အမေရိကန်ဟာ အဆင့်မြင့် နည်းပညာသုံး တာလတ်ပစ် ရော့ကတ် စနစ် အချို့ကို ယူကရိန်းကို ပေးပို့သွားမယ်လို့ သိရပါတယ်။
ဒီရော့ကတ် စနစ်တွေဟာ ယူကရိန်းနိုင်ငံ အတွက် လုံခြုံရေးဆိုင်ရာ အကူအညီများကို ပေးအပ်မည့် ဒေါ်လာ သန်း ၇၀၀ ခန့် ရှိတဲ့ အကူအညီ၏ တစိတ်တပိုင်း ဖြစ်ပြီး ရဟတ်ယာဉ်များ၊ Javelin တင့်ဖျက်များ၊ နည်းဗျူဟာ ယာဉ်များ နှင့် အပိုပစ္စည်းများလည်း ပါဝင်မယ်လို့ သိရပါတယ်။
ယခုလို အဆင့်မြင့် ရောကတ်စနစ်တွေ ထောက်ပံ့ပေးတာဟာ ယူကရိန်း နိုင်ငံအတွင်းရှိ ရုရှား၏ အမြောက်များကို တားဆီးနိုင်ဖို့ အတွက်သာ ဖြစ်ပြီး ရုရှားနိုင်ငံ အတွင်းထဲအထိ ရောက်နိုင်ပြီး စစ်ကို အရှိန်မြင့်တက်စေတဲ့ အရာတွေ မဟုတ်ဘူးလို့ ဆိုပါတယ်။
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်ဟာ ယူကရိန်းသို့ “ရုရှားနိုင်ငံထဲအထိ တိုက်ခိုက်နိုင်တဲ့ ရော့ကတ်တွေ ပေးသွားမှာ မဟုတ်ဘူး” လို့လည်း အတည်ပြု ပြောကြားထားပါတယ်။

ခရင်မလင်၏ ပြောရေးဆိုခွင့် ရှိသူ Dmitry Peskov ကတော့ အမေရိကန်အနေဖြင့် “မီးကို တမင်တကာ လောင်စာနဲ့ ကြိုး စား လောင်းချနေတယ်” လို့ ပြောပါတယ်။
၎င်းမှ ခရင်မလင်အနေဖြင့် ယူကရိန်းဟာ အမေရိကန်မှ ထောက်ပံ့ပေးသည့် MLRS ဒုံးပစ် စနစ်များကို အသုံးပြုပြီး ရုရှားနိုင်ငံထဲကို မတိုက်ခိုက်ဘူးဆိုတာ ယုံကြည်လို့ မရဘူးလို့လည်း ပြောပါတယ်။
အမေရိကန်မှ ယူကရိန်းသို့ တာလတ်ပစ် အမျိုးအစား စနစ် ၂ ခုကို ပေးပို့မှာ ဖြစ်ပြီး ၎င်းတို့တွင် MLRS ဒုံးပစ်စနစ်များနှင့် လျှင်မြန်စွာ ရွှေ့ပြောင်းနိုင်တဲ့ ရွေ့လျား ဒုံးပစ်စနစ် HIMARS တွေပါဝင်တယ်လို့ Washington Post မှာ မေလ ၂၈ ရက်နေ့က ဖော်ပြခဲ့ပါတယ်။
နျူကလီးယား တပ်ဖွဲ့အား လေ့ကျင့်နေ
ဒီလို သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ ရုရှား၏ နျူကလီးယား တပ်ဖွဲ့ဟာ ၎င်း၏ ဒုံးကျည်တပ်များကို ပြင်းထန်သည့် လှုပ် ရှားမှုများ ပြုလုပ်ဖို့ လေ့ကျင့်နေတယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနကို ကိုးကားပြီး Interfax သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
အမေရိကန်က ယူကရိန်းအား ပိုမို အဆင့်မြင့်သည့် ရော့ကတ်စနစ်များ ပံ့ပိုးပေးမည်ဟု သမ္မတ ဂျိုးဘိုင်ဒင်က အင်္ဂါနေ့တွင် ပြောကြားပြီးနောက် Ivanovo ပြည်နယ်တွင် စစ်ရေး လေ့ကျင့်မှုတွေ လုပ်ဆောင်နေတဲ့ သတင်း ထွက်ပေါ်လာတာပါ။

