ရုရှားတွင် မြင်နေရဆဲ ဒုတိယ ကမ္ဘာစစ်မှ T-34 တင့်ကားများ အကြောင်း

Military News

ရုရှားနိုင်ငံ Kantemirovskaya သံချပ်ကာ တင့်ကား တပ်မ လက်အောက်မှ ဒုတိယ ကမ္ဘာစစ်ခေတ်က အလယ်အလတ် အတန်းစား တင့် ကား ဖြစ်တဲ့ T-34 တင့်ကားကို မော်စကိုမြို့ ပြင်ပရှိ တင့်ကားလက်တွေ စမ်းသပ်မှုများတွင် တွေ့မြင်ခဲ့ရပါတယ်။

အဆိုပါ တပ်မှ တင့်ကား အဖွဲ့သားများဟာ မော်စကို ဒေသ တဝိုက်အတွင်းမှာ T-34-80 အမျိုးအစား တင့်ကားများဖြင့် တိုက်ရိုက်ပစ်ခတ်သည့် အမြောက်လေ့ကျင့်မှုများကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီ လေ့ကျင့်မှုဟာ ဒုတိယ ကမ္ဘာစစ် ကာလ မော်စကို တိုက်ပွဲအတွင်း ဆိုဗီယက် တို့မှ တန်ပြန် ထိုးစစ်ဆင်မှု စတင်ခြင်း နှစ် ၈၀ ပြည့် နှစ် ပတ်လည် အတွက် အကြို လေ့ကျင့်ခဲ့တာ ဖြစ်ပါတယ်။

တင့်ကား အဖွဲ့သားများဟာ လေ့ကျင့်မှုအတွင်းမှာ တင့်ကား၏ ၈၅ မီလီမီတာ ပင်မ အမြောက်ကို အသုံးပြုပြီး အကွာအဝေး ၆၀၀ မှ ၁၈၀၀ မီတာ အကွာအဝေးအထိ ပစ်ခတ် လေ့ကျင့်ခဲ့တယ်လို့ သိရပါတယ်။

Photo: Courtesy of Alexey Ivanov

စစ်ရေး လေ့ကျင့်မှု အတွင်းမှာ စုစုပေါင်း တပ်ဖွဲ့ဝင် ၁၅၀ ကျော်နှင့် စစ်ဘက်ဆိုင်ရာ ပစ္စည်းပေါင်း ၃၀ ကျော်တို့ကို အသုံးပြု ခဲ့ပါတယ်။

ဒီ ဆိုဗီယက်လုပ် တင့်ကားဟာ ဒုတိယကမ္ဘာစစ်အတွင်း အများဆုံး ထုတ်လုပ်ခဲ့တဲ့ တင့်ကား ဖြစ်သည့်အပြင် ထွက်ရှိသမျှ တင့်ကားများတွင် ဒုတိယအများဆုံး ထုတ်လုပ်ခဲ့တဲ့ တင့်ကားလည်း ဖြစ်ပါတယ်။

အစီးရေ ၈ သောင်း ၄ ထောင်ခန့် ထုတ်လုပ်ခဲ့ပြီး အာရှ နှင့် အာဖရိက ဒေသများမှာ ယခုအချိန်အထိ အသုံးပြုနေဆဲ ဖြစ်သဖြင့် ကြာရှည်အခံဆုံး တင့်ကားများထဲမှ တစီး အပါအဝင် ဖြစ်ပါတယ်။

ဒီတင့်ကားဟာ ပန်ဇာ ၄ တင့်ကားရဲ့ အမြောက်ဒဏ်ကို ခံနိုင်တဲ့ ၄၅ မီလီမီတာ အထူရှိတဲ့ သံချပ်ကာကြောင့် နာမည်ကြီးပါတယ်။

လျှင်မြန်စွာ စစ်ကစား လှုပ်ရှားနိုင်ပြီး ရင်ဆိုင်ဖို့ ခက်ခဲတာကြောင့် ဂျာမန် တင့်ကား တပ်မှူးတွေကို အတော်ခေါင်းခြောက် စေခဲ့တဲ့ တင့်ကား တစ်စီးပဲ ဖြစ်ပါတယ်။

Photo: Courtesy of Alexey Ivanov

ဒုတိယ ကမ္ဘာစစ် ကာလအတွင်းမှာ အလွန် ကျော်ကြားခဲ့တဲ့ T-34 များအပါအဝင် အကောင်းဆုံး တင့်ကား ၁၀ စီး အကြောင်းကို “ဒုတိယ ကမ္ဘာစစ်အတွင်း နာမည်ကျော် တင့်ကား ၁၀ စီး” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်လောက်က ရုရှားနိုင်ငံဟာ T-34-85 အမျိုးအစား တင့်ကား အစင်းရေ ၃၀ ကို လာအိုနိုင်ငံမှ ပြန်လည် ယူဆောင်နိုင်ခဲ့ပြီး ပြုပြင် ထိန်းသိမ်းမှု များ ပြုလုပ်နိုင်ခဲ့ပါတယ်။

အဆိုပါ လာအိုနိုင်ငံမှ တင့်ကားများဟာ ၁၉၈၇ ခုနှစ် တုန်းက ဗီယက်နမ်နိုင်ငံမှ ဝယ်ယူခဲ့တာ ဖြစ်ပြီး အမေရိကန်-ဗီယက်နမ် စစ်ပွဲအတွင်း အသုံးပြုခဲ့တဲ့ တင့်ကားတွေ ဖြစ်တယ် လို့ သိရပါတယ်။

ချက်ကိုစလိုဗက်ကီးယားတွင် ၁၉၅၅ ခုနှစ်လောက်မှာ ထုတ်လုပ်ခဲ့တဲ့ အဆိုပါ တင့်ကားများကို ရုရှားနိုင်ငံ၏ နှစ်ပတ်လည်ပွဲများ၊ စစ်ရေးပြပွဲများ၊ ပြတိုက် ပွဲများ နှင့် ဒုတိယ ကမ္ဘာစစ်အကြောင်း ရိုက်ကူးသည့် ရုပ်ရှင်များတွင် အသုံးပြုသွားမှာ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *