ရုရှား လေတပ်၏ လေယာဉ်မှူးများဟာ ဆီးရီးယားနိုင်ငံအတွင်း စစ်ဆင်ရေးများဆောင်ရွက်နေစဉ် အမေရိကန်လုပ် အရပ်ဖက်သုံး GPS ဖမ်းစက်ကို အသုံးပြုခဲ့တယ်လို့ Viktor Alksnis မှ ပြောပါတယ်။
Viktor Alksnis ဟာ အမျိုးသားရေး နိုင်ငံရေးသမား နှင့် ဆိုဗီယက်ခေတ် စစ်ပြန်တဦးလည်း ဖြစ်ပါတယ်။
၎င်းဟာ Su-34 ဗုံးကြဲတိုက်လေယာဉ် ရဲ့ လေယာဉ်မှူးခန်းအတွင်း ချိတ်ဆွဲထားတဲ့ GPS ဖမ်းစက်ကို ကိုးကားပြီး FB ပေါ်တွင် စစ်ဘက်ဆိုင်ရာ လေယာဉ်မှူးများ ၎င်းတို့၏ စစ်ဆင်ရေးအတွင်း အရပ်ဖက်သုံး GPS ဖမ်းစက်အသုံးပြုခဲ့တာကို ဝေဖန် ပြောဆိုခဲ့တာပါ။
ဒီ ပုံများအရ Su-34 မောင်းနှင်သည့် လေယာဉ်မှူးများဟာ ဆီးရီးယား မြောက်ပိုင်းရှိ လက်နက်ကိုင် တပ်ဖွဲ့များကို အကူအညီပေးသည့် စစ်ဆင်ရေးအတွင်း လေယာဉ်မှူးခန်းထဲတွင် GPS ကို ချိတ်ဆွဲထားခဲ့တာကို တွေ့မြင်ရမှာပါ။

ကျွမ်းကျင်သူများဟာ နောက်ပိုင်းမှာ ဒီ ဓာတ်ပုံထဲမှ GPS ဟာ အမေရိကန် ကုမ္ပဏီတခုဖြစ်တဲ့ Garmin မှ ထုတ်လုပ်ထားတဲ့ GPS ဖမ်းစက်တလုံးဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။
၎င်းတို့ အသုံးပြုခဲ့တဲ့ Garmin GPS ဖမ်းစက်ဟာ သူသိများတဲ့ အခြေခံ အဆင့် ဖမ်းစက် eTrex Legend မျိုးကွဲများထဲမှ တမျိုး ဖြစ်ပါတယ်။
ပုံထဲမှာ သိသာထင်ရှားစွာပဲ GPS ကို ၎င်းတို့၏ onboard လမ်းညွှန်စနစ် ဘေးတွင် တပ်ဆင်ထားပြီး အဆိုပါ စနစ်များဟာ တခါတလေ တလွဲတွေ ပြတတ်တယ်လို့ သိရပါတယ်။
အမေရိကန်ကုမ္ပဏီဖြစ်တဲ့ Garmin ကတော့ ၎င်းတို့၏ GPS ဖမ်းစက်ဟာ အာရုံခံနိုင်မှု မြင့်မားပြီး၊ WAAS လို့ခေါ်တဲ့ မြေပြင် စခန်းများနှင့် ချိတ်ထားသည့်အပြင် eTrex legend အမျိုးအစားများဟာ တည်နေရာကို အမိုးအကာထူထဲတဲ့ နေရာနှင့် ချောက်ကမ်းပါး အနက်ကြီးတွေမှာတောင် မြန်မြန်ဆန်ဆန်နဲ့ တိကျစွာ ပြသနိုင်တယ်လို့ ပြောပါတယ်။
Viktor Alksnis ကတော့ လေယာဉ်မှူးတွေ ဒီလို အမေရိကန် ပစ္စည်းကို အသုံးပြုတာကို အတော်မကျေမနပ် ဖြစ်နေပုံရပြီး စာအရှည်ကြီးနှင့် ဖေ့ဘုတ် ပေါ်မှာ ရင်ဖွင့်ထားပါတယ်။

ဒါ့အပြင် ဒီလို ခရီးသွား GPS လမ်းညွှန် စနစ်တွေကို လေယာဉ်မှူးတွေ လေယာဉ်ဦးခန်းထဲမှာ အသုံးပြုတာဟာ လေကြောင်း ညွှန်ကြားချက်နှင့် စည်းမျဉ်းများကို ချိုးဖောက်ရာကျတယ်လို့လည်း ပြောပါတယ်။
၎င်းက ရုရှား ကာကွယ်ရေး ဝန်ကြီး နှင့် ပူတင်တို့ ပြောတဲ့ ရုရှား စစ်လက်နက်ပစ္စည်းတွေ အရမ်းကောင်းတယ်ဆိုတာ ပြောတဲ့အတိုင်းရော ဟုတ်ပါရဲ့လား ဆိုပြီး မေးခွန်းထုတ်နေပါတယ်။
Knowledgeworms Copyright © 2021