လေ့ကျင့်မှုတွင် စစ်သည် အင်အား ၁ ထောင်ခန့်နှင့် ကိရိယာပေါင်း ၁၀၀ ကျော်ပါဝင်တယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာန၏ အစီရင်ခံစာကို ကိုးကားပြီး Interfax က ဖော်ပြခဲ့ပါတယ်။
လှုပ်ရှားလေ့ကျင့်မှုတွင် ရုရှား၏ မဟာဗျူဟာမြောက် ဒုံးကျည်တပ်ဖွဲ့ဟာ ဒုံးစနစ်များကို ကွင်းပြင်တွင် နေရာချထားခြင်း၊ ၁၀၀ ကီလိုမီတာခန့် အကွာအဝေးကို ချီတက်ခြင်း၊ တိုက်ခိုက်ရေးဆိုင်ရာ လုံခြုံရေး လုပ်ငန်းစဉ်များနှင့် ပုံဖျက် အရောင်ဖျောက်သည့် လေ့ကျင့်မှုများကို ပြုလုပ်ခဲ့တယ်လို့ Interfax သတင်းအရ သိရပါတယ်။
မဟာဗျူဟာမြောက် ဒုံးကျည်တပ်ဖွဲ့မှ အသုံးပြုခဲ့သည့် အရာများတွင် ရုရှား၏ နျူကလီးယား အဟန့်အတား တပ်မ မှ “Yars” တိုက်ချင်းပစ် ဒုံးပျံ စနစ်များ ပါဝင်ခဲ့ပါတယ်။
အဆိုပါ တိုက်ချင်းပစ် ဒုံးပျံဟာ အကွာအဝေး ၆,၅၀၀ မိုင်လောက် အထိ ရောက်ရှိ နိုင်တဲ့အတွက် အမေရိကန် နိုင်ငံ အထိ လက် လှမ်း မှီပါတယ်။
ဒါ့အပြင် ဒုံးပျံမှာ နျူကလီးယား ထိပ်ဖူးပေါင်း များစွာ ပါဝင်တဲ့အတွက် ဒီလို မဟာဗျူဟာမြောက် လက်နက်မျိုးကို လေ့ ကျင့်ပြတာဟာ လုပ်နေကျ ခြိမ်းခြောက်မှု တခုလို့ သတ်မှတ်လို့ ရပါတယ်။

အင်္ဂါနေ့က အမေရိကန် သမ္မတ ဘိုင်ဒင်၏ ကြေညာချက် အပြီး ရုရှား ရုပ်သံတင်ဆက်သူ Olga Skabeeva က ယူကရိန်းတို့ တောင်းဆိုနေသည့် အဆင့်မြင့် တာဝေးပစ် ဒုံးပျံစနစ်များကို ပံ့ပိုးပေးမည်ဆိုပါက အမေရိကန်ဟာ အနီရောင်မျဉ်းကို ဖြတ်ကျော်သွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ CNN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
သူမက ယခုလို အမေရိကန်၏ လုပ်ရပ်ဟာ ရုရှားထံမှ အလွန်ပြင်းထန်သည့် တုန့်ပြန်မှုကို နှိုးဆွရန် ကြိုးပမ်းမှု အဖြစ် ယူဆမည် ဖြစ်ကြောင်း ပြောခဲ့ပါသေးတယ်။
ခရင်မလင်၏ ထိပ်တန်းအရာရှိ တချို့ဟာ ဒီလို ပဋိပက္ခတွေ စတင်ကတည်းက နျူကလီးယား စစ်ပွဲနှင့်ဆိုင်သည့် သတိပေး ချက်တွေကို အကြိမ်ကြိမ် ပြောနေခဲ့ပေမယ့် နောက်ပိုင်းမှာ ၎င်းတို့၏ မှတ်ချက်များကို ပြန်လည် ရုတ်သိမ်းသွားလေ့ ရှိပါတယ်။
နျူကလီးယား စစ်ပွဲဟာ ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေးကို ဦးတည်နိုင်ပြီး ဖြစ်လာဖို့ မလွယ်ကူတဲ့အတွက် ဒါဟာ ရုရှား၏ လုပ်ရိုးလုပ်စဉ် ခြိမ်းခြောက်မှု တခုအဖြစ်သာ မှတ်ယူနိုင်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။