ရုးရှား၏ နောက်လာမယ့် မောင်းသူမဲ့ တိုက်ခိုက်ရေး လေယာဉ်ဟာ ၎င်း၏ ရှေ့ပြေးပုံစံ အဆင့်ကို ရောက်ရှိလာပြီ ဖြစ်ပြီး ရုရှား ကာကွယ်ရေး ဝန်ကြီးဌာန ရုပ်မြင်သံကြား သတင်း TV Zvezda တွင် ပထမဆုံး အနေဖြင့် ပွဲထုတ်လာခဲ့ပါတယ်။
အဲဒီ့ ရုပ်သံအစီအစဉ်တွင် မောင်းသူမဲ့ တိုက်ခိုက်ရေး လေယာဉ်သစ် Sukhoi S-70 Okhotnik ၏ လူများလက်လှမ်းမှီနိုင်သည့် အချက်အလက်များကို ဖော်ပြခဲ့ပါတယ်။
ဒီ ဒရုန်းကို Hunter လို့ခေါ်ပြီး အရွယ်အစားဟာ အတော်လေး ကြီးပါတယ်။
တကယ့်ကို ကြီးမားလှတဲ့ ဒရုန်း တစင်းဖြစ်
ရုပ်သံတွင် ပျံသန်းရေး ထိန်းချုပ်မှုပုံစံ နှင့် အတွင်းပိုင်း လက်နက် သိုလှောင်စနစ်များ အပါအဝင် ဒရုန်းအသစ်နှင့် သက်ဆိုင်သည့် ရှေ့ဆက်မယ့် အမြင်သစ်တွေကို ပြသခဲ့ပါတယ်။
ဒါ့အပြင် ဒီဇိုင်းနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များနှင့် ထုတ်လုပ်ရေး လုပ်ငန်းစဉ်များကို ဖော်ပြခဲ့ပါသေးတယ်။
ဒီ မောင်းသူမဲ့လေယာဉ်ကို သုံးသပ်သည့် ရုပ်သံဟာ စစ်ဘက်မှ လက်ခံရရှိသည့် သုံးသပ်မှု “အခန်း ၁” အဖြစ် ဖော်ပြတာဖြစ်ပြီး အချက်အ လက်များ ပိုမို ရရှိနိုင်မယ့် နောက်ဆက်တွဲ အခန်းများလည်း ဖော်ပြဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။
ရုရှား စစ်တပ်ဟာ Sukhoi S-70 ကို ၂၀၁၉ ခုနှစ်မှာ ပထမဆုံး ပျံသန်းမှုနှင့်အတူ ထုတ်ဖော်ပြသခဲ့ပြီး တရားဝင်မဟုတ်သည့် ဓာတ်ပုံများဟာ လူမှုကွန်ယက်မှတဆင့် ပျံ့နှံ့နေပြီး ဖြစ်ပါတယ်။

အဲဒီ့ကနေပြီး ကျွန်တော်တို့ဟာ S-70 ရဲ့ ပုံအချို့အပြင် ဘယ်နေ့မှ စတင် ရရှိနိုင်မယ်ဆိုတာကိုပါ သိရှိထားပြီး ဖြစ်ပါတယ်။
၂၀၂၀ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့တွင် သမ္မတ ဗလာဒီမာ ပူတင် နှင့်United Aircraft Corp (UAC) ၏ အမှုဆောင် အရာရှိချုပ်တို့ တွေ့ဆုံ ဆွေးနွေးပြီးနောက် ကာကွယ်ရေး ဝန်ကြီးဌာနသို့ အဆိုပါ ဒရုန်းကို ၂၀၂၄ ခုနှစ်တွင် စတင် ပေးပို့နိုင်မယ် လို့ ကြေငြာခဲ့ပါတယ်။
ယခု ဒီ post ကို ရေးသားနေချိန်မှာတော့ မောင်းသူမဲ့ တိုက်ခိုက်ရေးလေယာဉ် အသစ်များထဲမှ ၁ စင်းသာ ပြီးစီး သေးတာ ဖြစ်ပေမယ့် အနည်းဆုံး ၃ စင်းလောက်တော့ ထုတ်လုပ်ရေးထဲမှာ ရှိနေနိုင်ပါတယ်။
Hunter လို့ခေါ်တဲ့ ဒီ ဒရုန်းကို ရုပ်သံအစီအစဉ်တွင် ရုရှား အရာရှိများက သုတေသန စမ်းသပ် လေယာဉ်အဖြစ် ဖော်ပြခဲ့ပြီး စစ်ဘက်ဆိုင် ရာ အခေါ်အဝေါ်အရ ဒါဟာ ရှေ့ပြေးပုံစံ လို့ သတ်မှတ်နိုင်ပါတယ်။
အစောပိုင်းက ရုရှားပိုင် သတင်းမီဒီယာများတွင် ယခု တည်ဆောက် နေသည့် ဒုတိယ ဗားရှင်းကို ပထမ တစင်းနှင့်အတူ သုတေသန နှင့် ဖွံ့ ဖြိုး မှုများအတွက် စမ်းသပ်မှုအဖြစ် အသုံးပြုမယ်လို့ အရိပ်အမြွက် ပြောကြားခဲ့ဖူးပါတယ်။

ဒါ့ကြောင့် တတိယ နှင့် စတုတ္ထ အစင်းမြောက်များမှသာ နောက်ဆုံး ထုတ်လုပ်မည့် ပုံစံနှင့် နီးစပ်သည့် အရာကို ပြသနိုင်မယ်လို့ ရုပ်သံအရ သိရပါတယ်။
ပုံတွင် မြင်ရသည့်အတိုင်း ဒီ မောင်းသူမဲ့ တိုက်ခိုက်ရေး လေယာဉ်သစ် Sukhoi S-70 Okhotnik ဟာ မယုံနိုင်လောက်အောင် ကြီးမားပါတယ်။
TV Zvezda မှ သတင်းကြေငြာသူက Hunter ဟာ Su-57 Felon အဆင့်မြင့် တိုက်ခိုက်ရေး လေယာဉ်ထက် သေးငယ်တယ်လို့ ဆိုပေမယ့် ၎င်းက သရုပ်ပြဖို့ ဒရုန်းအပေါ် တက်ရောက် သွားသည့်အခါမှာတော့ Su-57 နှင့် အတောင်ပံများ ဆင်တူတာကို တွေ့ရပါတယ်။
Hunter မောင်းသူမဲ့ တိုက်ခိုက်ရေး လေယာဉ်ဟာ ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်များ တင်ဆောင်နိုင်မယ်လို့ သိရ
မောင်းသူမဲ့လေယာဉ် S-70 Hunter ရဲ့ ထုတ်လုပ်မှု ပုံစံဟာ လူလိုက်ပါ မောင်းနှင်နိုင်တဲ့ Su-57 Felon ကဲ့သို့ တိုက်လေယာဉ်များနှင့် ကွန်ယက်ချိတ်ဆက်ပြီး အချို့ တဝက် အလိုအလျှောက် စနစ်ဖြစ် လုပ်ဆောင်နိုင်သည့် “Loyal wingmen” ပုံစံ ဖြစ်နိုင်ပါတယ်။
ရုပ်သံတွင် ဒရုန်း အရှေ့မှ ကင်မရာ စနစ်နှင့် အင်တာနာ စနစ်များအပြင် လေဝင်ပေါက်နှင့် အိပ်ဇော ပေါက်များကိုလည်း ပြသခဲ့ပါတယ်။

The Drive အဆိုအရ ဝမ်းဗိုက်ရှိ လက်နက် သယ်ဆောင်နိုင်သည့် နေရာတွင် ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည် တမျိုးကို သယ်ဆောင်နိုင်ကြောင်း သိရပေမယ့် ရုပ်သံမှာ လက်နက်သယ်ဆောင်သည့် အတွင်းပိုင်းကို ရိုက်ပြခွင့် မပြုခဲ့ပါဘူး။
Hunter မောင်းသူမဲ့ တိုက်ခိုက်ရေး လေယာဉ်ဟာ ၎င်းနှင့် ပုံစံတူ အခြားနိုင်ငံများမှ ထုတ်လုပ်တဲ့ ဒရုန်းများနှင့် မည်သို့ ယှဉ်ပြိုင်နိုင်မလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။