်ငံတကာ အာကာသစခန်းသို့ လေ့လာရေး ခရီးသစ်တခု ထွက်ခွာမှာ ဖြစ်ပါတယ်”

“ဒီခရီးစဉ်တွင် ထိပ်တန်း ရုပ်မြင်သံကြားလိုင်းရဲ့ ရုပ်ရှင် အဖွဲ့တဖွဲ့ကို အာကာသယာဉ်နှင့် အတူ စေလွှတ်ဖို့ စီစဉ်နေပါတယ်။”

“အောက်တိုဘာလ ၅ ရက်နေ့ ကမ္ဘာ့ အာကာသယာဉ်ပျံတွေ လွှတ်တင်တဲ့ Baikonur cosmodrome မှာ မင်းနဲ့တွေ့ဖို့ ဝမ်းမြောက်စွာ ရှိနေမှာပါ” လို့ Dmitry Rogozin က ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဒါရိုက်တာ Klim Shipenko (ဘယ်) မင်းသမီး Yulia Peresild (ညာ)

Soyuz MS-19 ဒုံးပျံဟာ ရုရှား ဒါရိုက်တာ Klim Shipenko နှင့် မင်းသမီး Yulia Peresild တို့ကို နိုင်ငံတကာ အာကာသစခန်းသို့ Vyzov (ရုရှားလို ” စိန်ခေါ်မှု”) လို့ အမည်ပေးထားတဲ့ ရုပ်ရှင်ရိုက်ဖို့ စေလွှတ်မှာ ဖြစ်ပါတယ်။

၎င်းတို့ နှစ်ဦးဟာ အာကာသထဲတွင် ပထမဆုံး ရိုက်ကူးသည့် ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်လာရန် အချိန် တပတ်ခန့် ရိုက်ကူးဖို့ စီစဉ်ထားပါတယ်။

ရိုက်ကူးပြီးစီးပါက ၎င်းတို့ဟာ Soyuz MS-18 အာကာသယာဉ်ဖြင့် အာကာသယာဉ်မှူး Oleg Novitsky နှင့်အတူ ပြန်လာကြမှာ ဖြစ်ပါတယ်။

Elon Musk ဟာ SpaceX ကုမ္ပဏီကို တည်ထောင်ခဲ့သူ ဖြစ်ပြီး ပြီးခဲ့သည့်နှစ်တွင် နိုင်ငံတကာ အာကာသစခန်းသို့ အာကာသယာဉ်မှူးများ စေလွှတ်ပေးနိုင်တဲ့ ပထမဆုံး ပုဂ္ဂလိက ကုမ္ပဏီ ဖြစ်လာခဲ့ပါတယ်။

ကုမ္ပဏီဟာ NASA နှင့်လည်း အဓိက ပါတနာ ဖြစ်လာပြီး အမေရိကန် အာကာသ အေဂျင်စီနှင့် အလုပ်လုပ်ရန် စာချုပ်ပေါင်းများစွာ ချုပ်ဆိုနိုင်ခဲ့ပါတယ်။

Musk လိုပဲ Jeff Bezos နှင့် Richard Branson တို့ဟာလည်း အာကာသ စူးစမ်းရှာဖွေလေ့လာရေး လုပ်ငန်းများအတွင် ၎င်းတို့၏ ကံကြမ္မာကို မြှပ်နှံဖို့ ဆုံးဖြတ်ထားတဲ့ စွန့်ဦးတီထွင်သူများ ဖြစ်ကြပါတယ်။

၂၀၂၁ ဇူလိုင်လအတွင်းမှာ Branson ဟာ သူ၏ ကိုယ်ပိုင်ကုမ္ပဏီမှ ထုတ်လုပ်ခဲ့သည့် Virgin Galactic Unitty 22 အာကာသယာဉ်ဖြင့် အာ ကာသအစွန်းသို့ လိုက်ပါခရီးထွက်ခဲ့ပါသေးတယ်။

၎င်း၏ ခရီးစဉ်အကြောင်းကို “အာကာသအတွင်း အောင်မြင်စွာရောက်ရှိခဲ့တဲ့ အသက် ၇၀ရှိ သူဌေးကြီး ရစ်ချက် ဘရန်ဆန်” တွင် ရေးသားခဲ့ပြီး ဖြစ်ပါတယ်။

ရက်အနည်းငယ်ကြာပြီးနောက်မှာတော့ Jeff Bezos ဟာ ၎င်း၏ ညီဖြစ်သူ Mark Bezos နှင့်အတူ Blue Mark မှ တည်ဆောက်ထားသည့် New Shepard 16 ဒုံးပျံဖြင့် အာကာသထဲသို့ ရောက်ရှိခဲ့ပါတယ်။

Jeff Bezos အကြောင်းနှင့် ပတ်သက်ပြီး “ဂျက်ဖ်ဘီဇို့စ်(သို့)ဆင်ခြေဖုံးကားဂိုဒေါင်မှအာကာသအထိ ခရီးနှင်ခဲ့သူ” ဖြင့် Knowledgeworms တွင် ဖော်ပြခဲ့ပါသေးတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *